သတင်း

မန္တလေးမြို့တွင် မြို့ပြစစ်ဆင်ရေးတပ်ဖွဲ့ဝင် ၆ ဦး ဖမ်းဆီးခံရ

စစ်မှုထမ်းအတွက် အဖမ်းအဆီးကြမ်းနေသော မန္တလေးမြို့တွင် မြို့ပြစစ်ဆင်ရေးလာလုပ်သည့် UG အမျိုးသား ၆ ဦး ယခုလဆန်းက ဖမ်းဆီးခံထားရသည်။

နိုင်ငံအလယ်ပိုင်း မန္တလေးမြို့တွင် မြို့ပြစစ်ဆင်ရေးဖော်ဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင် အမျိုးသား ၆ ဦး ယခုလဆန်းက ဖမ်းဆီးခံထားရပြီး စစ်ကြောရေးစခန်းသို့ရောက်နေသည်ဟု ဒေသအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့တစ်ခုမှ တာဝန်ခံက ပြောသည်။

ဖေဖော်ဝါရီ ၂ ရက်မှ ၄ ရက်နေ့အတွင်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက် တွင် ၄ ဦး၊ စဉ့်ကိုင်မြို့နယ်တွင် ၂ ဦး ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဆိုသည်။ 

မန္တလေးမြို့မှ လူငယ်လူရွယ်များကို စစ်တပ်အတွက် တပ်သားအဖြစ် အဓမ္မဖမ်းဆီးစုဆောင်းပေးနေသည့် အုပ်ချုပ်ရေးအဖွဲ့ဝင်များကို တိုက်ခိုက်ရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု “ မြစ်ငယ် MN PDF “ အမည်ရှိ မြို့ပြပြောက်ကျားအဖွဲ့ တာဝန်ခံ ကိုမင်းသန့်ကျော် ခေါ် ဗိုလ်ဖောင်းဒိုင်းက Myanmar Now ကို ပြောသည်။ 

ဖမ်းဆီးခံရသူများတွင် မြို့ပြပြောက်ကျားအဖွဲ့ဝင်များလည်း ပါသလို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များလည်း ပါသည်ဟု ကြားသိရကြောင်း၊ အသက်အန္တရာယ်စိုးရိမ်နေရကြောင်း ထိုသူက ဆိုသည်။

“ပကဖရဲဘော်တွေလည်း ပါသွားပါတယ်။ ပါသွားတာက ၆ယောက်” ဟု ၎င်းက ဆက်ပြောသည်။

“အခု ကျွန်တော်တို့သတင်းကြားတာကတော့ ၂ ယောက်ကတော့ သတ်ပစ်လိုက်ပြီလို့ ကြားပါတယ်။ ကျန် တဲ့သူတွေကတော့ ယန္တရားတပ်ထဲမှာပဲ စစ်ဆေးမှုလုပ်နေတယ်လို့ သတင်းရထားတယ်။ သတင်းကတော့ ထပ်လိုက်နေဆဲပါ” 

ချမ်းမြသာစည်မြို့နယ်အတွင်း ဖမ်းဆီးမှုအကြောင်း မျက်မြင်သက်သေ ဒေသခံတိို့က ပြောပြကြသည်ဟု အသက်၂၅အရွယ် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“ချမ်းမြသာစည်ထဲကတော့ နေအိမ်တွေဝင်ပြီး လက်နက်တွေမိတယ်ဆိုပြီး ရိုက်နှက်ပြီး ဖမ်းသွားတာ။ မျက်နှာတွေ မျက်နှာဖုံးစွပ်ပြီး ခေါ်သွားတယ်ပြောတယ်။ လာဖမ်းတာအင်အားများတယ်”ဟု ဆိုသည်။

အဆိုပါလူငယ်များ ဖမ်းဆီးခံရပြီး နောက်ရက်များတွင် နောက်ဆက်တွဲဆက်လက် ဖမ်းဆီးခံရသူများရှိ သည်ဟု ၎င်းက ဆက်ပြောသည်။

မန္တလေးမြို့ မြို့နယ်ပကဖအဖွဲ့ဝင် အမျိုးသားတစ်ဦးကလည်း တော်လှန်ရေးအဖွဲ့ဝင် ၆ ဦး ဖမ်းဆီးခံရ သည်ကို ဖေဖော်ဝါရီလဆန်းကတည်းက အတည်ပြုထားသည်။ အဖမ်းခံထားရသူများနှင့် အဆက်အသွယ်မရသဖြင့် သက်ဆိုင်ရာမိသားစုဝင်များက စိုးရိမ်ပူပန်နေကြကြောင်း Myanmar Now ကို ပြောထားသည်။

“CCTV ကနေ ခြေရာခံပြီး ဖမ်းခံရတာလို့ကြားတယ်။ သူတို့က အနီးနားမှာ ရှင်းပြီး အဲဒီရပ်ကွက်မှာပဲ နေနေတာလို့ကြားတယ်။   မိသားစုတွေလည်း စုံစမ်းလို့မရဘူးကြားတယ်”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီထုတ်ပြန်ထားသော ကြေညာချက်။

စစ်ကောင်စီကလည်း  MDY-PDF အမှတ် (၅) တပ်ရင်း၊ တပ်ရင်းမှူး မင်းသန့်ကျော်(ခ)ဗိုလ်ဖောင်းဒိုင်း၏ စေခိုင်းမှုဖြင့် မန္တလေးမြို့တွင် လုပ်ကြံသတ်ဖြတ်မှုများလုပ်ဆောင်ခဲ့သည့် တပ်ဖွဲ့ဝင် ၆ ဦး ဖမ်းဆီးရမိသည်ဟု  ဖေဖော်ဝါရီ ၁၉ ရက်စွဲနှင့် သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၂ ရက်နေ့ ည ၉ နာရီခွဲတွင် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်မှ မြေတူးလုပ်ငန်း လုပ် ကိုင်သည့် ကိုမင်းခန့် (၂၀ နှစ်)၊ ကြေးသွန်းလုပ်ငန်းလုပ်ကိုင်သည့် ကိုနန်းဝင်းစိုး (၃၈ နှစ်) တို့ကို  ဝင်ရောက် ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

နောက်တစ်နေ့ နံနက်တွင် ချမ်းမြသာစည်မြို့နယ် ၄၇ လမ်းနှင့် ၄၈ လမ်းကြားရှိ နေအိမ်တစ်ခုမှ ကိုအောင် အောင် (၂၈ နှစ်) ကို လက်နက်ခဲယမ်းများဖြင့် ဖမ်းဆီးခဲ့ပြီး ထိုနေ့တွင်ပင် စဉ့်ကိုင်မြို့နယ် ဆယ့်နှစ်ကိုင်း ကျေးရွာ စစ်ဆေးရေးဂိတ်တွင် ကိုဇော်ဇော်ထွန်(ခေါ်)ဖက်တီး (၂၈ နှစ်) ကို ဖမ်းဆီးခဲ့သည်။

ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်၊ ကျွဲနဖားကျေးရွာနေထိုင်သူ ဦးထွန်းထွန်းမြင့် (၅၀ နှစ်) နှင့် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်နေထိုင်သူ ကိုသူရိန်ထွန်း တို့ကို ဖမ်းဆီးရမိခဲ့သည်ဟု ပါရှိသည်။

ဖမ်းဆီးရမိသူ ၆ ဦးအနက်၂ ဦးသည် အုပ်ချုပ်ရေးမှူး၊ရာအိမ်မှူးများအား လုပ်ကြံသတ်ဖြတ်မှု ၉ ကြိမ်၊ ဖောက်ခွဲမှု ၂ ကြိမ် ကျူးလွန်ခဲ့ပြီး ၃ ဦးသည် ထိုသို့သတ်ဖြတ်ရန် ကူညီပေးသူ၊ ကင်းစောင့်ပေးသူများ ဖြစ်သည်၊  ၁ ဦးမှာမူ စေခိုင်းသူဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

မြို့ပြတွင် စစ်ရေးလှုပ်ရှားရသည့် ပြောက်ကျားတပ်ဖွဲ့ဝင်(UG)များသည် အသက်အန္တရာယ်နှင့်ပိုမိုနီးစပ်ပြီး တော်လှန်ရေးလှုပ်ရှားရသည့်အတွက် အခက်အခဲများစွာရှိကြောင်း ဗိုလ်ဖောင်းဒိုင်းက ဆိုသည်။

“ကိုယ့်အသက်သေမှာမှန်းသိလျက်နဲ့ ကျွန်တော်တို့ ဒီလောက်အထိ ပေးဆပ်ပြီး အလုပ် လုပ်တယ်။ လုပ် တယ်ဆိုတာလည်း ပြည်သူလူထုအပေါ် မတရားခြိမ်းခြောက်နေတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်ပါး စေတွေကို တန်ပြန်ပြီးခြိမ်းခြောက်မှုပေးနိုင်တဲ့အတွက် မြို့ပြ UG တွေက မဖြစ်မနေလိုပါတယ်ဗျ”ဟု   ၎င်းက ပြောသည်။

ယမန်နှစ်က စစ်မှုထမ်းဥပဒေထွက်ပေါ်လာပြီးနောက်  ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များက စစ်သားသစ်စုဆောင်းပေးရသူများ ဖြစ်လရသည်။

ထိုအခြေအနေကြောင့် မန္တလေး တိုင်းအတွင်း အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် အဖွဲ့ဝင်အများအပြားကို တော်လှန်ရေးအင်အားစုက ပစ်မှတ်ထား တိုက်ခိုက်နေသည်။

လက်ရှိတွင် စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားသည့် မန္တလေးမြို့၌  မြို့နေလူငယ်လူရွယ်အများ အပြား ကို စစ်သားသစ်အဖြစ် စုဆောင်းနေရာ ၂၀၂၄  ဒီဇင်ဘာ ၁ ရက်နေ့မှ ယခုနှစ် ဇန်နဝါရီ ၁၅ ရက်အထိ ၄၅ ရက်အတွင်း လူဦးရေ ၅၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ထားသည်။

Related Articles

Back to top button