သတင်း

ဗန်းမော်မြို့အနီး ကျေးရွာများ ဗုံးကြဲခံရပြီး KIA တပ်ဖွဲ့ဝင်များအပါအဝင် ၇ ဦးသေဆုံး

ဗန်းမော်တွင် တိုက်ပွဲများပြင်းထန်နေစဉ် မြို့အနီးဝန်းကျင်ရှိ စစ်ရှောင်များ ခိုလှုံနေသော ရွာအပါအဝင် အခြား ၁ ရွာကို တစ်ရက်အတွင်း ဗုံးကြဲခဲ့စဉ် လူသေဆုံးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သိမ်းထားသည့် ကျေးရွာ ၂ ရွာကို  မတ် ၁၇ ရက်က လေကြောင်းမှ ဗုံးကြဲခဲ့ရာ KIA တပ်ဖွဲ့ဝင် ၂ ဦး၊  ဗန်းမော်စစ်ရှောင် ၅ ဦး သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိသည်ဟု ဒေသခံများက ပြောသည်။

ဗန်းမော်မြို့ အရှေ့မြောက်ဘက် ၁၁ မိုင်ခန့်အကွာရှိ ခူးလီရွာကို မတ် ၁၇ ရက်နေ ညနေ ၅ နာရီခန့်တွင် လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံအမျိုးသား ၁ ဦး သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိခဲ့သည်။

ထို့နောက် ည ၇ နာရီခန့်တွင် ဗန်းမော်မြို့အနောက်ဘက် ၃၆ မိုင်ခန့်အကွာ ၊ မြစ်ကြောင်းအတိုင်းဆိုလျှင် မိုင်၂၀ ကျော်ခန့်အကွာ ဧရာဝတီမြစ်ကမ်းအနီးတွင် ရှိသည့် စင်းခန်းကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲ ခံရသည်။

စင်းခန်းရွာ ရဲစခန်းကို ဗုံးထိမှန်ခဲ့ပြီး ရဲစခန်းအနီးလုံခြုံရေးယူထားသည့် KIA တပ်ဖွဲ့ဝင် ၂ ဦးနှင့် စစ်ရှောင် ဒေသခံ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၂ ဦးတို့ သေဆုံးခဲ့သည်ဟု စင်းခန်းရွာခံများကို ကိုးကားပြီး ရွှေကူ ဒေသခံ အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“ဘာမှမဖြစ်ဘဲနဲ့ကို ရုတ်တရက်ကြီး ရဲစခန်းကို ကြဲတာ၊ အဲဒီထဲမှာ လူဘယ်လောက်ရှိလဲ မသိဘူး KIA က တော့ ၂ ယောက်ပါသွားတယ်။ ဒေသခံတွေက စစ်ရှောင်တွေလည်းရှိတယ်။ အများစုက ဗန်းမော်က လာ ကြပြီး ရှောင်နေကြတာများတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။

၂၀၁၄ ခုနှစ် စာရင်းများအရ အဆိုပါရွာတွင် လူဦးရေ ၆၈၀၀ ကျော်နေထိုင်ကြသော ရွာကြီးတစ်ရွာဖြစ် သည့်  စင်းခန်းရွာတွင် ဧရာဝတီမြစ်ကူးတံတား (စင်းခန်း) နှင့် ချောင်းကူးတံတားတို့ ရှိသည့်အတွက် စစ်ကောင်စီက တပ်စခန်း ၄ ခုခန့် ချထားသည်။

ရွှေကူ-ဗန်းမော်လမ်းပေါ်တွင်ရှိပြီး  စစ်ရေးအရ ကုန်းလမ်း၊ ရေလမ်းများကို စိုးမိုးထားနိုင်သည့် စင်းခန်းရွာ ကို ပြီးခဲ့သည့်နှစ် မေလတွင် KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီးဖြစ်သည်။ 

၂၀၂၄ ခု ဒီဇင်ဘာတွင် ဗန်းမော်နှင့် မံစီ မြို့များကို KIA နှင့် ပူးပေါင်းတပ်များက မြို့သိမ်းတိုက်ပွဲ စတင်ခဲ့ သည့် နောက် ဗန်းမော်မြို့ခံအားလုံးနီးပါး မြို့မှ တိမ်းရှောင်ခဲ့ကြရာ စင်းခန်းရွာတွင်လည်း ဗန်းမော် မြို့ခံ စစ်ရှောင်များ ရောက်ရှိခိုလှုံခဲ့ကြသည်။

၂၀၂၄ ဒီဇင်ဘာ ၂၄ ရက်က နတ်ခုတ်နှင့် ဘူးတောင်ရွာဘက်မှ လှမ်းမြင်ရသော မြစ်တစ်ဖက်ကမ်းမှ ဗန်းမော်မြို့။ (ဓာတ်ပုံ- နေ့သစ်)

ဗုံးကြဲခံရသည့်နေရာမှာ စင်းခန်းရွာအလယ်သို့ ဖြစ်ပြီး ရွာအလယ်တွင် ရဲစခန်းနှင့် စစ်ရှောင်များ ဈေး ရောင်းချသည့် ဆိုင်များလည်း ရှိနေသည်ဟု ဒေသခံ အမျိုးသား နောက်တစ်ဦးကလည်း ပြောသည်။

“အဲဒီရဲစခန်းက ရွာလယ်မှာရှိတာ၊ အဲဒီရဲစခန်းပတ်ပတ်လည်မှာ ဈေးဆိုင်ခန်းတွေအများကြီးပဲ၊ လူတွေ ကတော့ တော်တော်ကိုထိမှာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ဗုံးကြဲမှုအတွင်း ဒဏ်ရာရသူအများအပြားရှိသည်ဟု သိရသော်လည်း အသေးစိတ်အခြေအနေများကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

KIA ပြန်ကြားရေးဌာနကလည်း အဆိုပါ စင်းခန်းရွာနှင့် ခူးလီရွာဗုံးကြဲမှုကြောင့် ၇ ဦးသေဆုံးကြောင်း ယမန် နေ့က ထုတ်ပြန်ထားပြီး အသေးစိတ်သိရှိနိုင်ရန် ဗိုလ်မှူးကြီးနော်ဘူကို Myanmar Now က ဆက်သွယ် မေးမြန်းနေဆဲဖြစ်သည်။

ဗန်းမော်မြို့ကို သိမ်းပိုက်နိုင်ရေး KIA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်နေရာ တပ်ရင်းအချို့၊ မြို့ပေါ် ရပ်ကွက်တချို့နှင့် လေဆိပ်တို့ကို သိမ်းပိုက်ထားပြီး အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၂၁)ကို ဆက်လက် ထိုးစစ်ဆင်နေရာ စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီး၊ လေကြောင်းဗုံးကြဲမှုများဖြင့် အပြင်းအထန်ခုခံနေသည်။ 

ဗန်းမော်မြို့တင်မကဘဲ မြို့အနီးဝန်းကျင်ရှိ ကျေးရွာများနှင့် KIA ထိန်းချုပ်ဒေသများကိုလည်း မကြာခဏ ဗုံးကြဲခံနေရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်း စင်းခန်းရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့သည်။

ဗန်းမော်မြို့ ပတ်ပတ်လည်ရှိ မိုးမောက်၊ မံစီ စသည့်မြို့များအပြင် မြို့အနောက်ဘက် ဧရာဝတီမြစ် အနောက်ဘက်ကမ်းကိုပါ KIA ပူးပေါင်းတပ်များက စိုးမိုးထားသည်။

ကချင်ပြည်နယ်အတွင်းရှိ အခြားဒေသများတွင် လတ်တလော တိုက်ပွဲများငြိမ်သက်နေသော်လည်း ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေသည်။

၂၀၂၄ မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ ကန်ပိုက်တည်၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ် ရေး လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။

လေကြောင်းတိုက်ခိုက်မှုပြမြေပုံ။

Show More

Related Articles

Back to top button