
နိုင်ငံအလယ်ပိုင်း မန္တလေးမြို၊ မဟာအောင်မြေမြို့နယ်၌ တစ်မြို့နယ်လုံးမှ လူငယ်လူရွယ်များကို စစ်မှု ထမ်းအပတ်စဉ်များအတွက် ရပ်ကွက်အုပ်ချုပ်ရေးရုံးအသီးသီးတွင် ယနေ့ (မတ် ၂၄ ရက်) မဲနှိုက်ခြင်း များပြုလုပ်နေကြောင်း သိရှိရသည်။
စစ်သားနှင့်ပျူစောထီးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ အပါအဝင် အင်အား ၅၀ စီခန့်က ရပ်ကွက်ရုံးနှင့် အနီး တဝိုက်တွင် လုံခြုံရေးယူကာ ရပ်ကွက်ရုံးများတွင် ပြည်သူ့စစ်မှုထမ်းမဲနှိုက်ခြင်း ပြုလုပ်နေကြခြင်း ဖြစ် သည်။
ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဦးဆောင်ကာ စစ်မှုထမ်းတွင်အကျုံးဝင်သူ လူငယ်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို ဖိတ်ခေါ်၍ မဲနှိုက်နေကြောင်း မဟာအောင်မြေမြို့နယ် ၊ လန်ဒန်ဝင်းရပ်ကွက် နေထိုင်သူ အမျိုးသမီးတစ်ဦးကပြောသည်။
“စစ်သားတွေ သေနတ်တွေနဲ့ လုံခြုံရေးပေးထားတယ်။ ပြီးတော့ ရုံးပတ်ချာလည်မှာ ပျူတွေ၊ မီးသတ်တွေ စောင့်ကြပ်တယ်။ CCTV (လုံခြုံရေးကင်မရာ) တွေလည်း တပ်ထားတယ်။ အင်အားက တစ်ရုံးမှာ စုစုပေါင်း ၅၀ လောက်တောင် ရှိမယ်”ဟု ၎င်းက ဆိုသည်။
ယခု လာမည့် စစ်မှုထမ်းအပတ်စဉ် (၁၂) တစ်ခုတည်းအတွက် မဲနှိုက်ခြင်း မဟုတ်ကြောင်း၊ နောင်လာမည့် အပတ်စဉ်များအတွက်ပါ တစ်ပါတည်းနှိုက်ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“အခုအပတ်စဉ် ၁၂အတွက် နှိုက်ရတာမျိုးမဟုတ်ဘူး။ နံပါတ်တွေကို မဲနှိုက်ရွေးချယ်ရတာ။ ဥပမာ ကိုယ် က အစောဆုံး ၁ ကနေ ၁၀၀ အတွင်း ပေါက်တယ်ဆိုပါစို့။ အဲဒီလူက အခုအပတ်စဉ်အတွက်ကို မလွတ်တော့တာ။ မဲနံပါတ်ကြီးလေ အပတ်စဉ် နောက်ကိုရောက်လေ။ နံပါတ်သေးလေ စောစော စစ်ထဲ ဝင်ရလေပေါ့”
စစ်မှုထမ်းရန် အသက်ပြည့်မီသူမည်သူမဆို လွတ်ကင်းခွင့်မရှိဘဲ မိသားစုဝင်များက ကိုယ်စား လာရောက် မဲနှိုက်ခွင့်ရှိသည်၊ မလာရောက်ပါက အများသူငါရှေ့တွင်ပင် ရပ်ကွက်ရုံးအဖွဲ့ဝင်များက နှိုက်ပေး၍ မိုက်ခရိုဖုန်းဖြင့် အော်ဟစ်ကြေညာပေးနေသည်ဟု ဆိုသည်။
ထိုသို့ မဲနှိုက်ရာတွင် အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးများ၊ စစ်ကောင်စီအရာရှိတို့၏ မိသားစုဆွေမျိုးများ ၏ သားသမီးများ ပါဝင်မှု ရှိမရှိ မသိရသေးဟု ထိုအမျိုးသမီးက ဆက်ပြောသည်။
မဲနှိုက်ပြီးနောက် စစ်မှုထမ်းရန်ထွက်ပြေးတိမ်းရှောင်ခြင်း မပြုကြောင်း မိသားစုဝင်များက ခံဝန်ထိုးရမည် ၊ ထွက်ပြေးပါက ခံဝန်ထိုးထားသည့် မိသားစုဝင်များ ဖမ်းဆီးခံရမည်၊ တစ်မိသားစုလုံး ရှောင်တိမ်းသွား ပါက နေအိမ်ကိုချိပ်ပိတ်မည်ဟု ပျူစောထီးများက ခြိမ်းခြောက်ကြောင်း မဟာအောင်မြေမြို့နယ်အရှေ့ ပိုင်းမှ အမျိုးသားတစ်ဦးက ပြောသည်။
“တရားဝင်ကြေညာတာမျိုးတော့ မဟုတ်သေးဘူး။ သတင်းတွေမြေပြင်မှာတော့ လွှင့်နေတယ်။ ထွက်ပြေး ရင် မိသားစုတွေပါဖမ်းမှာတို့။ အိမ်ချိပ်ပိတ်မှာတို့”ဟု ယင်းအမျိုးသားက ဆိုသည်။

အပတ်စဉ် (၁၂) အတွက် မဲနံပါတ်အစောဆုံးပေါက်သူများကို စစ်ကောင်စီက ချက်ချင်း ခေါ်ဆောင်သွား မည်ကို စိုးရိမ်၍ ကာယကံရှင်အများစုက မလာရောက်ကြဘဲ မိသားစုဝင်များက ကာယကံရှင်ကိုယ်စား လာရောက်မဲနှိုက်ကြသည်က များသည်ဟု မဟာအောင်မြေမြို့နယ်မှ အသက် ၃၀ အရွယ် အမျိုးသမီး သတင်းရင်းမြစ်နောက်တစ်ဦးက ပြောသည်။
“တချို့မိဘတွေဆိုရင်ပေါ့။ ငါတို့က အိုပြီ။ ငါတို့ကလေးတွေတော့ မပေးနိုင်ဘူး။ သူတို့ဥပဒေအရပဲ ကိုယ်စား ထောင်ထဲဝင်မယ်တို့ ပြောဆိုနေကြတယ်။ မိဘတွေလည်း စိတ်သောကတွေနဲ့ ငိုယိုလို့ပဲ”
ယနေ့ မဟာအောင်မြေမြို့နယ်တစ်ခုသာ မဲနှိုက်ခြင်းပြုလုပ်နေပြီး မန္တလေးမြို့မြို့သစ်ရပ်ကွက်တချို့နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ပြီးခဲ့သည့်ရက်များအတွင်းက မဲနှိုက်ပြီးစီးပြီဟု သိရသည်။
အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ပြင်ဆင်အတည်ပြုခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို လက်ရှိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းပြီးသုံးနှစ်အကြာ အာဏာသိမ်းပြီး၂၀၂၄ ခု ဖေဖော်ဝါရီ တွင် အသက်သွင်းလိုက်သည်။
ထိုဥပဒေကို လက်ကိုင်ပြုကာ အသက် ၁၈ မှ ၃၅ နှစ်ကြား လူငယ်များကို နိုင်ငံအနှံ့ စစ်သားစစ်စုဆောင်း ခြင်းများပြုလုပ်နေရာ ယခုနှစ် မတ်လ ဒုတိယပတ်တွင် အပတ်စဉ် (၁၁) ကို ဖွင့်လှစ်ပြီးဖြစ်သည်။
တစ်နိုင်ငံလုံး စစ်မျက်နှာဖွင့်ထားသည့် စစ်ကောင်စီတပ်သည် အပတ်စဉ်တစ်ခုလျှင် စစ်မှုထမ်းဦးရေ ၅၀၀၀ ဖြင့် အပတ်စဉ် ၁၀ ခုကို စစ်မှုထမ်း အင်အား ၅၀၀၀၀ ခန့် စုဆောင်းခဲ့သည်။
သို့သော် စစ်မှုထမ်းသင်တန်းဆင်းများ ထွက်ပြေးခြင်း၊ အဖမ်းခံရခြင်းများ၊ သေဆုံးထိခိုက်ဒဏ်ရာရမှု များ လည်းရှိနေသည်။
အတည်ပြုခဲ့သည့် စစ်မှုထမ်းဥပဒေအရ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ၊ ၁၈ နှစ်မှ ၂၇ နှစ် အတွင်း အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ဆိုနိုင်သည်။
ဆရာဝန်၊ အင်ဂျင်နီယာ၊စက်မှုလက်မှုပညာတတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ် ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ပါက စစ်မှုထမ်းရမည့် အသက်အပိုင်းအခြားကို အမျိုးသား ဖြစ်ပါက ၁၈ နှစ်မှ ၄၅ နှစ်၊အမျိုးသမီးဖြစ်ပါက ၁၈ နှစ်မှ ၃၅ နှစ်ဟု သတ်မှတ်ထားသည်။
စစ်မှုထမ်းရန်အတွက် ကျန်းမာပြီး အသက်ပြည့်မီသည့် လူငယ်များအားလုံး ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြား ထွက်ခွင့်မပြုကြောင်း စစ်ကောင်စီက ဇန်နဝါရီ ၂၃ ရက်နေ့က အတည်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေတွင် ထည့်သွင်းကန့်သတ်ထားသည်။
စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မတ် ၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ကလောတပ်နယ်သွားရောက်စဉ် စစ်မှုထမ်းများ ခေါ်ဆောင်ရာတွင် ငွေကြေးမသမာမှုများ ရှိနေကြောင်း ထည့်သွင်းပြောခဲ့သည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းထားရှိပြီး ဥပဒေနှင့်အညီ သင်တန်းများ ဖွင့်လှစ် ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ တချို့သည် ဥပဒေနှင့်အညီ မဆောင်ရွက်ဘဲ ငွေကြေး မသမာမှုများကြောင့် စုဆောင်းခံရသည့် ပြည်သူ့စစ်မှုထမ်းတချို့အခက်အခဲဖြစ်ခဲ့ပြီး ထိုကိစ္စများ အမြဲ လိုလိုဖြေရှင်းနေရကြောင်း ၎င်းက ပြောခဲ့သည်။