
ပြင်းထန်သည့် မြေငလျင်ဒဏ်ကြောင့် အထိအခိုက်အသေအဆုံးများပြားခဲ့သည့် မန္တလေးမြို့တွင် ငလျင် အပြီး တစ်လနီးပါးကြာသည်အထိ လျှပ်စစ်မီးနှင့်ရေ ပုံမှန် မရရှိသေးဘဲ အခက်အခဲများဖြစ်ပေါ်နေသေး ကြောင်း သိရှိရသည်။
မတ်လ၂၈ ရက်နေ့က စစ်ကိုင်းနှင့်မန္တလေးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၇အဆင့်ရှိ ငလျင်ဒဏ်ကြောင့် နိုင်ငံအလယ်ပိုင်းစီးပွားရေးမြို့တော်ဖြစ်သည့် မန္တလေးတွင် လူထောင်နှင့်ချီ၍ သေဆုံး ခဲ့ရပြီး အိုးအိမ်တိုက်တာများစွာဆုံးရှုံးခဲ့ရသည်။
ယနေ့ ဧပြီ ၂၅ ရက်နေ့ အထိ ငလျင်အပြီး တစ်လနီးပါးကြာလာသည်အထိ ကယ်ဆယ်ရှင်းလင်းရေးများ မနိုင်မနင်းဖြစ်နေသေးသကဲ့သို့ မြို့ခံပြည်သူများမှာ လျှပ်စစ်မီးနှင့်သောက်သုံးရေ ပုံမှန်မရရှိသည့်အတွက် ပြင်းထန်နေသည့်ရာသီဥတုကို အံတုရင်ဆိုင်နေရသည်ဟု ချမ်းအေးသာစံမြို့နယ်မှ အသက် ၃၀ အရွယ် အမျိုးသားက ပြောသည်။
“လျှပ်စစ်မီးက ပုံမှန်မရသေးဘူး။ ပေးချင်သလို ပေးနေတာ။ ဒီရက်ပိုင်း ရာသီဥတုပူလာတော့ တော်တော် ကို ဒုက္ခများပြီး အပူကိုအံတုနေရတာ”
ငလျင်အပြီးနှစ်ပတ်နီးပါးအကြာတွင် လျှပ်စစ်မီး၂၄ နာရီရရှိခဲ့သည့်အတွက် အဆင်ပြေမှုရှိနေရာမှ ယခု ရက်ပိုင်း ဆိုးရွားစွာ ပြန်ပြတ်တောက်နေရာ နောက်ဆက်တွဲအနေဖြင့် သုံးရေအခက်အခဲများပါ ဖြစ်ပေါ် လျှက်ရှိသည်ဟု မဟာအောင်မြေမြို့နယ်မှ အသက် ၄၀ နီးပါးအရွယ် အိမ်ရှင်မတစ်ဦးက ပြောသည်။
“၁ နာရီလာတယ် ၆ နာရီလောက် ပြန်ပြတ်သွားတယ်။ လာရင်လည်း ထမင်းအိုးတစ်လုံးတည်ဖို့ရာလောက် အချိန်ပဲ။ ဘယ်လိုပေးနေတာလဲ မသိဘူး”ဟု ဆိုသည်။
” မီးမလာတော့ ရေတင်ဖို့လည်း အခက်အခဲဖြစ်တယ်။ ရေတွေလည်း ပြတ်ကြတယ်။ ရေက တချို့လိုင်း တွေက ငလျင်ပြီးကတည်းက ခုထိမရသေးဘူး။ ဒုက္ခတွေရောက်နေကြတာ”
မန္တလေးမြို့တွင် ငလျင်လှုပ်ပြီးစအချိန်မှစ၍ သောက်သုံးရေဆိုးဝါးစွာပြတ်လပ်နေ၍ လူမှုရေးအသင်း များ၊ မြို့နယ်မီးသတ်များ၊ တနိုင်တပိုင် ပရဟိတအဖွဲ့များက ကူညီမှုများပြုလုပ်နေရပြီး တချို့ရပ်ကွက် များတွင် ရေပြတ်လပ်မှုဖြစ်ပေါ်နေဆဲဖြစ်သည်ဟု အထက်ပါအမျိုးသမီးက ဆိုသည်။
မန္တလေးမြို့တွင် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း၊ မြတ်ပါရမီသွေးလှူရှင်အသင်း၊ မဏိစလ အသင်း၊ မဟာလူမှုကူညီရေးအသင်း၊ မဟာအောင်မြေမြို့နယ် မီးသတ်တပ်ဖွဲ့တို့အပါအဝင် အဖွဲ့အစည်း များက ရေပြတ်လပ်နေသည့် ရပ်ကွက်များအား လှည့်လည်ပေးဝေလျှက်ရှိပြီး ထိုလုပ်ဆောင်မှုများကို ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာများတွင် ဖော်ပြထားကြသည်ကိုတွေ့ရသည်။
“ရေပြတ်လပ်မှုက ကျွန်တော်တို့လည်းတောက်လျှောက်ကူညီပေးနေတယ်။ ရပ်ကွက်တွေမှာ အဝီစိတွင်း ရှိတဲ့သူတွေကလည်း စက်နဲ့မောင်းပြီး အခက်အခဲဖြစ်သူတွေကို လှူပေးနေကြတာရှိတယ်။ အစိုးရပိုက် လိုင်းတွေကတော့ ဟုတ်တယ်။တချို့လိုင်းတွေ ရေမရကြသေးဘူး”ဟု မန္တလေးမြို့ခံ ပရဟိတသမား တစ်ဦးက ပြောသည်။

မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့တွင် ငလျင်နောက်ဆက်တွဲအနေဖြင့် အဆိုပါလျှပ်စစ်မီးနှင့်ရေ ပြတ် နေဆဲဖြစ်သလို ၊ကယ်ဆယ်ရှင်းလင်းရေးများလည်း မနိုင်မနင်းဖြစ်ပေါ်နေဆဲဖြစ်သည် ဟု မြို့ခံတို့က ပြောကြသည်။
ငလျင်ကြောင့်ပြိုကျခဲ့သည့် မန္တလေး အောင်မြေသာစံမြို့နယ်မှ Sky Villa ကွန်ဒိုအဆောက်အဦအောက် တွင်လည်း ရုပ်အလောင်းများဆက်လက်ဖော်ယူရန် ရှိနေသေးပြီး ဧပြီ၂၄ ရက် ယမန်နေ့ နံနက်က ကလေး အပါအဝင် အမျိုးသား ၄ ဦး၏ရုပ်အလောင်းများဖော်ယူရရှိခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန က ထုတ်ပြန်ထားသည်။
အဆိုပါကွန်ဒိုပြိုကျမှုတွင် အသက်ရှင်လျှက်ကယ်ထုတ်နိုင်သူ ၅၂ ဦးသာရှိခဲ့ပြီး ရုပ်အလောင်း ၁၀၀ ကျော် ရှာဖွေထုတ်ယူထားနိုင်ကြောင်း မီးသတ်ဦးစီးဌာနထုတ်ပြန်ချက်များအရသိရသည်။
စစ်ကောင်စီ၏ ဧပြီ ၂၃ ရက်နေ့အထိ ထုတ်ပြန်ချက်အရ ငလျင်ကြောင့် တိုင်းဒေသကြီး/ပြည်နယ်၆ခုတွင် သေဆုံးသူ ၃၇၅၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၇ ဦးနှင့် ပျောက်ဆုံးသူ ၁၁၄ ဦး ရှိပြီဖြစ်သည်။
မန္တလေးမြို့တွင် နောက်ဆက်တွဲအင်အားအသင့်အတင့်ရှိ ငလျင်များလည်း နေ့စဉ်နှင့်အမျှ လှုပ်ခတ်နေဆဲ ဖြစ်သည့်အတွက် ပြိုကျထားသည့်အဆောက်အဦများ၊ အပျက်အစီးများသည့်အဆောက်အဦများ၊ အထပ် မြင့်များနှင့် နီးရာနေထိုင်သူများသည် အသက်အန္တရာယ်စိုးရိမ်မှုများကြောင့် နေ့စဉ်လမ်းပေါ်ထွက် အိပ်နေကြဆဲဖြစ်သည်။
ချမ်းအေးသာစံမြို့နယ် ၈၄ လမ်း (၂၆ လမ်းနှင့်၂၈လမ်းကြား) နာမည်ကျော်မန္တလေးဈေးချိုတော် တောင် မြောက်တိုက်တန်း ဈေးအဆောက်အဦများကိုလည်း အနီရောင်အဆင့်သတ်မှတ်ကာ ဖြိုချဖျက်သိမ်းနေ သည်ဟု သိရသည်။
မန္တလေးမြို့တွင် ဖြိုချရှင်းလင်းနေသည့်အဆောက်အဦးများအနီး လမ်းများပိတ်ချထားပြီး ကန့်သတ် နယ်မြေအဖြစ် စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ငလျင်ဘေးအပြီး မသန့်ရှင်းသော ရေ၊ အချိန်အခါမဟုတ်ရွာသော မိုးနှင့် ပျက်စီးနေသော ရေပိုက်စနစ်များကြောင့် ရောဂါဘေး ဆက်လက်ကြီးထွားလာပြီး ကလေးများအသက်အန္တရာယ်ကို ခြိမ်း ခြောက်နေကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်သော UNICEF က ဧပြီ ၂၃ ရက်နေ့က ထုတ်ပြန်ထား သည်။
UN အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ၊ ကြက်ခြေနီအဖွဲ့အစည်းများက အရေးပေါ် လိုအပ် သည့်အထောက်အပံ့များ ပြုလုပ်ပေးနေသော်လည်း လိုအပ်ချက်က ကြီးမားနေဆဲ ဖြစ်သည်။
ငလျင်ဖြစ်ပွားပြီး တစ်လအကြာတွင် လူဦးရေ ၂ သန်းခန့်သည် အရေးပေါ်အကူအညီများ အလွန်အမင်း လိုအပ်နေဆဲဖြစ်ကြောင်း ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း- International Office for Migration (IOM) ကလည်း ယင်းနေ့ မှာပင် ထုတ်ပြန်ထားသည်။
IOM အနေဖြင့် ဘေးသင့်ဒေသများသို့ အသက်ကယ်ပစ္စည်း ၉၀ တန်ကျော် ပို့နေပြီး လူဦးရေ ၄၃,၀၀၀ ခန့်သည် အရေးပေါ်လိုအပ်ချက်များဖြစ်သည့် အမိုးအကာ၊သောက်သုံးရေ စသည့် အထောက်အပံ့များ ရရှိမည်ဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံရှိ မြေငလျင်ဘေးသင့်ဒေသများအတွက် အရေးတကြီးလိုအပ်နေသည့်အကူအညီများမှာ ရွှေ့ ပြောင်းနေထိုင်ရသူများအတွက် အရေးပေါ်ခိုလှုံရန်နေရာများနှင့် ယာယီတဲများ၊ ရွှေ့ပြောင်း၍ရသော အိမ်သာများ (Mobile toilets)၊ ရေသန့်နှင့် တစ်ကိုယ်ရည်သန့်ရှင်းကျန်းမာရေးဆိုင်ရာ အသုံးအဆောင်နှင့် အဆောက်အအုံများ၊သန့်ရှင်းသော သောက်သုံးရေရရှိရန် ရေသန့်စက်များ၊ ရေသန့်ဆေးပြားများစသည့် ပစ္စည်းနှင့် ရေသန့်စင်သည့် နည်းလမ်းအမျိုးမျိုး၊ထိခိုက်ဒဏ်ရာကုသခြင်းနှင့် အခြေခံကျန်းမာရေး ဝန်ဆောင်မှုများ ဆက်ရရှိစေရန်တို့ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားသည်။
စစ်ကောင်စီဘက်ကမူ မန္တလေးမြို့တွင် မဟာမုနိဘုရားကြီးအပျက်အစီးနှင့် အမရပူရဘက်မှ ရှေးဟောင်း အဆောက်အဦများ ရှင်းလင်းသန့်ရှင်းရေးပြုလုပ်နေကြသည်ဟုသာ သိရပြီး နိုင်ငံတကာကယ်ဆယ်ရေး အထောက်အပံ့များကို ပြန်လည်မျှဝေပေးထားသည်ဟု ဆိုသည်။
