သတင်း

“ကလေးလေးတွေကို အိမ်ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ပဲခူးတိုင်း သာယာဝတီမြို့နယ် ပြန်ကြားရေးတာဝန်ခံကို ဖမ်းဆီးရမိခြင်း မရှိသဖြင့် ၎င်း၏ အရွယ်မရောက်သေးသူ ကလေးငယ်များအပါအဝင် မိသားစုဝင် ၆ ဦးကို စစ်ကောင်စီက ယနေ့ (ဧပြီ ၅) တွင် ဖမ်းဆီးခဲ့သည်။

သာယာဝတီသပိတ်စစ်ကြောင်းကို ဦးဆောင်သူတစ်ဦးလည်းဖြစ်သူ သာယာဝတီမြို့နယ် NLD ပြန်ကြားရေးတာဝန်ခံ ကိုဂျာလေးကို ဖေဖော်ဝါရီ ၁၀ တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ ဖြင့် သာယာဝတီမြို့မရဲစခန်းက အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ၎င်းကို ဖမ်းဆီးရမိခြင်း မရှိသဖြင့် ကလေးငယ်များနှင့် အခြားမိသားစုဝင်များကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

ဖမ်းဆီးခံရသူ ၆ ဦးမှာ ကိုဂျာလေး၏ ၄ နှစ်အရွယ်သမီး မအလင်္ကာ၊ အသက် ၂ နှစ်ခွဲအရွယ် တူမဖြစ်သူ မပန်းသီး(Apple)၊ ယောက်ဖများဖြစ်သော အသက် ၁၃ နှစ်အရွယ် မောင်ဖိုးစံနှင့် ကိုသက်နိုင်ဦး၊ မရီးဖြစ်သူ မဘိုမနှင့် ယောက္ခမဖြစ်သူ ဒေါ်ခင်ဌေးကြည်တို့ ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီလက်နက်ကိုင်များက သာယာဝတီမြို့ပေါ်ရှိ ကိုဂျာလေး၏ နေအိမ်သို့ သုံးကြိမ်ထက်မနည်း လာရောက်ရှာဖွေခဲ့ပြီး ကိုဂျာလေးကို အပ်ရန် ၎င်း၏ဇနီးဖြစ်သူကို အကြိမ်ကြိမ်ဖိအားပေးခဲ့သည်ဟု သိရသည်။ 

ထို့သို့ ဖိအားပေးမှုများကြောင့် ကိုဂျာလေး၏ ဇနီးဖြစ်သူ မအေးအေးမာသည် ၄ နှစ်အရွယ် သမီးဖြစ်သူကို အဘွား၊ အဒေါ်ဖြစ်သူတို့နှင့် ထားခဲ့ပြီးနောက် ၎င်းမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ 

“ကျနော့ကို လာလာပြီးဖမ်းတာ၊ အိမ်မှာ လာလာပြီးရှာတာ ရက်တွေက ကြာလာပြီ။ ကျနော့အမျိုးသမီးကိုလည်း ကျနော့ကို အပ်ပေးဖို့ သူတို့ အကြိမ်ကြိမ်ပြောတယ်။ သူတို့စကားတွေလည်း အချေအတင်ဖြစ်ကြတယ်” ဟု ကိုဂျာလေးက ပြောသည်။ 

သာယာဝတီမြို့ပေါ်ရှိ ကိုဂျာလေး၏ မိတ္တူဆိုင်ကို စစ်ကောင်စီလက်နက်ကိုင်များက ဝင်ရောက်ရှာဖွေခဲ့သည့်နည်းတူ ၎င်း၏ကွန်ပျူတာကိုလည်း ရှာဖွေစစ်ဆေးခဲ့သည့်အတွက် အမျိုးသမီးဖြစ်သူကို ရှောင်ခိုင်းခဲ့ကြောင်း ၎င်းက Myanmar Now ကို ပြောသည်။ 

“ကျနော့မှာ သမီးလေးတစ်ယောက်ရှိတယ်။ ၄ နှစ်သမီးလေးပေါ့။ အဲ့တော့ အမေလုပ်တဲ့သူက ကြာလာတော့ သမီးကို တွေ့ချင်လာတယ်။ သမီးကလည်း အမေကို တွေ့ချင်လာတယ်။ ရက်တွေက ကြာလာတဲ့အခါကျတော့ တစ်နေရာမှာ အိမ်လေးတစ်လုံးငှားပြီးနေမယ်ပေါ့” ဟု အမျိုးသမီးဖြစ်သူအား ရှောင်ခိုင်းပြီးနောက် အခြေအနေကို ကိုဂျာလေးက ပြောသည်။ 

ယနေ့နံနက် ၅ နာရီခွဲအချိန်တွင် သာယာဝတီမြို့မှ လိုက်ထရပ် (Ligit Truck) ကားတစ်စီးဖြင့် ဇနီးဖြစ်သူ မအေးအေးမာရှိရာသို့ သမီးဖြစ်သူကို သွားရောက်ပို့ဆောင်စဉ် သုံးဆယ်မြို့၊ အလယ်ကုန်းကျေးရွာအနီးတွင် စစ်တပ်က ကားပေါ်ပါလာသူ ၆ ဦးစလုံးကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ 

“ခက်တာက ကျနော့အိမ်ရှေ့မှာ တစ်ဖက်ပါတီနဲ့ စစ်တပ်အသိုင်းအဝိုင်း ဒလန်တွေရှိတယ်။ ဆိုတော့ သိုသိုသိပ်သိပ်လုပ်ပေမဲ့ သူတို့သတင်းပေးတွေ သိသွားတဲ့ အနေအထားပေါ့။ ကျနော့သမီးလေးဟာ အရမ်းငယ်တယ်ဗျာ။ အဲ့လောက်ထိတော့ မလုပ်သင့်ဘူး” ဟု တိမ်းရှောင်နေရသူ ကိုဂျာလေးက ဆိုသည်။

ကိုဂျာလေး၏ ရင်သွေးငယ်များနှင့် မိသားစုဝင်များကို သာယာဝတီမြို့၊ ဂွေးချောင်းရွာအနီးရှိ ၃၅ စစ်တပ်သို့ ကနဦးဖမ်းဆီးသွားပြီးနောက် သာယာဝတီမြို့မရဲစခန်းသို့ ခေါ်ဆောင်ကာ စစ်ဆေးမေးမြန်းမှုများ လုပ်ပြီး ကလေးငယ် ၃ ဦးအပါအဝင် ဖမ်းဆီးထားသူ ၆ ဦးလုံးကို ၃၅ စစ်တပ်သို့ ပြန်လည်ပို့ဆောင်ထားသည်ဟု သိရသည်။

“ကျွန်တော်ဆိုလိုတာက ကျွန်တော့်ကို မကျေနပ်ရင် ကျွန်တော့်ကို တွေ့အောင်လာရှာကြ။ အပြစ်မဲ့တဲ့ကလေးတွေကို သူတို့ ဘာအကြောင်းချင်းတရားနဲ့မှ ဘယ်နေရာမှ ခေါ်သွားစရာအကြောင်း မရှိဘူး။ ဒါက သူတို့ ကမ္ဘာ့စည်းကမ်းတွေ၊ ကလေးသူငယ်စည်းကမ်းတွေ အကုန်လုံးကို ချိုးဖောက်တာ။ ဘာမှမလုပ်ဘူးဆိုပေမယ့် ကလေးတွေကို ယူနီဖောင်းတွေရှိတဲ့နေရာ၊ ကလေးသူငယ်ဥပဒေအရ ဘောင်မဝင်တဲ့နေရာကို ခေါ်သွားတာက တစ်ခုခုလုပ်လိုက်တာပဲ။ ကလေးတွေ စိတ်ဒဏ်ရာရသွားပြီ” ဟု ကိုဂျာလေးက ပြောသည်။ 

သမီးဖြစ်သူနှင့် မတွေ့ရသည့်အပြင် မိသားစုဝင် ၆ ဦးပါ ဖမ်းဆီးခံရသည့်အပေါ် အလွန်စိုးရိမ်နေသည်ဟု ကိုဂျာလေး၏ ကိုဂျာလေး၏ ဇနီး မအေးအေးမာက Myanmar Now ကို ပြောသည်။ 

“ကလေးလေးတွေကို အိမ်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ မနက်က ရဲစခန်းခေါ်တယ်။ ရဲစခန်းကနေ စစ်တပ်ကို တစ်ခါပြန်ခေါ်သွားတယ်ဆိုတော့ တော်တော်စိုးရိမ်နေပါတယ်” ဟု မအေးအေးမာက ပြောသည်။ 

(ပြင်ဆင်ဖြည့်စွက်ချက် − ယနေ့ (ဧပြီ ၅) ည ၈ နာရီအချိန်တွင် ဖမ်းဆီးထားသည့် ကိုဂျာလေး၏ သမီးငယ်အပါအဝင် မိသားစုဝင် ၆ ဦးကို ပြန်လွှတ်ပေးလိုက်သည်ဟု သိရသော်လည်း အသေးစိတ်ကိုမူ အတည်ပြုနေဆဲဖြစ်သည်။) 

Show More

Related Articles

Back to top button