အာရက္ခတပ်တော် (AA) က ၎င်းတို့၏ စစ်မှုထမ်းပြဋ္ဌာန်းချက်အရ လူငယ်၊ လူရွယ်များကို ရခိုင်ပြင်ပသို့ ထွက်ခွာခွင့် ပိတ်ပင်ကြောင်း မေ ၂၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်သည်။
အမျိုးသားဆိုလျှင် အသက် ၁၈ မှ ၄၅ နှစ်အထိနှင့် အမျိုးသမီးဆိုလျှင် အသက် ၁၈ မှ ၂၅ နှစ် အထိ သည် မတ် ၁၈ ရက်က ထုတ်ပြန်သော အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ် ပြဋ္ဌာန်းချက် (NDEP) အရ ၂ နှစ် စစ်မှုထမ်းရမည်ဖြစ်သည်။
သို့သော် ကျိုးကြောင်းဆီလျော်မှုမရှိသော အကြောင်းပြချက်များဖြင့် ရခိုင်မှ နေရပ်စွန့်ခွာလိုသူများ၊ NDEP အရ စစ်မှုထမ်းရန်အကျုံးဝင်ပြီး စစ်မှုမထမ်းလို၍ ရခိုင်ပြည်ပြင်ပသို့ ထွက်ပြေးရန် ကြိုးပမ်း နေသူများကို သွားလာခွင့်မပြုဘဲ တည်ငြိမ်သောစစ်ရေးအခြေအနေတစ်ခုသို့ ရောက်ရှိသည်အထိ တားမြစ်လိုက်သည်ဟု AA ၏ ယမန်နေ့ထုတ်ပြန်ချက်က ဆိုသည်။
ချွင်းချက်အနေဖြင့် ပြင်းထန်ရောဂါရှိသော လူနာများ၊ အသက်အန္တရာယ်စိုးရိမ်ရသောလူနာများမှလွဲ၍ စစ်မှုထမ်းရန် အကျုံးဝင်သူများကို နေရပ်စွန့်ခွာသွားလာခွင့် မပြုဟု ပါရှိသည်။
တားမြစ်ထားသည့်ကြားမှ နေရပ်စွန့်ခွာလိုသူများကို ကုန်းလမ်း၊ ရေလမ်းမှ ပို့ဆောင်နေသူများကိုလည်း တည်ဆဲဥပဒေအရ အရေးယူမည်ဟု AA က ဆိုသည်။
တားမြစ်ရခြင်း၏ အကြောင်းရင်းတစ်ခုမှာ စစ်ကောင်စီထိန်းချုပ်နယ်မြေတွင် ရခိုင်တိုင်းရင်းသားတို့ ဖမ်းဆီး၊ ထောင်ချ၊ အလောင်းဖျောက်ခံနေရမှု အန္တရာယ်မှ ကင်းလွတ်ရေးဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
၎င်းတို့အနေဖြင့် မပြီးပြတ်သေးသော တိုက်ပွဲများကို အကန့်အသတ်ဖြင့် ဆင်နွှဲပြီး “အာရက္ခဒေသ တစ်ခုလုံး အာရက္ခပြည်သူလက်ထဲရောက်ရှိရေး “ရည်မှန်းချက်ကို အကောင်အထည်ဖော်လျက် ရှိသည် AA က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှ စတင်သော စစ်ဆင်ရေးများအတွင်း ရခိုင် ၁၄ မြို့နယ်နှင့် ချင်း ၁ မြို့ကို သိမ်း နိုင်ခဲ့သော AA သည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဖွဲ့စည်းကာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နေသည်။
ထိုယန္တရားများတွင် လူ့စွမ်းအားများလိုအပ်သဖြင့် ပြီးခဲ့သည့် ၃ လကျော်ကပင် ကျန်းမာရေး၊ ပညာရေး ဝန်ထမ်းများ၊ လူငယ်များကို ရခိုင်ပြည်နယ်ပြင်ပသို့ ထွက်ခွာခွင့်ပိတ်ထားသည်ကို တွေ့ရသည်။
စစ်မှုမထမ်းမနေရ ပြဋ္ဌာန်းစဉ်ကပင် AA အပေါ် ဒေသခံအရပ်သားများက ဝေဖန်မှုအများအပြားရှိခဲ့သလို ယခု ထုတ်ပြန်ချက်အပေါ်လည်း ကြိုဆိုသူတချို့ ရှိသော်လည်း ရခိုင်ဒေသခံတချို့က မဖြစ်သင့်ကြောင်း ဆိုကြသည်။
“ပွင့်ပွင့်လင်းပြောရရင် လုံးဝ မထွက်ရဆိုတာတော့ မဖြစ်သင့်ပါ။ ကျန်းမာရေးဆိုတဲ့အပြင်၊ တခြား ပညာ ရေး၊ စီးပွားရေးအတွက်ပါ လူငယ်ရော၊ လူကြီးရော ထွက်ရှာရဖို့ လူတွေရှိတယ်လေ။ အဲလို ထွက်မရှာရင် ကိုယ်ပိုင်လယ်ယာမရှိရင် ငတ်သေကြမှာပေါ့”ဟု ရခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ပြည်နယ်မြောက်ပိုင်းမြို့နယ်များဖြစ်သော မင်းပြား၊ မြောက်ဦး၊ ပေါက်တောတို့တွင် ရခိုင်လူငယ်များ သာမက အခြားချင်းနှင့် မြိုလူငယ်များကို စစ်မှုထမ်းရန်ခေါ်ယူနေကာ စစ်သင်တန်းပေးရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်
စစ်မျက်နှာအများအပြား ဖွင့်ထားရသော AA က စစ်မှုထမ်းစုဆောင်းလျက်ရှိကြောင်း ယမန်နှစ် ၂၀၂၄ သြဂုတ် ဒုတိယပတ်အတွင်း ရခိုင်သတင်းဌာနဖြစ်သော Western News တွင် ဖော်ပြထားသည်။
စစ်ပွဲများပြင်းထန်နေချိန် ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီး တောင် စသည့်မြို့နယ်များမှ လူငယ် ၅၀ ကျော်သည် ပြည်မနှင့် နိုင်ငံခြားကို အလုပ်လုပ်ရန် ထွက်ခွာလာ ရာ အမ်းမြို့နယ်အတွင်း AA က ဖမ်းဆီးခဲ့ပြီး ၉ ဦးသာပြန်လွှတ်ပေးကာ ကျန်သူများ စစ်သင်တန်း အတွက်ခေါ်ထားလိုက်ကြောင်း ရခိုင်သတင်းဌာနဖြစ်သော Western News တွင် ဖော်ပြခဲ့သည်။
ချင်းအွန်လိုင်းသတင်းဌာနတစ်ခုဖြစ်သော Voice of chinland (VOC) တွင် ယခုနှစ် မေလဆန်းက မင်းပြားမြို့နယ်၊ အထက်ငှက်ပျော့ချောင်းအုပ်စု၊ ဖေသာပြင်ကျေးရွာမှ ဆယ်ကျော်သက်အရွယ် ချင်းလူငယ် ၇ ဦး အမ်းမြို့ရှိ AA စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရကြောင်း ဖော်ပြထားသည်။
မင်းပြားမြို့နယ်မှာ စစ်သားစုဆောင်းမှုများလုပ်နေသည့်အတွက် မိုင်ဗွေစော (၁၄ နှစ်)၊ အသက် ၁၅ နှစ် အရွယ်များဖြစ်သော မိုင်ပါစော ၊ ၊ မိုင်သဇင် ၊ မိုင်မကြာဦး ၊ မိုင်ဆိုဘောက် (၁၉ နှစ်) ၊ ၁၇ နှစ်အရွယ်များ ဖြစ်သော ဆလိုင်းဦးသန့်နှင့် ဆလိုင်းဘောက်ဆိုပ်မ် တို့က ရန်ကုန်မြို့သို့ ထွက်ခွာစဉ် ဖမ်းဆီးခံရခြင်း ဖြစ် သည်ဟု ဖော်ပြထားသည်။
၂၀၂၁ အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း စစ်ရေးပြင်းထန်လျက်ရှိရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် နွေဦးတော်လှန်ရေးမှပေါ်ပေါက်လာသောအဖွဲ့များသည် တပ်ဖွဲ့ဝင်အင်အား လိုအပ် နေ၍ ခေါ်ယူနေသည်။
AA ၏ စစ်ရေးနိုင်ငံရေးမဟာမိတ်ဖြစ်သော မြောက်ပိုင်းအဖွဲ့ဝင် တအာင်းလွတ်မြောက်ရေးတပ် (TNLA) ကလည်း အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်း တအာင်းအမျိုးသားတိုင်း စစ်မှုထမ်းရမည့် ဥပဒေ ကို ၂၀၂၄ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ထားသည်။
စစ်သားအင်အားလိုသော စစ်ကောင်စီသည်လည်း စစ်မှုမထမ်းမနေရဥပဒေကို ပြဋ္ဌာန်း၍ စစ်မှုမထမ်း လိုသူများ၊ လမ်းသွားလမ်းလာများကို ပေါ်တာဆွဲ၍ စစ်တပ်ထဲ ပို့နေသဖြင့် ဒေသခံများမှာလည်း စစ်မှုထမ်းပါမည်ကို စိုးရိမ်ကြောက်လန့်နေရသည်။
ရခိုင်ပြည်နယ်တွင် AA သိမ်းရန်ကျန်သည့် လက်ကျန်မြို့နယ် ၃ ခုအနက် စစ်တွေနှင့်ကျောက်ဖြူတွင်လည်း တိုက်ပွဲ များ ဖြစ်ပွားလာရာ တိုက်ပွဲမရှိသည့်မြို့မှာ မာန်အောင်မြို့တစ်ခုသာကျန်ရှိတော့သည်။



