နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ယခုလဆန်းမှစ၍ တိုက်ပွဲများဆက်တိုက်ဖြစ်ပွား နေပြီး နှစ်ဖက်အကျအဆုံးရှိသလို မြို့နှင့် ၇ မိုင်ကျော်ခန့်အကွာ မန္တလေး-မြင်းခြံကားလမ်းပေါ်ရှိ ဂိတ် တစ်ခု လက်လွှတ်လိုက်ရကြောင်း တော်လှန်ရေးတပ်များထံက သိရသည်။
မတ် ၁ ရက်နေ့မှစ၍ အင်အားရာဂဏန်းရှိသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ က မြို့အရှေ့မြောက်ဘက် လယ်သစ်ကျေးရွာဘက်မှ စစ်ကြောင်း တစ်ခုနှင့် ကုက္ကဲကျေးရွာဘက်မှ စစ်ကြောင်းတစ်ခုဖြင့် ကာကွယ်ရေးအဖွဲ့များ စိုးမိုးနယ်မြေများဘက်သို့ နှစ်ဖက်ညှပ်ကာ ထိုးစစ်ဆင်လာခဲ့သည်။
ထို့ကြောင့် မြို့အရှေ့မြောက်ဘက် ၇ မိုင်ကျော်အကွာ မန္တလေး-မြင်းခြံကားလမ်း၊ မြင်းခြံ-နဘူးအိုင်လမ်းပိုင်း ကျောက်ပြုတ်၊ ဓူဝံ စသောကျေးရွာများအနီး တိုက်ပွဲဖြစ်ခဲ့ကြောင်း မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူ စိုင်းဂျာလူက Myanmar Now ကို ပြောသည်။
နှစ်ရက်တိုက်ပွဲဖြစ်ခဲ့ပြီး လေတပ်ကလည်း အကြိမ်ကြိမ်ပစ်ခတ်ခဲ့ကြောင်း သူက ဆိုသည်။
“စစ်ကြောင်းနှစ်ကြောင်းထိုးလာတဲ့အပေါ်မှာ တော်လှန်ရေးအဖွဲ့တွေက ခွဲပြီးတော့ နေရာယူပြီးတော့ လုပ်ငန်းလုပ်ရတာပေါ့ဗျာ။ အဲ့ဒီတော့ တောင်ဘက်တစ်ကြောကတော့ လေကြောင်းပစ်ကူက ကျွန်တော်တို့ ဘက်ချည်းပဲ ကျနေတော့ ပြန်ဆုတ်တဲ့အပေါ်မှာ ကျွန်တော်တို့ လမ်းမတစ်ခု စိုးမိုးနယ်မြေတစ်ခု ဘန်ကာတစ်ခု လက်လွှတ်လိုက်ရတယ်ပေါ့” ဟု ၎င်းက ပြောသည်။
“သူတို့ဘက်က လက်နက်ကြီးတွေပစ်တယ်။ နောက်တစ်ခုက ဝေဟင်ကနေ တုံ့ပြန်တာဖြစ်တဲ့အတွက် ပြည်သူပိုင် အိုးအိမ်တွေမီးလောင်ပြီးတော့ ကျွဲနွားတိရစ္ဆာန်တွေ သေဆုံးမှုရှိတယ်။ လူထိခိုက်မှုကတော့ မရှိဘူး”
လက်လွှတ်ရသောနေရာသည် မြင်းခြံမြို့အရှေ့မြောက်ဘက် ၇ မိုင်ကျော်ခန့်အကွာ ဓူဝံကျေးရွာအနီး မန္တလေး-မြင်းခြံ လမ်းမပေါ်ရှိ သံပေပါ ၁၅ လုံးခန့် ကာရံထားသော၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်စွဲခဲ့သော ဂိတ်စခန်းတစ်ခု ဖြစ်သည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က အကျအဆုံး ရှိသလို မြင်းခြံခရိုင်တော်လှန်ရေးတပ် များဘက်မှ နွားထိုးကြီးအခြေစိုက် မြင်းခြံခရိုင် PDF တပ်ရင်း (၄) မှ တစ်ဦး ကျဆုံးကာ ပကဖများ အပါ အဝင် သုံးဦး ဒဏ်ရာရကြောင်း မြင်းခြံမြို့နယ်ပကဖတာဝန်ရှိသူက ပြောသည်။
လယ်သစ်ကျေးရွာဘက်မှထိုးလာသည့် စစ်ကြောင်း အထိအခိုက်များနေစဉ် မြင်းခြံမြို့အခြေစိုက် အမှတ် (၁၅) ခြေမြန်တပ်ရင်း( ခမရ ၁၅) က အချိန်မီစစ်ကူပေးသလို လေကြောင်းပစ်ကူပေးခြင်းကြောင့် တော်လှန်ရေးတပ်များဆုတ်ခွာခဲ့ရသည်ဟု သိရသည်။
စစ်တပ်က တိုက်ပွဲအခြေအနေကို သတင်း တရားဝင် ထုတ်ပြန်ခြင်း မရှိပေ။
ထိုစစ်ကြောင်းတွင် မြင်းခြံမြို့မှ ပျူစောထီးခေါင်းဆောင် သီတာယုမွန်ဆိုသူပါဝင်ပြီး ဓူဝံကျေးရွာအနီး လမ်းမပေါ်ရှိ PDF ဂိတ်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း စစ်တပ် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားဖော်ပြထားကြသည်။
သံပီပါများတွင် PDF ဟု ရေးထားသောဂိတ်စခန်းရှေ့တွင် လက်နက်များကိုင်ကာ အောင်ပွဲခံ နေသော ပျူစောထီးဓာတ်ပုံများပါ ဖော်ပြထားသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားသည့်နေရာအနီးဝန်းကျင်မှ တူးရွင်းဘို့၊ ကျောက်ပြုတ်၊ ဓူဝံ စသည့်ကျေးရွာမှ ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကာ စစ်တပ်က ထိုကျေးရွာများကို ဝင်ရောက်မီးရှို့ကြောင်း သိရသည်။
ယမန်နေ့ (မတ် ၃) ကလည်း မြို့အရှေ့ခြမ်း အမှတ် (၁၈) ရပ်ကွက်အနီး အထိုင်ချတပ်စွဲထားသည့် ပျူစောထီးပူးပေါင်းအဖွဲ့ကို ဒေသအခြေစိုက်တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အမည်မဖော်လိုသည့် မြင်းခြံမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
လက်နက်ကိုင်ခုခံမှုအားကောင်းသည့် မြင်းခြံတွင် တော်လှန်ရေးတပ်များ နယ်မြေစိုးမိုးလာသောကြောင့် စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းမထိုးနိုင်သည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သော်လည်း ယခုနှစ် နှစ်ဆန်းမှစ၍ ပျူစောထီးများ၊ စစ်မှုထမ်းသင်တန်းဆင်းများကို စုစည်း၍ စစ်ကြောင်းထိုးမှုများ ရှိလာ သည်ဟု ဆိုသည်။
“ကျေးရွာတွေမီးရှို့တာတွေ တော်တော်အဆက်ပြတ်သွားသေးတယ်။ အခုနောက်ပိုင်း ကျေးရွာတွေကို မီးပြန်ရှို့တယ်။ အခုဒီရက်ပိုင်းမှာ ကျောက်ပြုတ်၊ တူရွင်းဘို့ကျေးရွာတွေမှာ မီးရှို့သွားတာရှိတယ်” ဟု ၎င်းက ပြောသည်။
“အခု မြင်းခြံခရိုင်ထဲမှာတော့ နေရာအနှံပြားမှာတော့ စစ်ရေးအနေထားက … တိုက်ပွဲတွေက နေရာတကာမှာ ဖော်ဆောင်နေတာ၊ ဖြစ်နေတာပေါ့”
သို့သော် နယ်မြေအများစုကို တော်လှန်ရေးအင်အားစုက ထိန်းချုပ်ထားပြီး စစ်ကောင်စီအနေဖြင့် မြင်းခြံ မြို့ပေါ်တွင်သာ အဓိကထိန်းချုပ်ထားကာ လေကြောင်းတိုက်ခိုက်မှုကို အားပြုနေရကြောင်း ၎င်းက ဆက် ပြောသည်။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်း သုံးပွင့်ဆိုင် တည်ရှိနေသည့် တောင်သာ၊ နွားထိုးကြီး၊ မြင်းခြံမြို့နယ်တို့တွင် လက်နက်ကိုင်တော်လှန်မှု အားကောင်းပြီး PDF အပါအဝင် ဒေသတွင်း တော်လှန်ရေးတပ်များဖြင့် စုဖွဲ့ထားသည့် မဟာမိတ်များက စစ်ကောင်စီတပ်ကို မကြာခဏ ထိုးစစ်ဆင်နေ သည်။
မကြာသေးခင်ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်း၊ နွားထိုးကြီးမြို့နယ်လမ်းပိုင်းတွင် အခြေစိုက် PDF များက အမြန်လမ်းပေါ်ရှိ စစ်ကောင်စီကင်းစခန်းတချို့ကို ဝင်ရောက်တိုက်ခိုက်ထားသေးသည်။



