သတင်း

ပဲခူးတိုင်း ရွှေကျင်မြို့အနီးမှ စစ်တပ်ခြေမြန်တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်

KNU နယ်မြေအတွင်း စစ်ကောင်စီတပ်ကင်းစင်ရေးမူဖြင့် တပ်စခန်းတစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက် နေရာ ရက်ပိုင်းအတွင်း တပ်မဟာ ၃ ခုမှ စခန်း ၃ ခု သိမ်းပိုက်ရရှိခဲ့သည်။

စစ်တောင်းမြစ်ကမ်းဘေး ပဲခူးတိုင်းအရှေ့ပိုင်း၊ ရွှေကျင်မြို့တောင်ဘက်တွင် တည်ရှိသော စစ်ကောင်စီ ခြေမြန်တပ်ရင်းတစ်ခုကို ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များက မေ ၈ ရက်နေ့ညက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း စစ်ရေးသတင်းရင်း မြစ်များက ပြောသည်။

ရွှေကျင်မြို့တောင်ဘက် မိုင် ၂၀ ခန့်အကွာ ဇလုတ်ကြီးရွာအနီး အခြေစိုက်တပ်ဖြစ်သည့် အမှတ် ( ၅၉၈) ခြေမြန်တပ်ရင်းကို ယင်းနေ့နံနက်တည်းက စတင်တိုက်ခိုက်ခဲ့ပြီး တစ်နေကုန်နီးပါးတိုက်ပွဲဖြစ်ကာ  ညနေ ၅ နာရီခန့်တွင် ဗဟိုကင်းကို အပြီးသတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း PDF စစ်ရေးသတင်းရင်းမြစ်အမျိုးသား တစ်ဦးက ပြောသည်။

လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ပြီး စစ်သုံ့ပန်းဖမ်းဆီးရရှိခဲ့ကာ KNU,PDF ပူးပေါင်းတပ် ဘက်မှလည်း အထိအခိုက်အကျအဆုံး ရှိကြောင်း ၎င်းက ဆိုသည်။ 

“ပွိုင့်ဖိုက်စက်သေနတ်ကြီးအပါအဝင် လက်နက်တွေလည်းရတယ်။ စစ်ကောင်စီဘက်ကလူတွေကို အရှင် ဖမ်းမိတာတွေလည်းရှိတယ်။ ကိုယ့်ဘက်ကတော့ ၈ ယောက်ကျပြီး ၃၀ လောက်ဒဏ်ရာရတယ်” 

ထိုတိုက်ပွဲတွင် KNU တပ်မဟာ (၃)၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အမှတ် (၇) တပ်ရင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တောင်ပိုင်းတိုင်းစစ်ဒေသ၏ တောင်ညိုစစ်ကြောင်း ၊ Southern Eagle PDF စသည့် PDF တပ်ရင်းများပါဝင်သည်ဟု သိရသည်။

“KNLA တပ်ရင်း ၇ ဦးဆောင်ပြီးသိမ်းတာပေါ့။ မုပ္ပလင်-ရွှေကျင်လမ်းပေါ်မှာရှိတဲ့ တပ်ရင်းပါ။ တပ်ရင်း ကတော့ သိမ်းလို့ရပြီ။ ရှင်းလင်းမှုကတော့ အကုန်လုံးမပြီးသေးဘူး” ဟု KNU တပ်မဟာ (၃) နှင့် နီးစပ် သည့် သတင်းရင်းမြစ်တစ်ဦးကလည်း ဆိုသည်။

စခန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ကင်းထောက်လေယာဉ်အပါအဝင် စစ်လေယာဉ် ၇ စီးဖြင့် ဗုံးအကြိမ်ရေ ဆယ်နှင့်ချီလာကြဲကြောင်း ၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်း ဝေါမြို့နယ် သူရဲသမိန်ရွာ အခြေစိုက် စစ်တပ်ကလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ခမရတပ်ရင်းတစ်ခုကို သိမ်းပိုက်နိုင်ရန် အစောပိုင်းကာလများကတည်းက တပ်ရင်းအား ပိတ်ဆို့ ဖြတ်တောက်ထားခဲ့ပြီး မေ ၈ ရက်နေ့တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု မြေပြင်စစ်ရေး ရင်းမြစ်တစ်ဦးက ဆိုသည်။

ရွှေကျင်မြို့ပေါ်တွင်မူ စစ်ကောင်စီ၏ တပ်ရင်း ၃ ရင်းနှင့် စစ်ဗျူဟာအခြေချ (စဗခ) တစ်ခုရှိနေသည်။

အဆိုပါခြေမြန်တပ်ရင်းကို KNU,PDF ပူးပေါင်းတပ်များက သိမ်းနိုင်ခဲ့သောကြောင့် ပဲခူးတိုင်း ရွှေကျင် နှင့် မွန်ပြည်နယ် သိမ်ဇရပ်မြို့အကြားတွင် စစ်ကောင်စီအတွက်  အထိုင်ခြေကုပ်တပ်စခန်းတစ်ခု ဆုံးရှုံး သွားသည်။

ထို့ပြင် စစ်ကောင်စီတပ်ထိန်းချုပ်ထားသည့် စစ်တောင်းမြစ်အနောက်ဘက်ကမ်း ပဲခူးတိုင်းဝေါမြို့နယ်ရှိ နယ်မြေများအတွက် မလုံမခြုံဖြစ်စေသည်ဟု ယူဆရသည်။ 

ရွှေကျင်တိုက်ပွဲမြေပုံ ။

ရွှေကျင်မြို့မြောက်ဘက် ရှိ ကျောက်ကြီးမြို့နယ်တွင်မူ ပြီးခဲ့သည့် ဧပြီ ၂၈ ရက်နေ့တွင် စစ်ကောင်စီ တပ်စခန်းများအား တိုက်ခိုက်ကာ နတ်သံကွင်းမြို့နှင့် ကျောက်ကြီးမြို့အကြား ဆက်သွယ်ထားသော ကားလမ်းကို KNU နှင့် PDF များက ပြန်လည်ထိန်းချုပ်ထားသည်။

KNU က တပ်မဟာ (၃) ၊ (၅) ၊ (၆)  နယ်မြေများတွင် အခြေချတပ်စွဲထားသော စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်ရှင်းလင်းမှုများ ပြုလုပ်နေပြီး တပ်မဟာ (၄) နှင့် (၇) တို့သည် ယမန်နှစ် မှ စတင်ကာ တိုက်ခိုက်ရှင်းလင်းမှုများ အရှိန်မြှင့်လုပ်လာသည်။

KNU သည် ၎င်းတို့၏ ကော်သူးလေအုပ်ချုပ်မှုနယ်မြေအတွင်း စစ်ကောင်စီတပ်မရှိစေရမူ ချမှတ်ထားပြီး အဆိုပါမူအရ အခွင့်သာသည်နှင့် စစ်ကောင်စီစခန်းများကို တိုက်စစ်ဆင်နေခြင်းဖြစ်ကြောင်း KNU အဆင်မြင့်အရာရှိတစ်ဦးက ဧပြီလအတွင်း Myanmar Now ကို ပြောထားသည်။

ယခုရက်ပိုင်းအတွင်း တပ်မဟာ (၃) နယ်မြေရှိ ခမရ ၅၉၈ ၊ တပ်မဟာ (၇) လှိုင်းဘွဲ့မြို့နယ်တွင် ထိုင်း- မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးရှိ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး တပ်စခန်းကို မေလ ၉ ရက် နံနက် တွင် သိမ်းလိုက်သည်။

တပ်မဟာ (၄) လှုပ်ရှားရာ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်တွင် လက်ကျန် စစ်စခန်းဖြစ်သော ထီးခီးရွာ အနီးမှ စစ်ကောင်စီတပ်စခန်းကို မေလ ၉ ရက်နံနက်တွင် အပြီးသတ်သိမ်းယူနိုင်ပြီး ၁၉၉၇ ကတည်းက လက်လွှတ်ခဲ့ရသော ထီးခီးဒေသတစ်ခုလုံးကို KNU က ပြန်ထိန်းချုပ်နိုင်ခဲ့သည်။

KNU တပ်မဟာ (၆) လှုပ်ရှားရာ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိ စစ်ကောင်စီတပ်များကို ပိတ်ဆို့ တိုက်ခိုက်နေသည်။

အဆိုပါ ကျုံဒိုးတိုက်ပွဲတွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ၏ သင်တန်း ဆင်းများဖြစ်သော မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) အပါအဝင် မွန်ပြည်သစ်ပါတီ ခွဲထွက် (NMSP-AD)၊ PDF ပျံလွှားစစ်ကြောင်းနှင့် KNU ၏ Lion Battalion စစ်ကြောင်းစသည့် တပ်များ ပါဝင် တိုက်ခိုက်နေကြောင်း MLA ထံက သိရသည်။

စစ်ကောင်စီဘက်ကမူ တနင်္သာရီတိုင်း ကမ်းရိုးတမ်း စစ်ဌာနချုပ်လက်အောက်ခံတပ်များ၊ တပ်မ ၂၂၊ တပ်မ ၄၄ လက်အောက်ခံ တပ်များဖြစ်သည့် ခမရ ၂၀၈ ( ကျိုက်မရော)၊ ခမရ ၁၀၂ (မုတ္တမ)၊ ခမရ ၄၃၂ (ဘုတ်ပြင်း) စသည့်တပ်ရင်းများ ပါဝင်တိုက်ခိုက်နေသည်။

အလားတူ ထိုင်း-မြန်မာနယ်စပ်အနီး ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကိုလည်း မေလ ၇ ရက် နံနက်ပိုင်းမှ စတင်ကာ KNU တပ်မဟာ (၇) တပ်များက တိုက်ခိုက်နေကြရာ ဒေသခံ ၃၀၀ ခန့်သည် ထိုင်းဘက် ထွက်ပြေးလာကြကြောင်း ထိုင်းသတင်းဌာန Thai Enquirer က ဖော်ပြထားသည်။

တိုက်ပွဲပြင်းထန်နေပြီး KNU က ထိုစခန်းကို ဒရုန်းများ အသုံးပြုကာ တိုက်ခိုက်နေကြောင်း၊ နယ်မြေ ထိစပ်နေသော တာ့ခ်ခရိုင်၊ Tha Song Yang မြို့နယ်အတွင်း တိမ်းရှောင်လာသော မြန်မာဒုက္ခသည်များ ကို အကူညီပေးထားကြောင်း ထိုင်းဘက်ကသတင်းများကဆိုသည်။

စစ်ကောင်စီတပ်ကလည်း KNU နယ်မြေများကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး ဧပြီ ၂ မှ ၂၂ ရက်နေ့ အတွင်း လေယာဉ်များ၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ၆၃ ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ၁၄ ဦး နှင့် ကိုရင် ၁ ပါးသေဆုံးခဲ့သည်။

ဦးဇင်း ၂ ပါး၊ ကိုရင်ကြီး ၁ ပါး နှင့် အရပ်သား  ၃၄ ဦး ဒဏ်ရာရ၍ ဘုန်းကြီးကျောင်း ၅ ကျောင်းနှင့် နေအိမ် ၇လုံး ပျက်စီးခဲ့ရသည်ဟု KNU ဗဟိုက ဧပြီ ၂၆ ရက်နေ့ တွင် ထုတ်ပြန်ထားသည်။ 

လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး တပ်စခန်းကို မေလ ၉ ရက် နံနက် တွင် သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ (ဓာတ်ပုံ- KNU)

Related Articles

Back to top button