အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နေပြည်တော်ဝန်ကြီးဌာနရုံးပိုင်းတချို့ ရန်ကုန်မြို့သို့ ယာယီပြောင်းရွှေ့ရန်စီစဉ်နေ

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရားမပျက်စေရန် ရုံးပိုင်းလုပ်ငန်း လုပ်ဆောင်ရသော ဌာန ၄ ခုခန့်ကို ရန်ကုန်မြို့သို့ ယာယီပြောင်းရွှေ့ရန် စီစဉ်နေကြောင်း ဝန်ထမ်းများထံက သိရသည်။

အင်အားပြင်းငလျင်သည် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကိုလည်း ရိုက်ခတ်ခဲ့သဖြင့် ရုံးအဆောက် အအုံများပြိုကျပျက်စီးခဲ့ရာ ဝန်ကြီးဌာနများထဲမှ ရုံးပိုင်းဆိုင်ရာလုပ်ဆောင်ရသောဌာနတချို့ ရန်ကုန်မြို့ သို့ ယာယီပြောင်းရွှေ့ရန် စီစဉ်နေသည်ဟု စစ်ကောင်စီဝန်ထမ်းအသိုင်းအဝိုင်းထံက သိရသည်။ 

နေပြည်တော်မှ ရန်ကုန်သို့ ပြောင်းရွှေ့နိုင်သည့် ဝန်ကြီးဌာနထဲတွင် နိုင်ငံခြားရေးအပါအဝင် စိုက်ပျိုးရေး နှင့် မွေးမြူရေး၊ ဗဟိုဘဏ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး စသည့်ဌာနများ ပါဝင်ကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။

ဝန်ကြီးဌာနများကို အပြီးတိုင် ပြောင်းရွှေ့ခြင်းမဟုတ်ဘဲ  အုပ်ချုပ်ရေးယန္တရားမပျက်စေရန် ဝန်ကြီးဌာန များထဲမှ ရုံးပိုင်းဆိုင်ရာ ဌာနတချို့ကိုသာ ရန်ကုန်မြို့သို့ ယာယီပြောင်းရွှေ့ရန် စီစဉ်နေခြင်းဖြစ်သည်ဟု အရာရှိ နှင့် အမှုထမ်း ၄ ဦးထက်မနည်းက အတည်ပြုပြောဆိုသည်။

“ဘာလို့ ပြောင်းသင့်လဲ၊ ဘာအခက်ခဲရှိလဲ …ဒါမျိုးတွေနဲ့ အထက်ကို တင်ပြပြီး ခွင့်ပြုမှ ပြောင်းရမှာပါ၊ ခု ကြားတာကတော့ နိုင်ငံခြားရေးကတော့ ပြောင်းရမယ်လို့တော့ သိထားတယ်” ဟု စစ်ကောင်စီ အစိုးရအဖွဲ့ ရုံးမှ အရာရှိတစ်ဦးက ဆိုသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့် အရေးကြီး အဆောက်အအုံများဖြစ်သော လွှတ်တော်၊ ကာကွယ် ရေး၊ စက်မှု၊ စွမ်းအင်နှင့် အလုပ်သမားဝန်ကြီးဌာနတို့လည်း ပါဝင်သော်လည်း အချိန်ယူပြုပြင်နိုင်သည့် အတွက် ရန်ကုန်သို့ ပြောင်းရွှေ့မည့်ထဲမပါဝင်ကြောင်း ယင်းအရာရှိက ဆက်ပြောသည်။

ရန်ကုန်မြို့သည် နေပြည်တော်မတည်ဆောက်ခင်ကတည်းက ဝန်ကြီးဌာနရုံးများ ထားရှိခဲ့သည့် မြို့တော် ဖြစ်ပြီး လက်ရှိတွင် ရုံးလုပ်ငန်းများလည်ပတ်နိုင်သည့် ဝန်ကြီးရုံး အဆောက်အဦများ ရှိနေဆဲဖြစ်သည်။

ရန်ကုန်မြို့သို့ဝန်ကြီးဌာနတချို့ ပြောင်းရွှေ့မည့် သတင်းများအပေါ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက  ငြင်းဆန်ထားသည်။

ဌာနအဆောက်အအုံပျက်စီးမှုထဲတွင် ရုံးပိုင်းဆိုင်ရာ ပစ္စည်းများဖြစ်သည့် ကွန်ပျူတာနှင့် စာရွက်စာတမ်း များပျက်စီးခဲ့ပြီး အသေးစိတ်စာရင်းများကို ဌာနအလိုက်ကောက်ယူထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ဆိုသည်။

ငလျင်လှုပ်ပြီးရက် ၂၀ နီးပါးကြာမြင့်လာချိန်တွင် ဝန်ကြီးဌာနများမှ အပျက်အစီးများကို ဝန်ထမ်းအင်အား ဖြင့် ရှင်းလင်းနေပြီး အသေးစားပြန်တည်ဆောက်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ အင်ဂျင်နီယာအမျိုးသားတစ်ဦးက ပြောသည်။

“ပြင်လို့ရတာတွေတော့ ပြန်ပြင်ပြီး ရုံးပြန်တက်လို့ရအောင်လုပ်နေတာ ရှိတယ်။ စီး/ကူးနဲ့ အလုပ်သမား ဝန်ကြီးဌာနတို့ဆိုရင် အသေးစားလေးတွေ ပြင်နေကြပြီ။ အထိအခိုက်နည်းတဲ့ ဌာနတွေလည်း အကုန် ပြန်ပြင်နေကြပြီ ”

ငလျင်ဒဏ်ကြောင့် ထိခိုက်မှုများ၍ ဖြိုပျက်ရမည့် ဝန်ကြီးဌာန အဆောက်အအုံတချို့ရှိနိုင်ပြီး လက်ရှိ အချိန်တွင် လိုက်လံစစ်ဆေးနေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ 

စစ်ကောင်စီသည် နေပြည်တော်ဝန်ကြီးဌာနရုံးများကို ဧပြီလကုန်တွင် ပြန်လည်လည်ပတ်နိုင်ရန် ကြိုးပမ်း နေပြီး လက်ရှိတွင်လည်း ကားပါကင်များတွင် ယာယီရုံးများဖွင့်၍ မတ် ၃၁ရက်နေ့ကတည်းက လုပ်ငန်းခွင် ဝင်ရောက်ခိုင်းထားသည်။

နေပြည်တော်တွင် ပြိုကျခဲ့သည့် ဝန်ကြီးဌာနများနှင့် ဝန်ထမ်းအိမ်ရာများသည် ပြန်လည် တည်ဆောက်ရန် အချိန်ယူရမည်ဖြစ်ပြီး ဟိုတယ်များနှင့် အခြားအဆောက်အအုံများလည်း ပျက်စီးခဲ့သည့်အတွက် နေရာ ထိုင်ခင်းဖြင့် အစိုးရရုံးများ လုပ်ငန်းလည်ပတ်ရန် အခက်ခဲရှိနေသည်။  

ဝန်ထမ်းအိမ်ရာများပြိုကျသဖြင့် နေပြည်တော်ရှိ ဝန်ကြီးဌာနဝန်ထမ်းများသည် နေထိုင်ရေး ခက်ခဲနေပြီး အများစု မှာ စစ်ကောင်စီက ချထားပေးသော ယာယီတဲများတွင် နေထိုင်နေကြရသည်။

ငလျင်ဒဏ်ပြီးနောက် ရာသီဉတု ဆိုးရွားသည့် မိုးရွာသွန်းမှုနှင့် လေပြင်းများ တိုက်ခတ်မှုကြောင့် ယာယီ ရွက်ဖျက်တဲများနှင့် နေထိုင်ရေသူများနှင့် မပြိုပျက်သေးသည့် ဝန်ထမ်း အိမ်ယာ အပြင်ဘက်တွင် နေထိုင် ပြီး နေအိမ်ပစ္စည်းများ မပြောင်းရွှေ့ရသေးသူ ဝန်ထမ်းများလည်း နေထိုင်ရေးကို ဆိုးရွားစွာ ရင်ဆိုင်နေရ သည်ဟု ဆိုကြသည်။

“မိုးရွာလေးပြင်းတိုက်တဲ့နေ့ဆိုရင် မပြိုသေးတဲ့ အဆောက်အအုံထဲ ဝင်နေ ဝင်အိပ်ရတာပဲ၊ အဲချိန် ငလျင် လှုပ်ပြီး တိုက်ပြိုမှာလည်း ပူပန်ရတယ်၊ ပစ္စည်းတွေကလည်း မထားရဲဘူး။ သူခိုးရန်ကြောက်ရတာတော့ ညဆို စောင့်ပြီးအိပ်ရတော့ ဒုက္ခပိုများတယ် ” ဟု ကံ့ကော်အိမ်ရာတွင် နေထိုင်သည့် အသက် ၃၀ ကျော် အရွယ် ဝန်ထမ်းအမျိုးသမီးတစ်ဦးက ဆိုသည်။

မပြိုပျက်သေးသည့် ဝန်ထမ်းအိမ်ရာအဆောက်အဦများကိုလည်း စိတ်ချရမှုရှိမရှိ၊ နေထိုင်ရန် သင့်မသင့် စစ်ဆေးပေးစေလိုပြီး နေထိုင်ရေးခက်ခဲသည့်ကြားမှ ရုံးလုပ်ငန်းများ လုပ်ကိုင်နေရသည်မှာ အဆင်မပြေမှု များစွာဖြစ်နေသည်ဟု ပြောကြသည်။

“ခုက ဝန်ကြီးရုံးပြုပြင်တာတွေကို လုပ်နေတော့ အိမ်ရာဘက်တွေကိုက ခုထိ လာမစစ်ပေးပေးဘူး၊ အိမ်ဖြို တာတွေတောင် မရှင်းလင်းပေးသေးဘူး” ဟု ဧက ၄၀၀၀ ဝန်ထမ်းအိမ်ရာတွင် နေထိုင်သည့် ပညာရေးဝန်ကြီးဌာနမှ  ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

ထိုသို့ နေထိုင်ရေးအခက်ခဲများကြောင့် မိုးလုံသည့် ဝဏ္ဏသိဒ္ထိဘောလုံးကွင်းနှင့် ယခင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ်များနေထိုင်ခဲ့သည့် စည်ပင်ဧည့်ရိပ်သာ (၂)နှင့် ထိခိုက်မှု မရှိသည့် ဝန်ကြီးဌာန အဆောက်အအုံများတွင် ဝန်ထမ်းများကို နေထိုငရန် အခန်းများ စီစဉ်ပေးသော် လည်း ဝန်ထမ်းအင်အားနှင့် လုံလောက်မှုမရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ ဧပြီ ၁၄ ရက် ညနေ ၆ နာရီအထိ စာရင်းအရ သေဆုံးသူ ၃၇၀၆ဦး၊ ဒဏ်ရာရရှိသူ ၅၀၂၇ဦး၊ ပျောက်ဆုံးသူ ၁၃၀ဦး ရှိကြောင်း သိရပြီး ငလျင်ဒဏ်သင့်ပြည်သူများမှာ လက်ရှိအချိန်ထိ လုံခြုံသည့် အမိုးအကာအောက်မရောက်သေးဘဲ နေထိုင်ရေး အပါအဝင် မလုံခြုံမှုနှင့် အခြားအခက်ခဲများစွာ ရင်ဆိုင် နေရဆဲဖြစ်သည်။

ဧပြီ ပထမပတ်က ဧကာ ၄၀၀၀ ဘောလုံးကွင်းထဲ တွေ့ရသော အစိုးရဝန်ထမ်းများအတွက် ဆောက် ထားသည့်ယာယီတဲများ ။ (ဓာတ်ပုံ- Myanmar Now)

Related Articles

Back to top button