တရုတ်-မြန်မာနယ်စပ်အနီး ကချင်ပြည်နယ်အရှေ့တောင်ဘက် ဗန်းမော်၊ မိုးမောက်နှင့် မံစီမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်း ၇ ခု ထက်မနည်း ယနေ့ (မေ ၇) နံနက်ပိုင်းတွင် တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခံလိုက်ရသည်။
နံနက် ၅ နာရီခန့်မှ စတင်ကာ မံစီမြို့၊ မိုးမောက်မြို့နှင့် ဗန်းမော်မြို့ အနောက်ဘက် မိုင် ၃၅ ခန့်အကွာ ဧရာတီမြစ်ကမ်းဘေးတွင်ရှိသည့် စင်းခန်းရွာတို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပါဝင်သည့် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ဗန်းမော်မြို့တောင်ဘက် ၁၂ မိုင်ခန့်အကွာရှိ မံစီမြို့ မြို့မရဲစခန်း၊ မြို့အထွက်နားရှိ စစ်ကောင်စီတပ် ခမရ (၃၁၉) တပ်ထိုင်ထားသည့် စခန်းငယ်တစ်ခုနှင့် စင်းခန်းရွာရှိ စခန်းများကို တိုက်ပွဲစတင်ပြီး နာရီပိုင်းအကြာမှာပင် သိမ်းပိုက်နိုင်ခဲ့သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“မံစီမြို့မရဲစခန်းကို သိမ်းလိုက်တာရှိပါတယ်။ နောက် မန်ယောမှာလည်း ၃၁၉ စခန်းငယ်တစ်ခုရှိတယ်၊ အဲဒါကိုလည်း သိမ်းလိုက်တာဖြစ်ပါတယ်။ နောက်ပြီးတော့ စင်းခန်းတံတား လုံခြုံရေးယူထားတဲ့ ပို့စ် (စခန်းကုန်းအသေး) ကို သိမ်းပိုက်လိုက်တာရှိပါတယ်” ဟု သူက ပြောသည်။
မံစီမြို့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ (၃၁၉)၊ ဗန်းမော်မြို့အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) လက်အောက်ခံ ခမရ (၆၀၁) တို့ အခြေစိုက်ထားပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု သိရသည်။
ထို့ပြင် ဗန်းမော်မြို့အနောက်ဘက် ၃၅ မိုင်ခန့် အကွာတွင်ရှိသည့် စင်းခန်းရွာကိုလည်း KIA, ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) နှင့် KIA တပ်ရင်း (၁၂) လက်အောက်ခံ မိုးကြိုးလှုပ်ရှားစစ်ကြောင်းတို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီစခန်း ၄ ခုနှင့် ရဲစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
စင်းခန်းရွာသည် ရွှေကူ-ဗန်းမော်လမ်းပေါ်တွင်ရှိပြီး ဧရာဝတီမြစ်ကူးတံတား (စင်းခန်း) နှင့် ချောင်းကူးတံတားတို့ ရှိသည့်အတွက် စစ်ကောင်စီက တပ်စခန်း ၄ ခုခန့် ချထားသည်။
ထိုတံတားပေါ်တွင် KPDF တပ်ဖွဲ့ဝင်များ အောင်ပွဲခံနေသည်ကို မှတ်တမ်းတင်ထားသည့် ဓာတ်ပုံနှင့် ရုပ်သံများလည်း အွန်လိုင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။
တံတားအရှေ့ဘက်ခြမ်းတွင် တပ်မ (၈၈) လက်အောက်ခံ တပ်တချို့နှင့် ခလရ (၅၆) တပ်များ၊ တံတားအနောက်ဘက်ခြမ်းတွင် မံစီမြို့အခြေစိုက် ခမရ (၃၁၉) မှ တပ်တချို့နှင့် တပ်မ (၉၉) လက်အောက်ခံ တပ်တချို့ စခန်းထိုင်ထားကြသည်။
ယနေ့နံနက် ၅ နာရီခန့်မှစတင်ကာ ဧရာဝတီမြစ်ကမ်းနှစ်ဖက်လုံးတွင်ရှိသည့် အဆိုပါ စခန်းများကို တစ်ချိန်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်၊ နံနက် ၆ နာရီခန့်တွင် စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ရှေ့တန်းရောက် မိုးကြိုးလှုပ်ရှားစစ်ကြောင်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားပြီးနောက် Y 12 လေယာဉ်များလည်း ရောက်လာသည်ဟု ပြောသည်။
“မနက် ၆ နာရီလောက်မှာ ရပြီးတော့ သူတို့ကတော့ ဆုတ်ပြေးသွားတာ၊ ပစ်တော့ပစ်တယ်၊ အပြန်အလှန်ပစ်ကြတာက ၄၅ မိနစ်လောက်ပဲ ကြာတယ်၊ ပြီးတော့ ပြေးကြတာပဲ” ဟု အဆိုပါ တပ်ဖွဲ့ဝင်က ဆိုသည်။
“အခုထိကတော့ စခန်းရှင်းတုန်းပဲ။ မိုင်းတွေ ထောင်ခဲ့တာ အများကြီးပဲ၊ Y 12(လေယာဉ်) တွေလည်း လာနေတုန်းပဲ”
စင်းခန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၆ စင်းခန့်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သလို Y 12 လေယာဉ်ဖြင့် လေးကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
တစ်ချိန်တည်းပင် မိုးမောက်မြို့အနောက်ဘက်ကပ်လျက်တွင်ရှိသည့် ခမရ (၄၃၇) တပ်ကိုလည်း ဝင်ရောက်တိုက်ခိုက်နေသည်၊ မိုးမောက်မြို့ပေါ်တွင်လည်း ပစ်ခတ်မှုများ ရှိသည်ဟု သိရသည်။
ဗန်းမော်မြို့ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် မိုးမောက်မြို့တွင် ပြည်သူအများစုမှာ ဧပြီလမှစတင်ကာ မြို့ကို စွန့်ခွာပြီး ဗန်းမော်မြို့နှင့် မြစ်ကြီးနားမြို့များသို့ တိမ်းရှောင်သွားကြသည့်အတွက် မြို့ပေါ်တွင် လူအနည်းစုသာ ကျန်ရှိသည်။
ယနေ့နံနက် ၅ နာရီခွဲခန့်မှ စတင်၍ စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်နေသည့်အတွက် မိုးမောက်နှင့် ဗန်းမော်မြို့ကြား ၅ မိုင်ရွာမှ ဒေသခံအားလုံးနီးပါး ဗန်းမော်မြို့သို့ ပြောင်းရွှေ့လာကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“လေယာဉ်ကတော့ ၆ ခေါက်၊ ၇ ခေါက်တောင် မကတော့ဘူး ထင်တယ်၊ ကျွန်တော်ကြည့်နေတာတော့ မနက်ကတည်းကစပြီး လာလိုက် ပစ်လိုက်၊ လာလိုက် ပစ်လိုက်နဲ့ အမြဲလိုလို ဝဲနေတာပဲ” ဟု အသက် ၄၀ ကျော်အရွယ် အဆိုပါ ဗန်းမော်မြို့ခံ အမျိုးသားက ပြောသည်။
ထို့ပြင် ဗန်းမော်မြို့ပေါ်ရှိ စစ်ကောင်စီတပ်များက တိုက်ပွဲဖြစ်ပွားနေသည့် မိုးမောက်မြို့ဘက်ကို လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ကူပေးနေသည်ဟု ၎င်းက ဆက်ပြောသည်။
KIA ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မိုးမောက်မြို့ တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး မြေပြင်မှ သတင်းပေးပို့လာခြင်းမရှိသေးကြောင်း ပြောသည်။
စစ်တပ်က ထိုဒေသရှိ စခန်းများ တိုက်ခိုက်ခံရမှုကို သတင်းအမှောင်ချထားသည်။
ဧရာဝတီမြစ်ကမ်းဘေးရှိ ဗန်းမော်၊ မိုးမောက်နှင့် မံစီတို့သည် ဖိုခနောက်ဆိုင် တည်ရှိနေသည်။ မိုးမောက်မှ မိုင် ၅၀ အကွာတွင် KIA သိမ်းထားသည့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်၊ မံစီမြို့မှ ၅၅ မိုင်အကွာတွင် တရုတ်နယ်စပ်မြို့ ရှမ်းပြည်နယ် နန့်ခမ်းမြို့တို့ ရှိကြသည်။
KIA သည် နှစ်ပေါင်း ၆၀ ကျော်သက်တမ်းရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်။ ၂၀၂၁ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များကို စစ်သင်တန်းပေးရုံသာမက စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်တချို့တွင် PDF များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည်။
ထို့ပြင် မတ် ၇ ရက်မှစတင်ကာ ကချင်ပြည်နယ်တွင်း ထိုးစစ်စတင်ခဲ့ပြီး ရှမ်းမြောက်ရှိ မဘိမ်းမြို့၊ ကချင်ပြည်နယ်ရှိ အင်ဂျန်းယန်၊ ဆင်ဘို၊ ဆွမ်ပရာဘွမ်မြို့တို့နှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်တို့ကို သိမ်းပိုက်ထားသည်။