သတင်း

လားရှိုးကို စစ်တပ် ဗုံးဆက်ကြဲ၊ မြို့သူမြို့သား သေဆုံးမှုများပြား

ကိုးကန့်တပ် MNDAA ထံ လက်လွှတ်လိုက်ရသည့် လားရှိုးတွင် အရပ်သားများ ရှိနေလင့်ကစား စစ်ကောင်စီလေတပ်က နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေသည်။

ကိုးကန့်တပ် MNDAA နှစ်လကြာ ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို  စစ်ကောင်စီလေတပ်က မကြာခဏ ဗုံးကြဲတိုက်ခိုက်နေရာ ထိခိုက်သေဆုံးမှုများ မြင့်တက်လာနေသည်။

ယမန်နေ့ (စက်တင်ဘာ ၃၀) ည ၁၀ နာရီခန့်က  ရပ်ကွက်(၁၂)အတွင်းသို့  ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့ရာ  ဒေသခံ ၉ ဦး ဒဏ်ရာရခဲ့ပြီး ၎င်းတို့ထဲမှ ၃ ဦးမှာ စိုးရိမ်ရသည့် ပြင်းထန်ဒဏ်ရာများ ရရှိသွားသည်၊  နေအိမ်အများအပြား ပျက်စီးခဲ့သည်ဟု သိရသည်။

 စက်တင်ဘာ ၃၀  နံနက် ၁ နာရီခန့်က ဗုံးကြဲတိုက်ခိုက်စဉ်  ရပ်ကွက်(၁၁) အောင်စေတနာ လမ်းသွယ်ရှိ လူနေအိမ်များကြား ဗုံးနှစ်လုံး၊ ရပ်ကွက်(၈)ရှိ ကားဝပ်ရှော့ဆိုင်တစ်ခုသို့ ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့ပြီး လူနေအိမ်များ ပျက်စီးခဲ့သလို ကားဝပ်ရှော့သို့ ဗုံးကျရောက်ခဲ့ရာ မော်တော်ယာဉ် ၁၂ စီး ပျက်စီးခဲ့သည်ဟု သိရသည်။

လားရှိုးမြို့သိမ်းပိုက်ခံရပြီးနောက် ဩဂုတ်လကုန်ပိုင်းမှ ယနေ့အထိ လားရှိုးမြို့နှင့် အနီးအနားရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ရာ ဒေသခံ ၈ ဦးသေဆုံးပြီး ၄၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။

တိုက်ခိုက်မှုများ ဆက်ရှိနေကြောင့်   လားရှိုးမြို့မှ နေရပ်စွန့်သွားကြသူများမှာ ပြန်မလာရဲကြသေးသလို ထပ်မံ ရှောင်တိမ်းသူများလည်း ရှိနေသည်ဟု အသက်(၅၀)ခန့်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“တခြားမြို့ထက်စာရင် ဒီမြို့က ပြည်နယ်မြို့တော်ဆိုတော့ (စစ်တပ်)သူတို့က ပိုပြီးမှဖိအားပေးမှာပဲလေ၊ ပြည်သူတွေမနေနိုင်အောင်ပေါ့” ဟု အဆိုပါ အမျိုးသားက ပြောသည်။

“ပြည်သူတွေထွက်သွားရင်‌တော့သူ့အတွက် နိုင်ငံရေးအမြတ်ပေါ့၊ ပြည်သူတွေမထွက်ဘူး၊ ဒီအတိုင်းဆက်ပြီးနေနေတယ်ဆိုရင်‌တော့၊ စည်ကားတယ်ဆိုရင်တော့ သူ့အတွက် မကောင်းဘူးပေါ့” 

မြို့တွင်း၌  ဈေးဆိုင်များ ဖွင့်ထားကြပြီး၊ အသွားအလာများလည်း ပုံမှန်အတိုင်းရှိနေသည်၊  MNDAA အဖွဲ့ကလည်း မြို့တွင်း၌ ပုံမှန်အတိုင်း ကင်းလှည့်နေသည်ဟု ဒေသခံအချို့က ပြောသည်။

မြို့ကို MNDAA အဖွဲ့က အပြီးသတ်သိမ်းပိုက်နိုင်သည့် ဩဂုတ်လဆန်းမှ စတင်ကာ လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်မှ ၁၀ ကြိမ်ခန့်ရှိလာပြီဖြစ်ပြီး တိုက်ခိုက်မှုအတွင်း ရပ်ကွက်(၁)ရှိ မြို့မဈေးနှင့် ရပ်ကွက်(၈)(၁၀)(၁၁)(၁၂)နှင့် အခြားရပ်ကွက်အချို့တွင် ဗုံးများကျရောက်ပေါက်ကွဲခဲ့သည်။

ဗုံးဒဏ်ကြောင့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို ဒါဇင်နှင့်ချီသည့် ပြည်သူများလည်း ဒဏ်ရာများ ရရှိခဲ့ကြသည်။

ဗုံးကြဲမှုများကြားမှပင် မြို့တွင်း၌ ကျန်ရစ်နေသည့် ဒေသခံများမှာ ရုန်းကန်လှုပ်ရှားနေကြရသည်ဟု ကူညီကယ်ဆယ်ရေးလုပ်ပေးနေသည့် ပရဟိတအဖွဲ့မှ အမျိုးသားတစ်ဦးက ပြောသည်။

“ထွက်တဲ့သူလည်းထွက်တယ်၊ မထွက်တဲ့သူလည်းရှိတယ်။ ဈေးတွေဆိုင်တွေဖွင့်ပါတယ်။ မျက်နှာစာ ဆိုင်ခန်းတွေကတော့ဖွင့်တယ်။ အတွင်းထဲကဖွင့်ဆိုဆဲဆဲမှာ လာပြီးလုပ်သွားတာလေ။  ပြောင်းရွှေ့တာတွေ မတွေ့ဘူး။ ပြန်ထွက်တာတွေလည်း မတွေ့ဘူး၊ ကိုယ့်နားမကျသရွေ့တော့ နေနေကြတာပဲ” ဟု အဆိုပါ အမျိုးသားက ပြောသည်။

စစ်ကောင်စီတပ်က အများအားဖြင့် အစိုးရဌာနဆိုင်ရာ အဆောက်အဦများနှင့် အခြားနေရာများကို ဦးတည်တိုက်ခိုက်လေ့ရှိပြီး မြို့တွင်းရှိ စစ်ကောင်စီသတင်းပေး ဒလန်များကြောင့် ထိုသို့ တိုက်ခိုက်နေခြင်းဖြစ်နိုင်ကြောင်း အထက်ပါ အမျိုးသားက ပြောသည်။ 

“စစ်တပ်ဘက်ကလည်း သတင်းတွေ ပေးတဲ့သူရှိလို့ ပေးရင်ပေးတဲ့အတိုင်း လုပ်နေတဲ့အတိုင်းအတာရှိလောက်တယ်လို့ထင်တာပဲ။ 

ဖြစ်နိုင်မယ်ဆိုရင် (ဗုံးကြဲတာ)မလုပ်စေချင်ဘူး” ဟု အဆိုပါ အမျိုးသားက ပြောသည်။

“လားရှိုးဘက်မှာလည်း ပြည်သူတွေပဲရှိတော့တာလေ။အိုးအိမ်တွေပျက်စီးနေတာလည်း ပြည်သူတွေရဲ့အိုးအိမ်တွေပဲဆိုတော့ ပြေလည်အောင်ညှိကြဖို့ လူထုအနေနဲ့ တောင်းဆိုချင်တယ်” 

ယနေ့မွန်းလွဲပိုင်းတွင် MNDAA က မြို့ရပ်ကွက်များအတွင်း  ဒလန်ဟု ယူဆရသူများ၏ အချက်အလက် လိုက်လံကောက်ယူနေသည်ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

 ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့တွင် တိမ်းရှောင်နေသည့် လားရှိုးမြို့ခံတစ်ဦးက ဗုံးကြဲမှုများ ဆက်လက်ဖြစ်ပွားနေလျှင် လားရှိုးမြို့ကို ပြန်နိုင်မည့် မျှော်လင့်ချက် နည်းနေဦးမည်ဟု ဆိုသည်။

“ကျွန်တော်တို့ကတော့ အရှုံးအနိုင်ပြတ်သားသွားမှ ကိုယ့်ဒေသကိုပြန်လို့ရမှာ။ လောလောဆယ် ဒီအတိုင်းဆိုရင်တော့ ပြန်သွားလို့မရသေးဘူး။ မြို့ကို ဖွတ်ဖွတ်ကြေအောင် ဗုံးကြဲဦးမယ့်ပုံစံကြီး။  (စစ်ကောင်စီက)  ရည်ရွယ်ချက်ရှိရှိနဲ့ မြို့ကိုပျက်စီးအောင် လုပ်နေတာ”  ဟု အဆိုပါ အမျိုးသားက ပြောသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)တွင် တပ်ဖွဲ့ဝင်အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နှစ်ပေါင်း ၂၀ ခန့်ကြာအောင်တာဝန်ထမ်းခဲ့ဖူးသည့် ဝါရင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်ကောင်စီတပ်က လားရှိုးမြို့ကို ပြန်သိမ်းနိုင်ရန် ကြိုးပမ်းနေပြီး မိုင်းရယ်တွင်လည်း စစ်ရေးတင်းများမှုများ ရှိနေသည်ဟု ဆိုသည်။

လားရှိုးမြို့ကို ဗုံးကြဲတိုက်ခိုက်မှုများက မြို့တွင်းသို့ ပြည်သူများ ပြန်ဝင်လာမည်ကို စိုးရိမ်သည့်အတွက် ဟန့်တားရန်လည်း ဖြစ်နိုင်သည်ဟု ၎င်းက ဆက်လက်သုံးသပ်သည်။

“အနည်းဆုံးကတော့ (စစ်တပ်)သူတို့ကတော့ လားရှိုးကို ပြည်သူတွေပြန်ပြီးတော့ မဝင်ရဲအောင်လုပ်နေတယ်လို့ ကောက်ချက်ချလို့ရတယ်။ လာရှိုးပြန်စည်ကားသွားမှာ ပုံမှန်ပြန်ဖြစ်သွားမှာကို သူက စိုးရိမ်နေပုံရတယ်၊ အဲဒါကြောင့် ပစ်မှတ်တွေက ပြည်သူလူထုပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်နေတာတွေ့ရတယ်” ဟု ဦးသန်းစိုးနိုင်က သုံးသပ်သည်။

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း မြို့ပေါင်းများစွာကိုသိမ်းပိုက်ထားနိုင်ခဲ့သည့် MNDAA တပ်က စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် ဇူလိုင်လဆန်းတွင် ဆက်လက်တိုက်ခိုက်ခဲ့ရာ လားရှိုးမြို့ကို တစ်လအတွင်း သိမ်းပိုက်နိုင်ခဲ့သည်။

လားရှိုးကို သိမ်းပိုက်နိုင်ပြီးနောက် တောင်ကြီးနှင့် မန္တလေးမြို့များကို ဆက်လက်သိမ်းပိုက်မည်မဟုတ်ဘဲ စစ်ကောင်စီတပ်နှင့်လည်း ဆွေးနွေးရန်အသင့်ရှိသည်ဟု MNDAA က ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်က လားရှိုးကို   ဆက်လက် တိုက်ခိုက်နေသည်။

ထို့အပြင် လားရှိုးမြို့၏ တောင်ဘက် မိုင် ၅၀ ကျော်အကွာတွင်ရှိပြီး စစ်ကောင်စီတပ်၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ပြန်လည်ဖွင့်လှစ်ထားသည့် မိုင်းရယ်မြို့တွင် စစ်ရေးတင်းမာနေသည့်အတွက် ဒေသခံများ တိမ်းရှောင်နေကြသည်ဟု သိရသည်။

Show More

Related Articles

Back to top button