
စစ်ကောင်စီတပ်၏မျက်စိအောက်တွင် လှုပ်ရှားရသည့်အတွက် များစွာ စွန့်စားရသည်၊ အဖွဲ့၏ ၃ နှစ်ကျော် သက်တမ်းအတွင်း တပ်ဖွဲ့ဝင် ၂၅ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်ဟု Urban Guerilla (UG) ခေါ် မြို့ပြပြောက်ကျားအဖွဲ့တစ်ခုက ပြောသည်။
လဆန်းပိုင်းကလည်း UG အမျိုးသား ၆ ဦး မန္တလေးမြို့တွင် ဖမ်းဆီးခံလိုက်ရသည်။
အာဏာသိမ်းစစ်တပ်က နိုင်ငံအနှံ့ ဆန့်ကျင်ဆန္ဒပြသူတို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့အပြီး ပေါ်ပေါက်လာသည့် မြို့ပြပြောက်ကျားတပ်ဖွဲ့ များထဲတွင် နိုင်ငံအလယ်ပိုင်း မန္တလေးမြို့မှ No More Dictatorship People Defence Force (NMD) အဖွဲ့လည်း ပါဝင်သည်။
စစ်ကောင်စီဘက်တော်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေသော ထိုအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက
အာဏာသိမ်းပြီးတစ်နှစ်ကျော်အကြာ ၂၀၂၂ ဩဂုတ် ၁ ရက်နေ့တွင် ပေါ်ပေါက်လာသောအဖွဲ့၏ စစ်ရေး ရည်မှန်းချက်၊ မြို့ပြစစ်ရေးဖော်ဆောင်ရသည့် အခက်အခဲများအကြောင်း ပြောပြထားသည်။

မေး။ ။ NMD အဖွဲ့ကို တည်ထောင်ပြီး နှစ်နှစ်ကျော်အတွင်း ဘာတွေ ဆောင်ရွက်ခဲ့သလဲ။ UG တွေရဲ့ အခက်အခဲဘယ်လောက်ရှိသလဲ။
ဖြေ။ ။ ကျွန်တော်တို့ နှစ်နှစ်အတွင်းမှာ မစ်ရှင်ပေါင်း ၅၀ ကျော်ဖော်ဆောင်နိုင်ခဲ့ပြီး ဗျူဟာမြောက် မစ်ရှင်ပေါင်း များစွာ ဆက်လက်ဖော်ဆောင်သွားဖို့လည်းရှိပါတယ်။ ဖမ်းဆီးခံ ရဲဘော်၂၅ ယောက်ကျော် ရှိခဲ့ပါတယ်။ မြို့ပြမှာတော်လှန်ရေးလှုပ်ရှားတဲ့အခက်အခဲတွေ ဘယ်လောက်ရှိသလဲဆိုရင် စစ်ကောင်စီက မြို့ပေါ်မှာအခိုင်အမာ သူတို့ရဲ့အုပ်ချုပ်ရေးယန္တရားတွေ၊ ခံတပ်တွေ၊ ရဲစခန်းတွေ သူတို့ရဲ့ ဆိုင်ရာဌာနတွေ၊ ရုံးတွေ အခြေစိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ လုပ်ရကိုင်ရတာအရမ်းကို ခက်ခဲတယ်။ အရမ်းကို အန္တရာယ်များပါတယ်။
မေး။ ။ ဘယ်လောက်ထိ အန္တရာယ်များသလဲ။
ဖြေ။ ။ UG ဆိုတာက မျက်နှာလည်း ပြလို့မရဘူး။ ရှိနေတာလည်း ရန်သူရဲ့ အနီးဆုံးနေရာဖြစ်လို့ အရမ်းအန္တရာယ်များပါတယ်။ ရုပ်လုံးပေါ်လို့မရသလို အလှူလည်းခံလို့ မရဘူး။ တပ်ရင်းတပ်ဖွဲ့တွေလိုလည်း သေနတ်တွေနဲ့ စုဖွဲ့မှုတွေနဲ့ပြပြီးတော့ အလှူခံလို့ မရတာတွေ၊ လှူဒါန်းတဲ့ ပြည်သူတွေအနေနဲ့ကလည်း UG တွေအပေါ်မှ အာရုံစိုက်မှု အားနည်းပါတယ်။ ဒါ့ကြောင့်မို့ ငွေရေးကြေးရေးအခက်အခဲတွေ၊ ပြဿနာတွေများစွာနဲ့ မပြည့်စုံမှုတွေနဲ့ အလုပ်လုပ်ကြရတယ်ပေါ့နော်။
ငွေကြေးအခက်အခဲတွေ ကြောင့် ဒီမှာ မလိုလားအပ်တဲ့ ပြဿနာတွေရှိတယ်။ အဆက်အသွယ်တွေ ရှာတာတွေ၊ အလှူရှင်တွေရှာတာတွေကနေ ဖမ်းဆီးခံရတဲ့အဖွဲ့ပေါင်းများစွာ၊ ရဲဘော်ပေါင်းများစွာ ရှိခဲ့ဖူးပါတယ်။
မေး ။ ။ ငွေကြေးကုန်ကျမှုပိုင်း အခက်အခဲကရော ဘယ်လိုရှိတာလဲ။
ဖြေ ။ ။ UG တွေဆိုရင် စစ်ရေးလှုပ်ရှားမှုတွေ လုပ်ရတယ်။ တစ်ဖက်ကလည်း သုံးဖို့…နောက် ပြည်သူတွေနဲ့ အံဝင်ခွင်ကျဖြစ်ဖို့အတွက်ပေါ့နော်၊ လုပ်ငန်းတွေ လုပ်ကိုင်စားသောက်ရတာလည်း ရှိတယ်။ မစ်ရှင်အပေါ်မှာ မူတည်ပြီးတော့လည်း သုံးရတဲ့အသုံးစရိတ်တွေမြင့်မားတာတွေ ရှိတယ်။ ဥပမာ- ကားနဲ့သွားရမယ့်နေရာမျိုးဆို ကားနဲ့သွားရတယ်။ စီစဉ်ဖန်တီးရတာတွေရှိတယ်။ ဆိုင်ကယ်နဲ့ သွားရတဲ့နေရာမျိုးဆို ဆိုင်ကယ်နဲ့ပေါ့နော်။ နောက် အခြားသောမျိုးစုံအသွင်ယူတဲ့ အနေအထားတွေကနေမှ ကျွန်တော်တို့က ဒီငွေကြေးပိုင်းကုန်ကျမှုတွေက ပုံမှန်မရှိဘူး။ ဒီ့အတွက်လည်း အခက်အခဲများစွာရှိတယ်။
မေး ။ ။ မြို့ပြ UG တွေရဲ့ အခြားသော အခက်အခဲတွေ ပြောပေးပါဦး။
ဖြေ။ ။ ကျွန်တော်တို့မြို့ထဲမှာ ရန်သူ့ရဲ့အတွင်းစည်းထဲမှာ ကျွန်တော်တို့လုပ်ဆောင်ရတာဖြစ်တဲ့အတွက် ကြောင့်မို့ လက်နက်ခဲယမ်းတွေကို တော်လှန်ရေးစိုးမိုးထားတဲ့နေရာတွေလို ပေါ်ပေါ်တင်တင်သယ်လို့ မရဘူး။ လက်ပစ်ဗုံး၊ မိုင်း အစရှိတဲ့ သေနတ်အတို၊ အရှည်၊ ဒါတွေကအစ ပေါ်ပေါ်တင်တင်သယ်လို့ မရတာဖြစ်တဲ့အတွက်ကြောင့် အခက်အခဲတွေနဲ့ ပင်ပန်းဆင်းရဲမှုတွေ ရှိတယ်။
ဟိုးတော်လှန်ရေးအစတုန်းကဆိုလို့ရှိရင် မိုင်းသယ်ရင်းနဲ့မှပဲ ဖွက်သယ်ရတာဖြစ်တဲ့အတွက်ကြောင့် ကိုယ့်မိုင်းကပဲ ကိုယ့်ကို ပြန်ဒုက္ခပေးသွားတာတွေ ရှိခဲ့ဖူးပါတယ်။
စရဖတွေ၊ ထောက်လှမ်းရေးနည်းပညာရပ်တွေက နေရာစုံမှာရှိနေတယ်…ဆိုင်တွေ၊ ယာဉ်မောင်းတွေ၊ ဝန်ထမ်းတွေကအစ အသွင်ယူထားတဲ့ဟာတွေ စစ်ကောင်စီရဲ့နောက်လိုက်တွေ မြောက်များစွာရှိတယ်။
ရပ်ကွက်တွေထဲမှာဆို သိသိသာသာထင်ထင်ရှားရှား ဒလန်တွေရှိတယ်။ မသိမသာ ဒလန်တွေ လုပ်နေတာတွေရှိတယ်။ အုပ်ကြီးရာအိမ်မှူးတွေနဲ့….နောက် စစ်ကောင်စီရဲ့အခြားသော အပေါင်းအပါတွေ မြောက်များစွာကနေပြီးတော့ သတင်းပေးနေတာတွေရှိတယ်။ ဒီ့အတွက်ကြောင့်မို့လို့ အချိန်မရွေး ၊ နေရာမရွေး ကိုယ့်ရဲ့အသက်အန္တရာယ်…ကိုယ့်ရဲ့ဒီ လွတ်လပ်ပိုင်ခွင့်က ဆုံးရှုံးသွားနိုင်လောက်တဲ့အထိကို အန္တရာယ်ကြီးမားပါတယ်။
အိမ်မှာဆိုလည်း ကားသံကြားရင် ကောင်းကောင်း မအိပ်ရဲဘူး။ ဆိုင်ထိုင်တယ်ဆိုရင်လည်း နောက်ကျော မလုံရဲဘူးပေါ့နော်။ လမ်းသွားတယ်ဆိုရင်လည်း လိပ်ပြာမလုံဘူးပေါ့နော်။ ကိုယ့်ကိုပဲ တော်လှန်ရေးရဲဘော် ဆိုတာ သိသွားမလားပေါ့။ အမြဲတမ်း စိုးရိမ်ကြောင့်ကြမှုတွေနဲ့ နေရတာ ဖြစ်တဲ့အတွက်ကြောင့်မို့ UG တွေရဲ့အခက်အခဲက စိတ်ရောလူရောပေါ့ နှစ်မျိုးစလုံး ပင်ပန်းဆင်းရဲမှုတွေရှိပါတယ်။

မေး။ ။ မြို့ပြမှာ အရပ်သားအများအပြား နေထိုင်တဲ့အတွက် စစ်ဆင်ရေးတွေမှာ အရပ်သားတွေ ထိခိုက်သွားတာ ကြုံဖူးသလား။ ဘယ်တုန်းက ဘယ်လို ထိခိုက်သွားသလဲ။
ဖြေ။ ။ ကြီးကြီးမားမား ထိခိုက်မိတာမျိုး မရှိဖူးပါဘူး၊ ပြည်သူတွေ မထိခိုက်ဖို့ ကျွန်တော်တို့ အထူး ဂရုစိုက်ပါတယ်။
မေး။ ။ စစ်ကောင်စီ သတင်းပေးသူတွေကို ဘယ်လို ကိုင်တွယ် အရေးယူသလဲ။ လူမှားပြီး အရေးယူမိတာမျိုး ရှိသလား။
ဖြေ။ ။ စစ်ကောင်စီ သတင်းပေးသူတွေကို သတင်းရရှိလာပီဆိုရင် ကျွန်တော်တို့က ပထမဆုံး အနေနဲ့ နယ်မြေခံ ပြည်သူတွေကို အတည်ပြုပါတယ်။ ဒုတိယ အချက်အနေနဲ့ ကျွန်တော်တို့ရဲ့ မြေပြင် Scoutတွေနဲ့ အတည်ပြုပါတယ်။ ပြီးရင်တော့ သတိပေးရမယ့် အဆင့်ဆို သတိပေးပါတယ်။ ဖောက်ခွဲ သတိပေးရမယ့် အဆင့်ဆို ဖောက်ခွဲသတိပေးပါတယ်။
မေး ။ ။ အဖွဲ့ရဲ့ ဘဏ္ဍာရေးပိုင်းကရော ဘယ်လိုအခြေအနေရှိလဲ။
ဖြေ ။ ။ ကျွန်တော်တို့အဖွဲ့အစည်းထဲက တော်တော်များများက နောက်ခံအင်အား ဘက်ဂရောင်း ကောင်းကောင်းကနေ လာကြတာမျိုးနည်းတော့ ဘာလုပ်ကြလဲဆိုရင် ကိုယ့်ရဲ့ချွေးနှဲစာထဲကနေမှ ထုတ်ရ တယ်။ ကိုယ့်ရဲ့မုန့်ဖိုးတွေထဲကနေမှ ထုတ်ရတယ်။ နောက်တစ်ခုကနေ ကိုယ့်ရဲ့ လစာတွေထဲကနေမှ ထုတ်ပြီးမှ အကုန်လုံးစုပေါင်းပြီးတော့ (မြို့ပြ)မစ်ရှင်တွေ ဖော်ဆောင်ရတယ်။ မစ်ရှင် အသုံးစရိတ်တွေအနေနဲ့ သုံးရတယ်။
မေး ။ ။ မဟာမိတ်အဖွဲ့အစည်းတွေကရော ဘယ်အဖွဲ့တွေလဲ။
ဖြေ ။ ။ ကျွန်တော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ မဟာမိတ်တွေကတော့ များစွာရှိပါတယ်။ သို့သော် ဖော်ပြလို့တော့ အဆင်မပြေပါဘူး။ MODရဲ့တပ်ရင်းတပ်ဖွဲ့တွေ ပြည်ထဲရေးအောက်က အဖွဲ့အစည်းတွေ၊ EROs တွေ၊ စစ်အာဏာရှင်ကျဆုံးရေးအတွက် တော်လှန်နေတဲ့ အခြားသောသီးခြားရပ်တည်နေတဲ့အဖွဲ့တွေ နဲ့ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
မေး ။ ။ လက်ရှိမှာ မန္တလေးနဲ့အနီးဆုံးနေရာတွေအထိ တော်လှန်ရေးတပ်တွေက ရောက်နေခဲ့ပြီဆိုတော့ မန္တလေးမြို့နဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) ကို ဘယ်လောက်အထိ ခြိမ်းခြောက်နိုင်ပြီလဲ။
ဖြေ။ ။ လပခနဲ့ပတ်သက်လို့တော့ ကျွန်တော်တို့ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် (မန္တလေးမြို့နဲ့) ၅ မိုင် ပတ်လည်ရွာတွေမှာ (စစ်ကောင်စီတပ်တွေ) တပ်စွဲထားရတဲ့အထိ ခြိမ်းခြောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ စောင့်ကြည့်ပါလို့ပဲ ပြောချင်ပါတယ်ဗျ။
မေး ။ ။ လက်ရှိအချိန်မှာ မန္တလေးမြို့နဲ့အနီးဆုံးဖြစ်တဲ့ မတ္တရာမြို့နယ်က စစ်ရေးအခြေအနေကို ဘယ်လိုမြင်လဲ။
ဖြေ ။ ။ အဲဒီဘက်ကတော့ စစ်ကောင်စီအနေနဲ့ ကြည်း၊ ရေ၊ လေ သုံးမျိုးလုံးနဲ့ပိတ်ဆို့နေတာကို တော်လှန် ရေးအဖွဲ့အစည်းတွေဘက်ကလည်း အားကောင်းကောင်းနဲ့ပြန်လည်ထိုးစစ်ဆင်လျက်ရှိပါတယ်။
မေး ။ ။ NMD က NUG လက်အောက်ခံအဖွဲ့တစ်ခုလား။ အဖွဲ့အပေါ် NUGရဲ့ထောက်ပံ့ပေးမှုတွေရှိလား။
ဖြေ ။ ။ ကျွန်တော်တို့က NUG က ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ်တွေကို လေးစားလိုက်နာပြီး စစ်ဒေသ (၁) အတွင်း ဗျူဟာမြောက်စစ်ရေးဖော်ဆောင်လျက်ရှိတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။
မေး ။ ။ NMDရဲ့စစ်ရေးရည်မှန်းချက်ကဘာလဲ။ နှစ်နှစ်ကျော်အတွင်း ဘယ်လောက်ရာခိုင်နှုန်း အောင် မြင်နေပြီလဲ။
ဖြေ ။ ။ စစ်ရေးရည်မှန်းချက်ကတော့ စစ်အာဏာရှင်ကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရေစီရဖို့ပါပဲ။ ဒါကတော့ အကြီးဆုံးရည်မှန်းချက်ဖြစ်ပြီး အဲဒီရည်မှန်းချက်ရောက်ဖို့ကျွန်တော်တို့သွားနေတာကတော့ (၁) တော်လှန် ရေးအဖွဲ့အစည်းတွေအနေနဲ့ မြို့သိမ်းပွဲတွေဖော်ဆောင်တဲ့အခါမှာ စစ်တပ်ရဲ့အရှိုက်ကိုထိစေမဲ့၊ အာဏာရှင်ထောက်တိုင်ကြီးတွေကို ရိုက်ချိုးနိုင်စေမဲ့ မစ်ရှင်တွေကို Strategic Plan ချမှတ်ပြီး ဖော်ဆောင်ပါတယ်။ (၂) အခြားသောတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စိုးမိုးမှုနယ်မြေချဲ့ထွင်ဖို့ ကြိုးပမ်းလျက် ရှိပါတယ်ခင်ဗျာ။
မေး ။ ။ တော်လှန်ရေးနဲ့ပတ်သက်ပြီး ဘာတွေခံယူထားလဲ။ ဘယ်လိုတွေစဉ်းစားထားလဲ။
ဖြေ ။ ။ ဒီတော်လှန်ရေးက နိုင်ငံသားတိုင်း လုပ်ဆောင်ရမယ့်တာဝန်တစ်ရပ်လို့ မြင်ပါတယ်။ ကျရာနေရာ ကနေ နိုင်ငံတာဝန်ကို ထမ်းဆောင်ကြရမှာဖြစ်ပါတယ်။ အာဏာရှင်စနစ်အဆုံးသတ်ပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖော်ဆောင်မဲ့ ကျွန်တော်တို့ရည်မှန်းချက် အောင်မြင်မယ်လို့လည်း ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှုအပြည့်ရှိပါတယ်ခင်ဗျာ။
မေး ။ ။ စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေကြောင့် UG လုပ်ငန်းတွေ နှောင့်နှေးသွားသလား။
ဖြေ ။ ။ အရှိတရားကိုပြောရမယ် ဆိုရင် တော့ UG အခန်းကဏ္ဍတွေမှာ ကျွန်တော်တို့အရေအတွက်ကတော့ နည်းသွားတယ်။ ဘာလို့လဲဆိုတော့ တော်လှန်ရေးအစပိုင်းမှာ UG တွေ အရမ်းပေါများတယ်။ အဖွဲ့တွေလည်း အရမ်းပေါများတယ်။ မစ်ရှင်တွေလည်း မြောက်များစွာရှိတယ်ပေါ့နော်။
သို့ပေမဲ့ ဖမ်းဆီးခံရတဲ့အဖွဲ့တွေ ရှိတယ်။ ဖမ်းဆီးခံရတဲ့ရဲဘော်တွေ မြောက်များစွာရှိတယ်။ ဒါ့ကြောင့် နှောင့်နှေးသွားပါတယ်။ ဒါပေမဲ့ လက်ရှိ အချိန်ထိလည်း UG တွေက အားကောင်းနေဆဲဖြစ်တယ်။ သို့ပေမယ့်အရေအတွက်ထက် အရည်အချင်းက ပိုလာတယ်။ လုံလောက်တဲ့အတွေ့အကြုံပေါင်းများစွာ ရပြီး UG တွေအနေနဲ့လည်း ဘယ်လိုလုပ်ငန်းတွေကို အဓိကလုပ်ဆောင်ရမယ်ဆိုတာမျိုး သိလာပြီ။ ဘယ်လိုမျိုးတွေတော့ ရှောင်ကြဉ်ရမယ်ဆိုတာမျိုး သိသွားကြပြီ။ အဲဒီတော့ ဘယ်လိုတွေကျင့်ကြံ နေထိုင်ရမယ်ဆိုတာမျိုးတော့ ကောင်းကောင်းသိသွားပြီပေါ့နော် ။
သို့ပေမဲ့ ကျွန်တော်တို့က ရန်သူကိုလည်း အထင်သေးလို့လည်း မရပါဘူး။ စကစကလည်း ခုချိန်အထိ UG တွေအပေါ်မှာ တောက်လျှောက်ကို အာရုံစိုက်ပြီးတဲ့အခါကျတော့ သူတို့အနေနဲ့ အမြစ်ပြတ်ရှင်းလင်းဖို့ အတွက်ကို စီမံချက်ချထားပါတယ်။
မေး ။ ။ သာမာန်အရပ်သားဘဝကနေ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရင်း ဘာတွေ သင်ခန်းစာ ရလဲ။ ဘယ်လိုတွေခံစားနေခဲ့ရလဲ။
ဖြေ ။ ။ UG လုပ်ငန်းစဉ်ကို တွင်တွင်ကျယ်ကျယ် လုပ်ခဲ့တဲ့အခါကျတော့ ကျွန်တော်တို့ တော်လှန်ရေးပြီးရင် ကျွန်တော်တို့ရဲ့စိတ်တွေကိုတောင်ပြန်ပြီး ကုစားရမယ်လို့တောင်ထင်ပါတယ်။ အဓိက က စိတ်ပိုင်းဆိုင်ရာ ခံစားရမှုတွေ၊ ထိခိုက်နစ်နာမှုတွေပေါ့နော်။
ဘယ်လိုအန္တရာယ်ပဲကြုံရကြုံရ ကျွန်တော်တို့ NMD အဖွဲ့အနေနဲ့ မြို့ပြမစ်ရှင်တွေကို ဆက်လက် ဖော်ဆောင်သွားဖို့ရှိပါတယ်။ ဘာလို့လဲဆိုတော့ တပ်အင်အားတွေ၊ တော်လှန်ရေးအင်အားတွေ ကြီးမားပေမဲ့ မြို့အကြီးကြီးတွေမှာဆိုရင်တော့ UG အခန်းကဏ္ဍက တော်လှန်ရေးမှာ အရမ်းအရေးပါတုန်းပါပဲ…အခုအချိန်ထိ။ နောင်လည်းအရေးပါနေဦးမှာပဲ ဖြစ်ပါတယ်။
တစ်ချိန်မှာ မြို့အကြီးကြီးတွေထဲကို တော်လှန် ရေးအင်အားစုတွေကနေပြီးတော့ စိုးမိုးသိမ်းပိုက်လိုက်တဲ့ အချိန်မှာ UG တွေသာ ရှိနေမယ်ဆိုရင် တံခါးပေါက်တွေကို၊ တံခါးချပ်တွေကို ဖွင့်ပေးလို့ရတယ်ပေါ့နော်၊ အဲဒီလိုအနေအထားရှိတယ်။ သတင်းတွေကို ထောက်လှမ်းပြီး ပေးပို့လို့ရတယ်။ နောက်ပြီး လိုအပ်တဲ့ စစ်ကောင်စီရဲ့ယန္တရားတွေကို ဖြတ်တောက်ပစ်လို့ရတယ်။ စီးပွားရေးထောက်တိုင်တွေကို ရိုက်ချိုးလို့ ရတယ်။
နောက်တစ်ခုက စစ်ကောင်စီရဲ့ ရိက္ခာ၊ လက်နက်၊ ထောက်ပို့လမ်းကြောင်းတွေကိုလည်း ဖြတ်တောက်လို့ ရတယ်။ စစ်ကောင်စီအနေနဲ့က သူတို့ရဲ့ရဲဘော်တွေ ဘယ်လောက်သေသေပေါ့နော်၊ သူတို့က ဂရုမစိုက်ဘူး။ သူတို့ကို မထိသရွေ့သူတို့က ဘာမှမဖြစ်တဲ့အတွက် သူတို့က မမှုလည်း မမှုဘူး။ ဒါပေမဲ့ UG အခန်းကဏ္ဍမှာတော့ ထိထိရောက်ရောက် လုပ်ငန်းအကြီးကြီးတွေကအစ လုပ်ဆောင်လို့ရတယ်။ နိုင်ငံရေးအရရော စစ်ရေးအရရော အလွန်အရေးပါလို့ UG အခန်းကဏ္ဍက အရမ်းအရေးကြီးပါတယ်။
