သတင်း

PDF ထုတ်လုပ်ရေးစခန်းတစ်ခုက  တောင်ပံတပ်ယာဉ်ငယ် ထုတ်လုပ်ရန် မျှော်လင့်နေ

ပဲခူးတိုင်းအတွင်း စစ်ဘက်ဆိုင်ရာပစ္စည်းများ ထုတ်လုပ်နေသူတို့က ရှေ့တန်းဒေသ လက်နက်နှင့် လူနာ သယ်ယူပို့ဆောင်ရာတွင် အသုံးတည့်မည့် အပေါ့စားလေယာဉ်ငယ် ထုတ်လုပ်ရန် ကြိုးပမ်းနေသည်။

စက်တပ်လေထီးထက် ပိုမိုလျှင်မြန်စွာ ပျံသန်းနိိုင်သည့်  Ultralight Trike ခေါ် အပေါ့စားလေယာဉ်ငယ် ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားသည်ဟု  ပဲခူးတိုင်းအခြေစိုက် တော်လှန်ရေးပစ္စည်းထုတ်လုပ်ရေး အဖွဲ့တစ်ခုက ပြောသည်။

Project Home အဖွဲ့  ပြောရေးဆိုခွင့်ရှိသူ ကိုနေရိပ်က  ထိုယာဉ်မျိုး တည်ဆောက်ရန်  ဒေါ်လာ ၃ သောင်းခန့် ကုန်နိုင်ကြောင်း  မကြာသေးခင်က ပြောသည်။

တစ်ဦးမှ နှစ်ဦးအထိ လိုက်ပါနိုင်မည့် တောင်ပံတပ် သုံးဘီးယာဉ်ငယ်  အတက်အဆင်းအတွက် ပြေးလမ်း သို့မဟုတ် ကွင်းပြင် လိုအပ်မည် ဖြစ်သည်၊  ကိုနေရိပ်က  ၎င်းတို့ အခြေစိုက်ဒေသတွင် ပြေးလမ်းတည်ဆောက်နိုင်သည့်နေရာ အများအပြားရှိသည်ဟု Myanmar Now ကို ပြောသည်။ 

ထိုယာဉ်ငယ်နှင့် ဆင်တူသည့် စက်တပ်လေထီးကို စစ်ကောင်စီတပ်စခန်းတချို့တွင် တိုက်ခိုက်ရေးအတွက် အသုံးပြုနေသည်။

ကိုနေရိပ်က  ၎င်းတို့ ထုတ်လုပ်လိုသည့် ယာဉ်ငယ်သည်   လက်နက်ခဲယမ်း သယ်ဆောင်ရာတွင် သုံးနိုင်သလို စစ်မြေပြင်တွင်ဒဏ်ရာရနေသူကို နောက်တန်းရှိဆေးရုံသို့ လျင်မြန်စွာ ပို့ဆောင်ရာတွင် အသုံးတည့်နိုင်မည်ဖြစ်ကြောင်း ပြောသည်။

 “လိုအပ်တဲ့ငွေကြေးသာရမယ်ဆိုရင် တည်ဆောက်နိုင်တယ်။ အဲဒါ ငွေကြေးအကူအညီရဖို့ နီးစပ်ရာ တော်လှန်ရေးနဲ့ ပတ်သက်ပြီးထောက်ပံ့တဲ့သူတွေကို ကျွန်တော်ပြောကြည့်သေးတယ်၊ အခုထိတော့ အထောက်အပံ့ မရသေးဘူး”  ဟု ကိုနေရိပ်က ဆိုသည်။

အပေါ့စားလေယာဉ်ငယ်ကို နိုင်ငံတကာတွင် သဘာဝဘေးအန္တရာယ် ကျရောက်ချိန် ကူညီကယ်ဆယ်ရေးလုပ်ငန်း အတွက် အသုံးပြုရန် စီစဉ်နေသူတချို့ ရှိသည်၊ ခုခံစစ်ဆင်နေသည့် ယူကရိန်းကလည်း  တိုက်ခိုက်ရေးအတွက် အသုံးပြုနေသည်ဟု နိုင်ငံတကာသတင်းတချို့က ဆိုသည်။ 

 အပေါ့စားလေယာဉ်ငယ် ထုတ်လုပ်လိုသည့် Project Home အဖွဲ့သည်  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမှတ် (၂) စစ်ဒေသခွဲလက်အောက်ခံ အဖွဲ့ ဖြစ်သည်။ 

ကိုနေရိပ်သည် ယခင်က မြို့ပြပြောက်ကြားအဖြစ် လှုပ်ရှားဆောင်ရွက်စဉ် ရန်ကုန်မြို့တွင် ဖမ်းဆီးခံရပြီးနောက်  မရမ်းကုန်းမြို့နယ်ရှိ စစ်ကြောရေးစခန်းတစ်ခုတွင် ချုပ်နှောင် နှိပ်စက်ခံခဲ့ရသည်။

အချုပ်ခန်းကို ဖောက်၍ တစ်ယောက်တည်း ထိုစခန်းမှ ထွက်ပြေးလာနိုင်ခဲ့သည့် အတွေ့အကြုံကို ရေးသားလိုသည်၊   စာအုပ်ရောင်းရငွေကို  အပေါ့စားလေယာဉ်ငယ် တည်ဆောက်ရာတွင် သုံးစွဲလိုသည်ဟုလည်း ကိုနေရိပ်က ဆိုသည်။

အုံ့ဆိုင်းနေသော တောအုပ်အတွင်းထဲမှ ကိုနေရိပ်တို့၏ စခန်းတွင် နွယ်ပင်များအပေါ် ပလပ်စတစ်ကြိုးများကို ကွန်ရက်သဖွယ် သွယ်တန်းထားပြီး လူအများ လဲလျောင်းအနားယူနိုင်သည့် ပုခက်အချို့လည်း ပြုလုပ်ထားရာ မြို့ပြဒေသနှင့် မတူသည့် ထုတ်လုပ်ရေးစခန်းဖြစ်သည်ကို တွေ့ရသည်။

၎င်းတို့၏ ထုတ်ကုန်တစ်မျိုးမှာ   စစ်သည်တော်များ အပေါ်ဝတ် ချပ်ဝတ်တန်ဆာ  Vest ဖြစ်သည်၊  ကျည်ကာသံပြား တပ်ဆင်ချုပ်လုပ်နိုင်သည့် အပေါ်ထပ်အင်္ကျီတွင်  ကျည်အိမ်၊ လက်ပစ်ဗုံး၊ ဆက်သွယ်ရေးစက်နှင့် အရေးပေါ် ဆေးဝါးထည့်နိုင်သည်ဟု ဆိုသည်။ 

ပြည်ပထုတ် ဆိုလျှင် ဝယ်စျေး ကျပ် ၂ သိန်းခွဲမှ ၅ သိန်းကျပ်အထိ ရှိပြီး ပဲခူးတိုင်းထဲအထိ သယ်ယူစရိတ်လည်း ထပ်မံကုန်ကျနေကြရသည်၊ ၎င်းတို့အဖွဲ့က  ထုတ်လုပ်သည့် Vest   ၁ ခုလျှင် ကျပ် ၁ သိန်း ၈ သောင်းဝန်းကျင်ဖြင့် ရောင်းချပေးနိုင်မည်ဟု  ဆိုသည်။ 

“ကျည်ကာပြားနဲ့ ကျည်ဘောက်တွေ၊ ဆေးပစ္စည်းတွေ၊ ချိတ်တွဲလို့ရတဲ့ဟာမျိုးပေါ့။ ရှေ့တန်းမှာ Vest တွေက တိုက်ခိုက်ရေး၊ ချေမှုန်းရေးရဲဘော်ဆိုရင် မဖြစ်မနေ လိုအပ်တယ်။ ကျွန်တော်တို့က အဲဒီကုန်ကျစားရိတ်တွေကို လျှော့ချချင်တာကြောင့် Vest ကို စစ်အသုံးအဆောင် ပစ္စည်းအနေနဲ့ ချုပ်တာဖြစ်ပါတယ်” ဟု ကိုနေရိပ်က ဆိုသည်။

“ကျွန်တော်တို့ ရှိနေတဲ့ လုပ်သားအင်အားနဲ့ စက်အရေအတွက် အရဆိုရင် အခုရေ အများကြီးကိုတော့ တစ်ပြိုင်နက်တည်း ထုတ်နိုင်ဦးမှာ မဟုတ်ဘူး။ ကျွန်တော်တို့ လက်လှမ်းမီတဲ့ တပ်ဖွဲ့တွေ၊ တပ်ရင်းတွေ၊ စစ်ကြောင်းတွေကိုတော့ ကျွန်တော်တို့ နိုင်သလောက် ဆောဆောလျင်လျင်ထုတ်ပေးနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်”  

Project Home အဖွဲ့က   ရှေ့ထွက်မိုင်းများ၊ Drop Bomb (ဒရုန်းဗုံးသီး )၏ ထိပ်တွင် တပ်ဆင်ရသည့် ထိကွဲစနစ်ပါပစ္စည်းတို့ကို ထုတ်လုပ်နေသည်ဟု သိရသည်။

ပုခက်၊ ကျောပိုးအိတ်၊ ကျည်ထည့်အိတ် စသည့် လက်နက်မဟုတ်သော စစ်သုံးပစ္စည်းများကို  အဓိက ထုတ်လုပ်သူတို့မှာ အမျိုးသမီးတပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု ဆိုသည်။

တောတွင်းစခန်းတွင် ထုတ်လုပ်သည့် စစ်သည်တော်အပေါ်ဝတ်အင်္ကျီ ဝတ်ဆင်ထားသူတစ်ဦး။ (ဓာတ်ပုံ – Project Home)

ထောက်ပို့ထီရောင်းခြင်း၊  အလှူခံခြင်း စသည့်နည်းလမ်းများဖြင့် တပ်ဖွဲ့ အသုံးစရိတ်ရရန် လုပ်ကိုင်ကြသလို ထုတ်လုပ်ရေးအဖွဲ့မှ ရဲဘော်အချို့က  ရံဖန်ရံခါ ရှေ့တန်းထွက်၍ စစ်တိုက်ကြရသည်ဟု သိရသည်။

၂၀၂၁ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းပြီးဆန့်ကျင်သူများကို ပစ်ခတ်ရာမှ လက်နက်ကိုင် ခုခံသည့်အဖွဲ့များ နိုင်ငံအနှံ့တွင် ပေါ်ပေါက်လာရာ ထိုအထဲတွင် လက်နက် ထုတ်လုပ်ရန် ကြိုးစားသည့် အဖွဲ့အများအပြားရှိနေသည်၊ အများစုက မိုင်းထုတ်လုပ်ကြသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနက  လက်နက်ကြီးပြောင်းနှင့် ဗုံးသီးများ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနေသည်ဟု ၂၀၂၄ ခုနှစ် မေလတွင် သတင်းထုတ်ပြန်ထားသည်။

စစ်တန်းလျားမှ ထွက်ခွာပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်လာသည့် စစ်သည်များနှင့် ဖွဲ့စည်းထားသည့် ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့ (PSPT) နှင့် လက်နက်ထုတ်လုပ်ရေး ပူးတွဲလုပ်ဆောင်နေသည်ဟုလည်း NUG က ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ကြေညာခဲ့သေးသည်။

Related Articles

Back to top button