သတင်း

စစ်တပ်ပြန်လာမည်ကို လားရှိုးဒေသခံအချို့စိုးရိမ်

တရုတ်အစိုးရ၏ထောက်ခံမှုဖြင့် MNDAA သိမ်းထားသည့် လားရှိုးမြို့ထဲ စစ်တပ်ပြန်ဝင်လာပါက တိုက်ပွဲများပြင်းထန်လာမည်၊ ရန်ပြုခံရမည်ကို မြို့ခံအချို့ကစိုးရိမ်နေကြသည်။

ကိုးကန့်(MNDAA)တပ်များ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမှ ဆုတ်ခွာရမည်ဆိုသည့် သတင်း ထပ်မံထွက်ပေါ်နေသဖြင့် စစ်ကောင်စီတပ်များ လားရှိုး ပြန်လာမည်ကို  စိုးရိမ်နေကြရကြောင်း မြို့ခံအချို့က ပြောသည်။

လားရှိုးမြို့ကို သိမ်းပိုက်ထားသည့် MNDAA သည်ယခုနှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံ ကူမင်းမြို့တွင် စစ်ကောင်စီတပ်နှင့် ဆွေးနွေးရာ နှစ်ဘက်တပ်များ အပစ်ရပ်ရန် သဘောတူညီမှုရရှိခဲ့သည်ဟု တရုတ်အစိုးရက ကြေညာခဲ့သည်။

အပစ်ရပ်သဘောတူညီမှုနှင့်အတူ MNDAA တပ်က လားရှိုးမြို့မှ လာမည့် ဇွန်လတွင် နောက်ဆုံးထားပြီး အသုတ်လိုက် ဆုတ်ခွာပေးရမည်ဟု သဘောတူခဲ့ကြကြောင်း တရုတ်နယ်စပ် သတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောကြားခဲ့သည်။

ယခုရက်ပိုင်းအတွင်း လားရှိုးမြို့မှ MNDAA တပ်များ စတင်ဆုတ်ခွာနေပြီဖြစ်ကြောင်း သတင်းဌာနအချို့က ဖော်ပြခဲ့ပြီးနောက် မြို့အနာဂတ်အတွက် စိတ်ပူနေကြသည်ဟု အသက်(၃၀)ကျော်အရွယ် လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဆွေးနွေးပွဲလည်းရှိနေတဲ့အတွက် MNDAA ကို မဆုတ်စေချင်သူတွေရှိသလို၊ တဖက်ကလည်း MNDAA လက်ထက်မှာ ချို့ယွင်းချက်တွေရှိနေတာကို ပြင်စေချင်တဲ့လူတွေရောရှိတယ်။ စစ်တပ်ကို မဝင်လာစေချင်တာကတော့ အားလုံးလိုလိုပါပဲ” ဟု အဆိုပါ မြို့ခံ အမျိုးသားက ပြောသည်။

MNDAA နှင့် မဟာမိတ်များ၏ ထိုးစစ်ကြောင့် စစ်ကောင်စီတပ် အထိနာနေချိန် တရုတ်အစိုးရက အပစ်ရပ်ဆွေးနွေးပွဲ လုပ်ရန် စီစဉ်ပေးခဲ့သဖြင့် စစ်ကောင်စီတပ် များစွာ သက်သာရာ ရသွားကြောင်း မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် မတ် ၂၂ ရက်နေ့ကလည်း  မြို့ပေါ်ရှိ နေရာအချို့တွင် လားရှိုးမြို့မှ MNDAA တပ်များ မဆုတ်ခွာရေးနှင့် တရုတ်ဆန့်ကျင်ရေးအကြောင်း ရေးထားသည့် စာများကို လူစည်ကားသည့် မြို့နေရာအချို့တွင် ကပ်ကာ မြို့ခံအချို့က ဆန္ဒပြခဲ့ကြသည်။

ဒေသခံများ ဆန္ဒပြကြသည့် မတ် ၂၂ ရက်နေ့မှာ စစ်ကောင်စီနှင့် MNDAA တပ်တို့  ကူမင်းမြို့တွင် နောက်တစ်ကြိမ်ဆွေး‌နွေးကြသည့်နေ့နှင့် တစ်ရက်တည်းဖြစ်သည်။

စစ်မှုထမ်း ဥပဒေ အသုံးချနေသည့် စစ်ကောင်စီတပ် ပြန်လည်ဝင်ရောက်လာပါက    စစ်သားစုဆောင်းခံရမည်ကိုလည်း   စိတ်ပူနေကြရကြောင်း အထက်ပါ အမျိုးသားက ပြောကြသည်။

“စစ်တပ်ရဲ့ စစ်အုပ်ချုပ်ပုံနဲ့လာအုပ်ချုပ်မှာ မလိုလားဘူး။ လာမယ့် စစ်မှုထမ်းဥပဒေကို ကြောက်တာကြောင့်လည်း ပါတယ်” ဟု သူက ပြောသည်။

၁၀၂၇ စစ်ဆင်ရေး ပထမအကျော့ပြီးသည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး စစ်သားစုဆောင်းသည့် ဒေသများထဲတွင်  လားရှိုးမြို့လည်း ပါဝင်သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ် ပြန်လည်ဝင်ရောက်လာပါက လားရှိုးမြို့အုပ်ချုပ်ရေးတွင် ပါဝင်ကူညီနေသည့် ဒေသခံများနှင့် CDM ဝန်ထမ်းများကို အငြိုးထား နှိပ်ကွပ်မည်ကိုလည်း  စိုးရိမ်နေကြသည်ဟု အသက်(၆၀)ခန့်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“တကယ်လို့ ကိုးကန့်တပ်က မနေလို့ စစ်ကောင်စီတပ်က ပြန်ဝင်လာမယ်ဆိုရင်တော့၊ ကျွန်တော်တို့လည်း တခြားလွတ်လပ်တဲ့နေရာသွားမှာ။ ဒီကလူတွေလည်း အဲဒီလို သဘောထားရှိကြတာ” ဟု အဆိုပါ  လားရှိုးမြို့ခံက ပြောသည်။

၇ လဝန်းကျင်ခန့်သာ ရှိသေးသည့် MNDAA ၏ အုပ်ချုပ်မှုနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန်စောသေးကြောင်း၊ စစ်ကောင်စီတပ် ပြန်မလာစေလိုကြောင်း  အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

တိုက်ပွဲအပြီး လအနည်းငယ်မှစတင်ကာ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိနေသည့် လားရှိုးတွင် မြို့မဈေးနှင့် အခြားဈေးငယ်များလည်း ပြန်လည်စည်ကားနေပြီဖြစ်ကာ ကုန်ဈေးနှုန်းလည်း ကျဆင်လာပြီဖြစ်ကြောင်း ဒေသခံ အချို့က ပြောသည်။

“ကုန်ဈေးနှုန်းက တချို့တောင်ကျလာသေးတယ်။ သူ့ဟာနဲ့ သူတော့ ဖြစ်နေကြတာပဲ။ ရောင်းကောင်းတာ မကောင်းတာပဲကွာတယ်” ဟု မြို့ခံတစ်ဦးက ဆိုသည်။

“လူဦးရေတော့ တဖြည်းဖြည်းနဲ့ များလာတယ်။ အများကြီး အခု ခပ်များများတောင် ပြန်လာကြပြီ၊ ဟိုတယ်တွေတောင် ဖွင့်နေပြီ” 

ယခုအခါ မြို့ပေါ်တွင် စည်ကားနေပြီး နှစ်စဉ်သင်္ကြန်ပွဲများ ကျင်းပလေ့ရှိသည့်  မြို့အဝင် ရန်တိုင်းအောင် ဘုရားအနီးတွင် သင်္ကြန်မဏ္ဍပ်ထိုးနေပြီဖြစ်သည်ဟု သိရသည်။

မတ် ၂၂ ရက်မှစတင်ပြီး စစ်ကောင်စီနှင့် MNDAA အဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ထပ်မံဆွေးနွေးခဲ့ကြသော်လည်း ထူးခြားသည့် သဘောတူညီမှုမရခဲ့ကြောင်း   သတင်းများ ထွက်ပေါ်နေသည်။

ထိုအခြေအနေကြောင့် လားရှိုးမြို့တွင် တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံ ပေါ်ပေါက်လာနိုင်သေးသည်ဟု ဒေသခံတို့က ဆိုသည်။

၂၀၂၃ အောက်တိုဘာလမှ စတင်သည့် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် ကိုးကန့်ဒေသတစ်ခုလုံးနှင့် သိန္နီမြို့တို့ကို MNDAA တပ်က သိမ်းပိုက်နိုင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဖြစ်သည့် ၂၀၂၄ ဩဂုတ်လတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော် လားရှိုးကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။

Show More

Related Articles

Back to top button