သတင်း

ငလျင်ဒဏ်သင့် နေပြည်တော်တွင် စစ်သားသစ်ပြန်စုနေ

ငလျင်ကြောင့် အထိနာခဲ့သည့် နေပြည်တော်တွင် အရပ်သားများက ပြန်လည်ထူထောင်ရေး မျှော်လင့်နေကြစဉ် စစ်ဗိုလ်ချုပ်များ ဦးစားပေးနေသည်မှာ စစ်သားသစ်စုဆောင်းရေးလုပ်ငန်း ဖြစ်နေသည်။

ငလျင်ဒဏ် ပြင်းထန်စွာ ခံထားရသော နေပြည်တော်တွင်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မျှော်လင့်နေကြသော်လည်း စစ်သားသစ်စုဆောင်းရေး အစီအစဉ် ပြန်လည် အစပြုခြင်းနှင့်သာ ရင်ဆိုင်နေရကြောင်း ဒေသခံတို့က ပြောသည်။

ငလျင်တစ်လပြည့်ပြီးချိန် မေလဆန်းမှစ၍ နေပြည်တော် ၈ မြို့နယ် ရပ်ကွက်တချို့တွင် အုပ်ချုပ် ရေးအဖွဲ့ဝင်များက  စစ်မှုထမ်းအသက်အပိုင်းအခြား အကျုံးဝင်သော လူငယ်တို့၏ နေအိမ် များကို စစ်မှုထမ်းဆင့်ခေါ်စာ ပေးပို့နေသည်ဟု ဆိုသည်။ 

ယမန်နေ့ (မေ ၁ ရက်) က နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ အောင်ဇဗ္ဗူရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးက  နေအိမ် ၅ အိမ်ထံ စာပို့ပြီး ရပ်ကွက်ရုံးသို့ လာရန် ပြောခဲ့ကြောင်း  ထိုရပ်ကွက်မှ ဆင့်ခေါ် ခံထားခံရသူ မိသားစုတစ်စုနှင့် နီးစပ်သော အမျိုးသမီးတစ်ဦးက ပြောသည်။

“စစ်မှုထမ်းပါတဲ့အိမ်က ငလျင်ဒဏ်ကြောင့် အက်ထားတာ၊ မနေ့က အတူမနေတဲ့သားက စစ်မှုထမ်း ပါတယ်။ စာလာပို့တော့ တစ်နေ့လုံး ထိုင်ငိုနေတာ” ဟု ၎င်းက ဆိုသည်။

စစ်မှုထမ်းစာရင်းပါပြီး နေအိမ်တွင် ရှိမနေသူကို ပြန်ခေါ်ယူပေးရန် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က သက်ဆိုင်ရာမိသားစုကို ဖိအားပေးနေကြောင်း၊ ပြန်မခေါ်ပေးပါက ငွေကြေးဖြင့် ဖြေရှင်းရန် အသိပေးကြောင်း ၎င်းက ဆက်ပြောသည်။

“ရပ်ကွက်ရုံးသွားတော့ ထွေအုပ်စာရေးမနဲ့ ဦးစီးမှူးက လူပါလာရင် (က)အဆင့်၊ လူမပါရင် (ခ)အဆင့် သတ် မှတ်တယ်လို့ပြောတယ်၊ လူမပါရင်တော့ ဆင့်ခေါ်စာ စာရွက်ယူပြီး သူတို့ကို ရဲစခန်းမှာ အမှုဖွင့် တရားစွဲခိုင်း တာ” ဟု သူက ဆိုသည်။

အောင်ဇဗ္ဗူရပ်ကွက်ရုံးတွင် အရွယ်ကောင်းအမျိုးသားတချို့ ရောက်နေသည်ကို တွေ့မြင်ရကြောင်း၊ အသေးစိတ်မသိရကြောင်း  ရပ်ကွက်နေထိုင်သူတချို့က ဆိုသည်။

ပြီးခဲ့သည့် မတ် ၂၈ ရက်နေ့က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ  ငလျင်ကြီး ကြောင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနှင့် မြို့တချို့တွင် ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပေါ်ခဲ့သည်။

နာမည်ကျော်ငလျင်ကြောပေါ်တွင် တည်ဆောက်ထားသော နေပြည်တော်ရှိ ရုံးအဆောက်အဦ အများအပြားနှင့် ဝန်ထမ်းအိမ်ရာများ ပျက်စီးသွားရာ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားပါ အကြီးအကျယ် ထိခိုက်နေသည်။

ယခုလဆန်းမှစတင်၍ စစ်ကောင်စီက လုပ်ငန်းများ ပြန်လည်လည်ပတ်ရန် ကြိုးပမ်းနေသော်လည်း ထောင်နှင့် ချီ သော စစ်ကောင်စီဝန်ထမ်းများနှင့်မိသားစုဝင်များမှာ ယနေ့အချိန်အထိ ပြန်လည်ထူထောင်ရေး မလုပ်နိုင် သေးပေ။

ဧပြီ ၅ ရက်က တွေ့ရသည့် နေပြည်တော်ကောင်စီနယ်မြေတွင် ယာယီခိုလှုံရေးစခန်းများမှာ တွေ့ရသော စစ်ကောင်စီဝန်ထမ်းများ။ (ဓာတ်ပုံ- Myanmar Now)

ထိုအခြေအနေတွင် စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် (၁၂) ကို ဧပြီလ တတိယပတ်ကတည်းက ဖွင့်လှစ်ခဲ့ ပြီး အပတ်စဉ် (၁၃) အတွက်ပါ စစ်သားစုဆောင်းနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ 

ယမန်နှစ်က အတည်ပြုလိုက်သော စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ ၁၈ နှစ်မှ ၃၅ နှစ် အတွင်း အမျိုးသားများ၊ ၁၈ နှစ်မှ ၂၇ နှစ် အတွင်း အမျိုးသမီးများကို  စစ်တပ်က စစ်သားစုဆောင်းနိုင်သည်။

၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းပြီး ပြည်သူများကို အကြမ်းဖက် သတ်ဖြတ်ရာမှ လက်နက်ကိုင် ခုခံမှု ပေါ်ပေါက်လာသည်။ နိုင်ငံအနှံ့ စစ်မြေပြင် ဖြစ်လာသဖြင့် စစ်သည်အင်အား လိုအပ်လာသည့် ဗိုလ်ချုပ်ကြီးများက စစ်မှုထမ်းဥပဒေ ပြဌာန်းပြီး လုပ်ကိုင်ရာမှ စစ်သားသစ် အလွယ်တကူ ပုံမှန်ရနိုင်သည့် အခြေအနေ ဖြစ်လာသည်။

စစ်သားသစ်အဖြစ် စုဆောင်းခံရမည့် လူငယ်အများအပြားသည် အခြားဒေသများသို့ သွားရောက် နေထိုင်လုပ်ကိုင်သည့် နည်းလမ်းဖြင့် အခက်အခဲ ဖြေရှင်းနေကြသလို ပိုမို အန္တရာယ်ကင်းနိုင်ရန် ပြည်ပသို့ ထွက်ခွာနေကြစဉ် စစ်ကောင်စီကလည်း လူသစ်ရရှိရန် ဆက်လက် ကြိုးပမ်းနေခြင်း ဖြစ်သည်။

ငလျင်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသည့် ဝန်ထမ်းများနှင့် နေပြည်တော်ဒေသခံများမှာ ရွက်ဖျင်တဲများ၊ နီးစပ်ရာ ဆွေမျိုးအိမ်များနှင့်အိမ်ငှားနေထိုင်ကြရစဉ်  စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များက စစ်သားစုဆောင်းရေးကိုသာ ဦးစားပေးနေသည်ဟု ဒေသခံတို့က ဆိုသည်။

“ခုက ဧည့်စာရင်း သွားတိုင်ရင်တောင် ဘယ်ကလာလဲ မမေးဘူး၊ အဓိက အသက်ပဲမေးတော့တာ၊ မတိုင်လို့ လာစစ်ပြန်ရင်လည်း အဖမ်းခံရပြီး တပ်ထဲအထည့်ခံရဦးမယ်၊ တိုင်တော့လည်း ကိုယ့်အချက်လက် သူ့ ပေးပြီးသား ဖြစ်နေတာ၊ ဘယ်ဟာမှ မလုံခြုံဘူး” ဟု အသက် ၃၂နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ပျဉ်းမနားမြို့နယ်မှ ထိုအမျိုးသားသည် ငလျင်ဒဏ်သင့်ခဲ့သောကြောင့် ဗုဗ္ဗသီရိမြို့နယ်သို့  ပြောင်းရွှေ့ နေထိုင်နေခြင်း ဖြစ်သည်။

ဧပြီ ၂၅ မှ ၃၀ ရက်နေ့အတွင်း နေပြည်တော်မြို့နယ်များဖြစ်သော ဗုဗ္ဗသီရိနှင့် လယ်ဝေးတို့တွင် စစ်မှုထမ်းအတွက် လူငယ် ၃ ဦးထက်မနည်း ပါသွားကြောင်း ဒေသခံတို့ထံမှ စုံစမ်းသိရှိရသော်လည်း အသေးစိတ်အချက်လက်ကိုမှု မသိရှိရပေ။

ပြိုကျပျက်စီးခဲ့သည့် အဆောက်အအုံများ  ရှင်းလင်းသည့် နေရာတွင် ပြည်သူ့စစ်များကို စောင့်ကြပ်ခိုင်းကြောင်း၊  စစ်ယူနီဖောင်းဝတ် လူငယ် တချို့ကို ရှင်းလင်းရေးပိုင်းတွင် လုပ်ကိုင်နေသည်ကို တွေ့မြင်ကြရကြောင်း ပျဉ်းမနားဒေသခံ အမျိုးသား တစ်ဦးက ဆိုသည်။

စစ်ကောင်စီ၏ မေ ၁ ရက်နေ့ ညနေပိုင်းစာရင်းအရ ပြင်းထန်ငလျင်ကြောင့် သေဆုံးသူ ၃၈၃၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၅ ဦး၊ ပျောက်ဆုံးသူ ၁၀၅ ဦးရှိပြီဖြစ်သည်။ 

ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၂၄  ဖေဖော်ဝါရီတွင် စစ်ကောင်စီက အသက်သွင်းလိုက်ပြီး အပတ်စဉ် တစ်ခု လျှင်  စစ်မှုထမ်းဦးရေ ၅၀၀၀ခန့်ဖြင့် စစ်သားအင်အားစုဆောင်းနေရာ ယခု အပတ်စဉ် ၁၂ အထိ စစ်မှုထမ်း ခေါ်ယူပြီးဖြစ်သည်။

စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက  မတ် ၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ကလောတပ်နယ်သွားရောက်စဉ် စစ်မှုထမ်းများခေါ်ယူရေး သေချာကြပ်မတ်ဆောင်ရွက်ရန် ပြောခဲ့ပြီး စစ်မှုထမ်းခေါ်ရာတွင် ငွေကြေးမသမာမှုများရှိနေကြောင်း ထည့်သွင်းပြောခဲ့သည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ တချို့သည် ဥပဒေနှင့်အညီ မဆောင်ရွက်ဘဲ ငွေကြေး မသမာမှုများ ကြောင့် စုဆောင်းခံရသူတချို့အခက်အခဲဖြစ်ခဲ့ပြီး ထိုကိစ္စများ အမြဲ လိုလိုဖြေရှင်းနေရ ကြောင်း ထည့်သွင်းပြောခဲ့ သည်။

နေပြည်တော်တွင် ငလျင်အပြီး တစ်လပြည့်သည်အထိ နေထိုင်ရေး၊ လုံခြုံရေး စသည့် အခက်အခဲမျိုးစုံကို ရင်ဆိုင်နေကြရဆဲဖြစ်သည်ဟု စစ်ကောင်စီဝန်ထမ်းများအပါအဝင် ဒေသခံများက ပြောကြသည်။ 

နေပြည်တော် ၈ မြို့နယ်ရှိ ငလျင်ဒဏ်သင့်ပြည်သူများသည် နေအိမ်ဖြိုဖျက်ရှင်းလင်းခြင်းအတွက် ပရဟိတ အဖွဲ့များ၏အကူအညီပေးမှုများအပါအဝင်  ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းနေရသည်။ အလားတူ ပြိုလဲခဲ့ သည့် ရာနှင့်ချီသော ဝန်ထမ်းအိမ်ရာများ၊ အဆောက်အအုံများကို ယနေ့အချိန်ထိ စစ်ကောင်စီက ဖြိုဖျက် ရှင်းလင်းနိုင်ခြင်းမရှိသေးပေ။

 

Related Articles

Back to top button