
တော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက်ထားသည့် မိုးကုတ်နှင့်စဉ့်ကူးတို့အပါအဝင် မန္တလေးတိုင်းအတွင်း ၃ မြို့ကို လေတပ်က ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၃ ဦး သေဆုံးပြီး အထိအခိုက်များပြားခဲ့ကြောင်း သိရ သည်။
မန္တလေးတိုင်း မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ရိုးက ရွာတန်းရှည်ကျေးရွာစာသင်ကျောင်းကို မေ ၃ ရက်နေ့ ညနေ ၃ နာရီခွဲတွင် တိုက်ခိုက်ရေးလေယာဉ်တစ်စီးက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက်၂၅ နှစ် အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး၊ အသက် ၁၈ နှစ် ၊၃၀ နှစ် နှင့် ၅၀ ကျော်အရွယ် အမျိုးသမီး ၃ ဦး နှင့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အိမ်မွေးတိရိစ္ဆာန်တချို့လည်း သေဆုံးခဲ့ပြီး ဗုံးကြဲခံရသည့်စာသင်ကျောင်းဆောင်လည်း ပျက်စီးခဲ့သည် ဟု သိရသည်။
“သူတို့က စစ်ရှောင်တွေ။ သေဆုံးတဲ့အမျိုးသမီးနဲ့ဒဏ်ရာရအမျိုးသားက သားအဖတွေပါ။ စစ်လာရှောင် ကြရင်း ရာသီဥတုပူတော့ လေဝင်လေထွက်ကောင်းတဲ့ စာသင်ကျောင်းထဲ ထိုင်နေကြရင်း ဗုံးကြဲခံရတာ ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောပြသည်။
မတ္တရာမြို့နယ်အနောက်ပိုင်းတွင် လတ်တလော၌ တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ ယင်းကဲ့သို့ ဗုံးလာရောက် ကြဲခြင်းဖြစ်သည်ဟု ထိုသူက ဆိုသည်။

ထို့နောက် ညပိုင်းတွင် ကပ်လျက် စဉ့်ကူးမြို့နယ်တွင် ယခင်ကတည်းက အကြိမ်ကြိမ်ဗုံးကြဲခံရသည့် လက်ပံလှရွာ၊ ပြည်စိုးအောင်ရပ်ကွက်၊ ငြိမ်းချမ်းအောင်ရပ်ကွက်နှင့် ထုံးကြီးရွာတို့ကိုလည်း လေတပ်က ၅ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးသေဆုံးပြီး၊ ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၅ လုံး မီးလောင် ပျက်စီးခဲ့သည်ဟု စဉ့်ကူးမြို့ခံ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“ထုံကြီးရွာက ဇက်ဆိပ်။ လူနေများတယ်။ ထုံးကြီးရွာက တစ်ဦးသေတယ်။ လက်ပံလှဘက်ကတော့ လူတွေက ရှောင်ကုန်ကြတော့ လူမနေတော့ သေတာမကြားဘူး”ဟု ယင်းအမျိုးသမီးက ဆက်ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားသည့် မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပံလှရွာ ကို စစ်ကောင်စီသည် ပြီးခဲ့သည့် မတ်လအတွင်း ၃ ကြိမ်ဗုံးကြဲခဲ့စဉ် ကလေးများအပါအဝင် သေဆုံးသူ ၃၅ ဦး ရှိခဲ့သည်။
ထိုဖြစ်စဉ်များအပြီး လက်ပံလှကျေးရွာဒေသခံအများအပြားသည် ထွက်ပြေးတိမ်းရှောင်သွားကြ၍ လူနေ ကြဲသွားသည်ဟု ဒေသခံများက ပြောသည်။
“အခုရွာထဲလည်း တိတ်ဆိတ်ခြောက်ကပ်လို့။ အားလုံးရှောင်ကုန်ကြပြီလေ။ ဘာမှမရှိတော့ဘူး။ ဒါတောင် မှ ထပ်ပြီးအငြှိုးတကြီးလာကြဲနေကြတာ”ဟု အထက်ပါစဉ့်ကူးမြို့ခံအမျိုးသားက ပြောသည်။

နိုင်ငံအလယ်ပိုင်း စီးပွားရေးအချက်အချာကျသည့် မန္တလေးမြို့၏မြောက်ဘက် ၅၄ မိုင်အကွာအဝေး တွင် ရှိသော စဉ့်ကူးနယ်တွင် စစ်ကောင်စီစခန်းများအားလုံး သိမ်းပိုက်နိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) နှင့် မဟာမိတ်တော်လှန်ရေးအဖွဲ့များက ၂၀၂၄ ဇွန်၂၅ရက်နေ့မှ စ၍ကြိုးပမ်းခဲ ရာ ဇူလိုင် ၁၇ ရက်နေ့တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်။
ထိုစဉ်ကတည်းက လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ် လုပ်လာသော စစ်ကောင်စီတပ်သည် ယခုနှစ် မတ်နှင့်ဧပြီလဆန်းတွင် စဉ့်ကူးသာမက မန္တလေးတိုင်းအတွင်းမှ မြို့နယ်များကို ဗုံးကြဲတိုက်ခိုက်မှုများ ခပ်စိတ်စိတ် လုပ်လာသည်။
စစ်ကောင်စီတပ်သည် မိုးကုတ်မြို့အနောက်ပိုင်း၊ ကသဲရပ်ကွက်နှင့် ဆင်ခွာကျေးရွာတို့ကို မေ ၃ ရက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ဒေသခံ တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ် (TNLA) က ထုတ်ပြန်ထားသည်။
မေ ၃ ရက်နေ့ နံနက် ၉ နာရီတွင် မိုးကုတ်မြို့အနောက်ပိုင်း၊ ကသဲရပ်ကွက်ရှိ အနောက်ကျောင်းကို လေကြောင်းဖြင့် ဗုံးကြဲချမှုကြောင့် ဒေသခံ တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁၆ လုံးလည်းထိမှန်ပျက်စီးခဲ့ပါသည်။ ည ၁၀ နာရီခန့်အချိန်တွင် မိုးကုတ်မြို့အနောက်ပိုင်း၊ ဆင်ခွာကျေးရွာ ကို ဗုံး ၂ လုံးကြဲချရာ ဘုန်းကြီးကျောင်း ၂ ကျောင်းနှင့် ဓမ္မာရုံတို့ကို ထိမှန်ပျက်စီးသွားခဲ့သည်။
မိုးကုတ်မြို့ကိုလည်း မေ ၂ ရက်မှစကာ ၃ ရက်ဆက် ဗုံးကြဲခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး လူဦးရေ ဆယ်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့်တော်လှန်ရေးအဖွဲ့များကို ကိုးကား၍သိရသည်။
စစ်ကောင်စီသည် မန္တလေးတိုင်းအတွင်း တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် စဉ့်ကူး ၊ သပိတ် ကျင်း၊ မတ္တရာနှင့်မိုးကုတ် စသည့်နေရာတို့မှ လူနေရပ်ကွက်များ၊ စာသင်ကျောင်းများ၊ ကျေးရွာများကို ယခုလများအတွင်း မကြာခဏ ဗုံးကြဲသတ်ဖြတ်နေသည်ဟု ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဆိုသည်။
ပြီးခဲ့သည့် ဧပြီ ၁၈ ရက်ကလည်း လေကြောင်းမှ ဗုံးကြဲမှုကြောင့် စဉ့်ကူးမြို့နယ်နှင့်သပိတ်ကျင်းမြို့နယ်မှ ကလေးငယ်များအပါအဝင် လူတစ်ဒါဇင်ကျော်သေဆုံးပြီး ဒေသခံ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီသည် TNLA နှင့်လည်း အပစ်ရပ်သဘောတူဆွေးနွေးပွဲ ပျက်ပြယ်သွားသောကြောင့် ပြန်ဆွေး နွေးရန် ရှိနေသော်လည်း TNLA ထိန်းချုပ်သော မန္တလေးတိုင်းမှ မိုးကုတ်မြို့၊ ရှမ်းမြောက်မှ နောင်ချို၊ ကျောက်မဲတို့ကို ယခုရက်ပိုင်း ဆက်တိုက်ဗုံးကြဲနေသည်။
