သတင်း

စစ်ကောင်စီ၏အောင်ဇေယျစစ်ကြောင်း ၁ လကျော်ကြာသည်အထိ မြဝတီသို့မရောက်နိုင်သေး

ကရင်ပြည်နယ် ၊ မြဝတီမြို့ရှိ စစ်ကောင်စီတပ်ကို အားဖြည့်ရန် ချီတက်လာသော အောင်ဇေယျစစ်ကြောင်းသည် တစ်လကျော်ကြာသည်အထိ ရည်မှန်းထားသည့် မြဝတီမြို့သို့ မရောက်နိုင်သေးဘဲ လမ်းတွင်ပိတ်ဆို့တိုက်ခိုက်ခံနေရသည်။

ကရင်ပြည်နယ် ၊ မြဝတီမြို့ရှိ စစ်ကောင်စီတပ်ကို အားဖြည့်ရန် ချီတက်လာသော အောင်ဇေယျစစ်ကြောင်းသည် တစ်လကျော်ကြာသည်အထိ ရည်မှန်းထားသည့် မြဝတီမြို့သို့ မရောက်နိုင်သေးဘဲ ထိုစစ်ကြောင်းကိုရှေ့မတိုးနိုင်ရန် ဒေါနတောင်တန်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နှင့် ပူးပေါင်းတပ်များက ဟန့်တားတိုက်ခိုက်ထားသည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှ ထွက်လာသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းကို စစ်ကောင်စီ၏ ဒုခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်ကိုယ်တိုင် ကွပ်ကဲသည့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးဖြစ်သည်ဟု ပူးပေါင်းတပ်များဘက်က ယုံကြည်ကြသည်။

ကော့ကရိတ်နှင့် မြဝတီခရီးသည် အာရှလမ်းမအတိုင်း ကားဖြင့်သွားမည်ဆိုပါက ၁ နာရီသာကြာသည့်ခရီးဖြစ်သော်လည်း စစ်ကောင်စီတပ်သည် ၁ လကျော် အချိန်ယူ၍သွားနေရခြင်းဖြစ်သည်။

ဒေါနတောင်ရှိ စစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်တပ် KNLA တပ်မဟာ ၆ နှင့် တပ်မဟာ ၆ လက်အောက်ခံ ကော်ဘရာ ၊ ကျားဖြူစသည့် စစ်ကြောင်းများ ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ စစ်ကြောင်းများက ပြောက်ကျားပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

စစ်ကောင်စီစစ်ကြောင်းသည် ဧပြီလ ၁၃ ရက်တွင် အာရှလမ်းမ အတိုင်း ကော့ကရိတ်မြို့မှ တဆင့် ဒေါနတောင်ပေါ် တက်လာခဲ့သော်လည်း ၁ လကျော်အချိန်ကြာသည်အထိ တောင်တန်းကို မကျော်နိုင်သေးပေ။

ဒေါနတောင်သည် ကော့ကရိတ်နှင့် မြဝတီမြို့အကြားရှိ ပေ ၆၀၀၀ ကျော်မြင့်သော တောင်ဖြစ်ပြီး အာရှလမ်းမနှင့် ကော့ကရိတ်-မြဝတီလမ်း ဖြတ်သန်းရာ တောင်ဖြစ်သည်။

အင်အား ၅၀၀ ကျော်ပါသော စစ်ကောင်စီစစ်ကြောင်းသည် အာရှလမ်းသစ် တောနော်ရေတံခွန်အကျော်ရှိ အရပ်ခေါ် ဘုရားကုန်းဆိုသော နေရာအထိသာ ရောက်နေကြောင်း KNU သတင်းရင်းမြစ်တဦးနှင့် စစ်ကောင်စစ်ကြောင်းကို တိုက်နေသည့် မြေပြင်တပ်ဖွဲ့ဝင်များနှင့် နီးစပ်သော သတင်းရင်းမြစ်က Myanmar Now ကိုပြောသည်။

KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် စစ်ကောင်စီစစ်ကြောင်းကို နယ်မြေကျွမ်းကျင်မှု ၊ နေရာအသားစီးရယူထားနိုင်မှုတို့ဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်။

မြေပြင်တပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်က “ပူးပေါင်းစစ်ကြောင်းတွေအနေနဲ့ မြေအနေအထားအရ အသာရတာတွေ၊ ရာသီဥတုနဲ့ငှက်ဖျားဒဏ်တွေ။ နောက်ပြီးသူတိုရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာချည့်နဲ့ မှုတွေ ကြောင့်လဲ ကျနော်တို့ အခုချိန်ထိဟန့်တားထားနိုင်တာဖြစ်တယ်” ဟုဆိုသည်။

၁ လကျော်ကာလအတွင်း စစ်ကောင်စီ၏ စစ်ကြောင်းမှ ထိခိုက်ဒဏ်ရာသူနှင့် သေဆုံးသူ ၃၀ ကျော်ရှိပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်က ဒဏ်ရာရသူအချို့ရှိသည်ဟု မြေပြင်တပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်ကဆိုသည်။

Myanmar Now အနေနှင့် ၂ ဘက်ထိခိုက်သေဆုံးမှုများကို သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ 

ဇွန်လ ၂ ရက်ကလည်း အာရှလမ်းမတနေရာတွင် စစ်ကောင်စီစစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုင်သည့် MA စီးရီးဝင် ရိုင်ဖယ် ၅ လက်ကို တော်လှန်ရေးတပ်ဘက်က ရရှိခဲ့ကြောင်း မြေပြင်တပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှသိရသည်။

KNU သတင်းရင်းမြစ်ကလည်း စစ်ကောင်စီ၏ စစ်ကြောင်းမှ သေဆုံးသူ ဆယ်နှင့်ချီရှိပြီး လက်နက်နှင့်တကွ ထွက်ပြေးလာသူ ၂၀ ခန့် KNLA ထံရောက်နေကြောင်း Myanmar Now ကိုပြောသည်။

၎င်းက “သူတို့က အတက်ဖြစ်တာကိုး။ ပြီးတော့ ဒီဘက်က ကြိုစောင့်နေတာလေ။ လမ်းကြောင်းတွေကိုလည်း ကိုယ့်လူတွေက ကြိုသိပြီးသား။ ကျနော်တို့ဘက်ကလည်း သူတို့ထက် အင်အားများတာပေါ့။ လက်နက်ခဲယမ်းမှာ သူတို့လောက်အားမကောင်းပေမယ့် လူအင်အားမှာတော့ ဒီဘက်က ပိုများပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းမှ ထွက်ပြေးလာသူအချို့၏ ပြောကြားချက်အရ အောင်ဇေယျစစ်ကြောင်းသည် KNLA နှင့် တော်လှန်ရေးတပ်များ၏ မိုင်းခွဲခြင်း ၊ လက်ဖြောင့်စနိုက်ဘာဖြင့် ပစ်ခတ်ခြင်းများ အများအပြားကြုံရသည်ဟု ပြန်ပြောကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

အောင်ဇေယျစစ်ကြောင်းသည် သံချပ်ကာကား ၊ အမြှောက်များ ၊ အတွဲလိုက်ပစ်ဒုံးတင်ကားနှင့် တကွချီတက်လာခြင်း ဖြစ်ပြီး စုစုပေါင်း အင်အား ၅၀၀ ခန့်ရှိနိုင်သည်ဟု တော်လှန်ရေးတပ်များဘက်က ပြောသည်။

ထို့အပြင် စစ်ကောင်စီစစ်ကြောင်းနှင့်အတူ ဒရုန်းများလည်းပါလာပြီး စစ်ကောင်စီတပ်ဘက်က ဒရုန်းဖြင့် ကင်းထောက်ခြင်း ၊ ဗုံးသီးချခြင်း ၊ Y-12 လေယာဉ်ဖြင့် ဗုံးကြဲခြင်းများ ပြုလုပ်၍ ရှေ့ကို တိုးနေခြင်းဖြစ်ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ထံမှသိရသည်။

တော်လှန်ရေးပူးပေါင်းတပ်နှင့် နီးစပ်သည့် အခြားသတင်းရင်းမြစ်တဦးက ပူးပေါင်းတပ်များသည် အာရှလမ်းတွင် ခံစစ်နေရာအမြောက်အများ ပြင်ဆင်ထားပြီး ရသလောက် စစ်ကောင်စီတပ်ကို ပစ်ခတ်ပြီးနောက် နောက်ထပ်ခံစစ်တခုကို ဆုတ်ကာ စောင့်ကြိုတိုက်ခိုက်ခြင်းများ လုပ်နေခြင်းဖြစ်ကြောင်း Myanmar Now ကိုရှင်းပြသည်။

အောင်ဇေယျစစ်ကြောင်းနှင့် KNLA ဦးဆောင်သည့် ပူးပေါင်းတပ်တို့အကြားဖြစ်သည့် တိုက်ပွဲအခြေအနေကို ပိုမိုသိရှိနိုင်ရန် စစ်ကောင်စီ၏ ကရင်ပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ထံ Myanmar Now က ဖုန်းဆက်သော်လည်း ဖုန်းမကိုင်သဖြင့် အဆက်အသွယ်မရပေ။

KNLA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့် KNU ကမူ အောင်ဇေယျစစ်ကြောင်းကို ခုခံတိုက်ခိုက်နေသည့် တော်လှန်ရေးတပ်များကို ကူညီထောက်ပံ့ရန် အလှူခံသည့် ကမ်ပိန်းတောနော်ကို ဇွန်လ ၁ ရက်တွင် စတင်သည်။

ကမ်ပိန်းကာလ ၄၅ ရက်ကြာမည်ဖြစ်ပြီး ထိုင်းဘတ်ငွေ သန်း ၂၀ ရရန် ရည်မှန်းကြောင်း သိရသည်။

KNU နိုင်ငံခြားရေးဌာနအကြီးအကဲလည်းဖြစ် ၊ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ပဒိုစောတောနီးက အောင်ဇေယျစစ်ဆင်ရေးကို တိုက်ခိုက်နိုင်ရေး အားလုံးဝိုင်းဝန်းကူညီကြရန်တိုက်တွန်းကြောင်း ကမ်ပိန်းတောနော်ဖွင့်ပွဲတွင် ကရင်ဘာသာဖြင့်ပြောသွားသည်။

၎င်းက မြဝတီမြို့တိုက်ပွဲနှင့် ပတ်သက်၍ အဟန့်အတားများကြုံခဲ့ရပြီး ပြည်သူလူထုကို တောင်းပန်ကြောင်းဆိုသည်။ ထို့အပြင် လက်လွှတ်ခဲ့ရသည်များကို အရပြန်ယူရန်ရှိသည်ဟု ပဒိုစောတောနီးက ပြောသည်။

လက်ရှိတွင် မြဝတီမြို့သည် စစ်ကောင်စီတပ်၏ လက်ထဲမှာရှိနေပြီး မြို့၏ လုံခြုံရေးကို စစ်ကောင်စီနှင့် ပြန်လည်ပူးတွဲလှုပ်ရှားသည့် ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) က တာဝန်ယူထားသည်။

မြဝတီမြို့၏ အနောက်ဘက်ကပ်ရပ် အာရှလမ်းဖြတ်သန်းရာ သင်္ဃန်းညီနောင်ရွာကိုမူ KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်က ဆက်လက်ထိန်းချုပ်ထားသည်။

ဒေါနတောင်ပေါ်ရှိ အာရှလမ်းမတွင် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲဖြစ်နေသော်လည်း အာရှလမ်း၏ မြောက်ဘက်ရှိ ကော့ကရိတ်-မြဝတီလမ်းတွင်မူ တိုက်ပွဲများမရှိပေ။

အဆိုပါလမ်းမှ တဆင့် ကုန်တင်သော ၆ ဘီးကားများအား တော်လှန်ရေးတပ်များဘက်က အခွန်ကောက်ကာ သွားခွင့်ပေးနေကြောင်း KNU သတင်းရင်းမြစ်နှင့် မြဝတီမြို့ဒေသခံ အချို့ကဆိုသည်။

ကုန်အပြည့်ပါသည့် ကုန်ကား ၁ စီးကို ကျပ်ငွေ ၈ သိန်းကောက်ပြီး ကုန်အနည်းငယ်သာပါသည့် ကားကို ကျပ် ၆ သိန်းကောက်ကြောင်း မြဝတီမြို့ဒေသခံ တဦးကဆိုသည်။

KNU သတင်းရင်းမြစ်ကမူ “မြဝတီက ဆင်းတဲ့ကုန်ကားတွေတော့ ပစ္စည်းတင်သွားလို့ရတယ်။ ဘားအံကလာမယ့် ကားတွေက ကားလွတ်ပဲလာချင်လာ။ လူရော ၊ ပစ္စည်းရောတင်မလာနဲ့ပေါ့။ စစ်တပ်ကလူတွေပါမှာစိုးလို့ အဲဒီလိုလုပ်ထားတယ်။ အဲဒီလိုလုပ်လိုက်တာက တပတ်လောက်ပဲရှိသေးတယ်” ဟုဆိုသည်။

စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းသည် ဒေါနတောင်ကို ကျော်နိုင်ခဲ့လျှင်တောင်မှ သင်္ဃန်းညီနောင်ရှိ KNLA နှင့် ပူးပေါင်းတပ်များအား ထိုးဖောက်တိုက်ခိုက်ရဦးမည်ဖြစ်ရာ မြဝတီမြို့ကို မည်သည့်ကာလတွင် ရောက်မည်ဆိုသည်မှာ တွက်ဆရန်ခက်ခဲသည့် အခြေအနေဖြစ်သည်။

KNU သတင်းရင်းမြစ်ကလည်း စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးနှင့်ပတ်သက်၍ “ဖြည်းဖြည်းနဲ့နှေးနှေးတိုးနေတာပေါ့။ မိုးလည်းရွာနေတယ်။ ထွက်ပြေးတာတွေလည်းရှိတော့ ရည်မှန်းချက်က ရောက်ဖို့တော်တော်ကြာနိုင်ပါတယ်” ဟု မှတ်ချက်ပေးသည်။

Show More

Related Articles

Back to top button