သတင်း

အောင်ပန်းတွင် ကျဆုံးသူ ၁၁ ဦးရှိလာ၊ အလောင်းပြန်မရသူ ၆ ဦးရှိ 

ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်ကောင်စီလက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ယမန်နေ့တွင် သေဆုံးသူ ၉ ဦးကိုသာ အတည်ပြုနိုင်ခဲ့သော်လည်း ယနေ့ (မတ် ၂၀) တွင် သေဆုံးသူ နှစ်ဦးကို ထပ်မံအတည်ပြုနိုင်သဖြင့် စုစုပေါင်း သေဆုံးသူ ၁၁ ဦးအထိ ရှိလာသည်ဟု မြို့ခံနှစ်ဦးက ပြောသည်။ 

သေဆုံးသူ ၁၁ ဦးအနက် ၆ ဦး၏ ရုပ်အလောင်းကို ရဲနှင့် စစ်သားများက ယူဆောင်သွားသဖြင့် မိသားစုဝင် များ ရုပ်အလောင်းခြောက်ခုကို ရဲနှင့်စစ်သားများက ယူဆောင်သွား၍ သက်ဆိုင်ရာမိသားစုဝင်များက မီးသင်္ဂြိုဟ်ခွင့်မရခဲ့ကြောင်း အောင်ပန်းမြို့ခံများထံမှ သိရသည်။ 

သေဆုံးသူများအနက် ဘယ်ရင်အုံဒဏ်ရာဖြင့်သေဆုံးသူ အသက် ၄၁ နှစ်အရွယ် ဦးဇော်မြတ်ကို (ခ) ဖိုးဇော်၊ ဘယ်ဘက်နံကြားမှ ကျည်ဖောက်ဝင်ဒဏ်ရာဖြင့်သေဆုံးသူ အသက် ၃၆ နှစ်အရွယ် ကိုကျော်သူဝင်း၊ ဦးခေါင်းပွင့်ဒဏ်ရာဖြင့် သေဆုံးသူ အသက် ၂၈ နှစ်အရွယ် ကိုမြတ်စိုး၊ အသက် ၂၀ မပြည့်သေးသူ လူငယ်များဖြစ်သည့် မောင်ချမ်းလေးနှင့် ဖိုးသားအိုတို့သာ အတည်ပြုနိုင်သေးသည်။ 

ယမန်နေ့ညပိုင်းတွင် သေဆုံးသူ ၉ ဦးကိုသာ အတည်ပြုနိုင်ခဲ့ပြီး မောင်ချမ်းလေးနှင့် ဖိုးသားအိုတို့ သေဆုံး သည်ကို ယနေ့မှသာ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

အောင်ပန်းမြို့တွင် စစ်ကောင်စီ လက်နက်ကိုင်များက လက်ဖြောင့်သေနတ်သမားများပါ အသုံးပြုလျက် အကြမ်းပတမ်းဝင်ရောက် ပစ်ခတ်ခဲ့ခြင်းကြောင့် ယမန်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၉ ဦး၊ ဒဏ်ရာ ရသူ ၁၇ ဦးနှင့် ဖမ်းဆီး ခေါ်ဆောင်ခံရသူ ၁၉ ဦးရှိခဲ့ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုစိုင်းနောင်ပြည့်က‌ Myanmar  Now ကို ပြောသည်။

သေနတ်ဖြင့် အပစ်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့သူ ၆ ဦး၏ ရုပ်အလောင်းများကို စစ်ကောင်စီ လက်နက်ကိုင်များက အောင်ပန်းမြို့ရှိ ခုတင် ၇၀၀ ဆန့် စစ်ဆေးရုံသို့ နေ့ခင်းတွင် ယူဆောင်သွားသည်ဟု ၎င်းက ဆိုသည်။

“ခြောက်ဦးရဲ့အလောင်းကို အောင်ပန်းရဲစခန်းရှေ့ကနေ ခုတင် ၇၀၀ (စစ်ဆေးရုံ)ကို ကားနဲ့သယ်သွား တယ်။ အတွင်းကလီစာတွေကို ထုတ်ပြီးတော့မှ ပြန်ချုပ်ပြီးတော့မှ ကလောစည်ပင်ကားနဲ့ သယ်သွား တယ်”ဟု ကိုစိုင်းနောင်ပြည့်က‌ ပြောသည်။

ထိုရုပ်အလောင်းများကို လက်နက်ကိုင်စစ်သားများက စည်ပင်ကားဖြင့် ကလောမြို့ဘက်သို့ ဆက်လက် သယ်ဆောင်စဉ် အောင်ပန်းမြို့အထွက် Denko ဆီဆိုင်အနီးတွင် ကားဘီပေါက်သဖြင့် ခေတ္တရပ်နား ခဲ့ရကြောင်း ၎င်းက ပြောသည်။

အနီးရှိ ရပ်ကွက်နေသူအချို့က ထွက်ကြည့်ခဲ့ရာ ကားပေါ်တွင် ပလတ်စတစ်ကြိုးဖြင့် ချုပ်ထားသည့် ရုပ်အလောင်းများ တွေ့ရပြီး အချို့ရုပ်အလောင်းကို မချုပ်ထားဘဲ ရင်ခွဲထားသည့်အတိုင်းပင် တွေ့မြင် ရသည်ဟု ကိုယ်တိုင်မြင်တွေ့ရသူများကို ကိုးကားလျက် ကိုစိုင်းနောင်ပြည့်က ပြောသည်။

“စည်ပင်ကား အမှိုက်ကားဆိုပြီး ဘီးဖာကူမလို့ဆိုပြီး အဲ့ဒီနားက ထွက်ကြည့်ကြတာ။ ကြည့်တဲ့အခါမှာ အနောက်မှာက အမှိုက်မရှိဘဲနဲ့ အလောင်းတွေ တင်လာတာဖြစ်နေတယ်။ အဲ့ဒီအလောင်းတွေကို ချုပ်ထား တာက တော်တော့်ကို ရုပ်ပျက်ဆင်းပျက်ကို ချုပ်ထားတာ။ တချို့ဆို ဗိုက်ဟောင်းလောင်း မဲမဲတွေတွေ့ရတယ်တဲ့”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ သယ်ဆောင်လာသည့် ရုပ်အလောင်းအချို့မှာ ဗိုက်ပွင့်လျက် တွေ့မြင်ရ ကြောင်း မျက်မြင်တွေ့ရှိခဲ့သူများက ပြောကြားလျက်ရှိသည်ဟု အောင်ပန်းမြို့အထွက် Denko ဆီဆိုင်အနီး ရပ်ကွက်တွင် နေထိုင်သူ ကိုတရုတ်လေးကလည်း အတည်ပြုပြောကြားသည်။ 

စစ်ကောင်စီက ၎င်းတို့ယူဆောင်သွားသော ရုပ်အလောင်းများကို သက်ဆိုင်ရာ မိသားစုများထံ ပြန်လည်အပ်နှံခြင်းမရှိဘဲ ယနေ့နံနက်ပိုင်း ၄ နာရီခန့်တွင် ကလောသုသာန်၌ မီးရှို့သင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။ 

ကိုစိုင်းနောင်ပြည့်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများကို ဦးဆောင်မှုဖြင့် မတ် ၁၀ တွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ခံရပြီး မတ် ၁၉ တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)၊ ၅၀၅(ခ) တို့ဖြင့် ဆက်လက်အမှုဖွင့်ခံထားရသူဖြစ်သည်။

ယမန်နေ့တွင် စစ်ကောင်စီလက်နက်ကိုင်များသည် အလုပ်မှပြန်လာသော ကုန်တင်ကုန်ချအလုပ်သမား တစ်ဦးကိုလည်း ဦးခေါင်းကို သေနတ်ဖြင့် တေ့ပစ်သတ်ခဲ့ကြောင်း ကိုစိုင်းနောင်ပြည့်က ပြောသည်။ 

ထို့ပြင် အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းပြီး လိုက်လံဖမ်းဆီးရာတွင် ဖမ်းမိသူအချို့ကို နေရာတွင်ပင် ပစ်သတ်သည်များလည်း ရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ အောင်ပန်းမြို့ခံ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“အခုက အဖမ်းခံရတဲ့သူတွေကို ဖမ်းပြီးတော့ သတ်ပစ်တာဆိုးတယ်ဗျာ။ တစ်ယောက်ဆိုရင်ဗျာ ပေါင်ကို တေ့ပစ်တယ်။ လက်ထိတ်ချည်ပြီး သေနတ်ဒင်တွေနဲ့ ဝိုင်းပြီးတော့ မျက်နှာတွေရော ခေါင်းတွေရော ထုပြီးတော့မှ သတ်တာ”ဟု ၎င်းက ပြောသည်။

အဆိုပါဖြစ်စဉ်သည် အောင်ပန်းမြို့ ရပ်ကွက်(၁)တွင် ပြုလုပ်သွားခြင်းဟု ကိုနေလင်းထွန်းက ပြောသည်။

လက်ရှိတွင် အောင်ပန်းမြို့၌ စစ်ကောင်စီလက်နက်ကိုင်များ၏ အကြမ်းဖက်ရန်မှ ကင်းဝေးရန် ဒေသခံများ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြပြီး ယနေ့ နေ့လယ်ပိုင်းတွင် မြို့ပေါ်၌ အရပ်သား ၃၀ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့ကြောင်း ကိုနေလင်းထွန်းက ပြောသည်။ 

Show More

Related Articles

Back to top button