သတင်း

ချင်းအင်အားစုအားလုံး ပါသည့် ချင်းအမျိုးသားကောင်စီ ဖွဲ့စည်းမည် 

အိန္ဒိယမှ ဝန်ကြီးချုပ်တစ်ဦး၏ ကြားဝင်မှုအပြီးတွင် ချင်းကောင်စီနှစ်ခု ပူးပေါင်းဆောင်ရွက်ရန် သဘောတူလိုက်ကြသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာသော  ချင်းပြည် ကောင်စီ (Chinland Council) နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ (Interim Chin National Consultative Council) တို့ “ချင်းအမျိုးသားကောင်စီ” အဖြစ် ပူးပေါင်းရန်  ဖေဖော်ဝါရီ ၂၆ တွင် သဘောတူလိုက်ကြသည်။

ဆက်ဆံရေး တင်းမာနေပြီး စင်ပြိုင်ဖြစ်နေသော ထိုအင်အားစု ၂ ခု ပေါင်းစည်းနိုင်ရေး အိန္ဒိယနိုင်ငံ၊ မီဇို ရမ်ပြည်နယ်ဝန်ကြီးချုပ်က ကြားဝင်ဆောင်ရွက်ပေးခဲ့မှုဖြင့် အဆိုပါရလဒ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၆) က မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် သဘောတူညီချက်လက်မှတ်ရေးထိုး ခဲ့ကြပြီး မီဇိုရမ် ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ခဲ့သည်။

ချင်းပြည်ကောင်စီတွင်  သက်တမ်းရင့်လက်နက်ကိုင်ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်သည်။

ကြားကာလ ချင်းအမျိုးသားကောင်စီတွင် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းဒေကာကွယ် ရေးအဖွဲ့ (ကန်ပက်လက်)၊ ချင်းဒေသ ကာကွယ်ရေးအဖွဲ့ (မတူပီ)တပ်မဟာ ၁၊ မရာအုပ်ချုပ်ရေးကောင်စီ (MTC/ MDF) တို့ ပါဝင်သည်။  အာရက္ခတပ်တော် (AA) နှင့် မဟာမိတ်ဖြစ်သော အဖွဲ့များ ပါဝင်သည်။ 

ထိုအင်အားစု နှစ်ခု နိုင်ငံရေးအဖွဲ့အစည်းတစ်ခုတည်းအဖြစ် ပူးပေါင်းရန် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်၏ ညွှန်ကြားချက်ဖြင့် ဖွဲ့စည်းသည့် Advocacy group for peace အဖွဲ့က ကြားဝင်ညှိနှိုင်းပေးခဲ့ခြင်းဖြစ်သည်။  

ချင်းပြည်အတွင်း ကောင်စီ နှစ်ခုရှိနေခြင်းမဖြစ်သင့်ကြောင်း နှစ်ဘက်လုံး လက်ခံယုံကြည်သည့်အတွက်  “ချင်းအမျိုးသားကောင်စီ”အမည်ဖြင့် ပေါင်းစည်းကြရန် သဘောတူခဲ့ကြောင်း အဆိုပါ နှစ်ဖွဲ့က ယမန်နေ့ ရက်စွဲဖြင့် ပူးတွဲထုတ်ပြန်ခဲ့သည်။

“ကောင်စီ နှစ်ဖွဲ့ကွဲပြားနေမှုကို မလိုလားလို့ ချင်းအမျိုးသား ကောင်စီတစ်ခုတည်းဖြစ်လာရေးအတွက် မူအားဖြင့် လက်ခံကြတာပဲ ရှိပါသေးတယ်။ ကျန်အသေးစိတ်ဖြစ်စဉ်တွေကို ဆွေးနွေးသဘောတူထားတာ မရှိ သေးပါဘူး”ဟု ကြားကာလချင်းအမျိုးသားကောင်စီ အတွင်းရေးမှူးအဖွဲ့ဝင် ဆလိုင်းဘွေအုပ်က ပြောသည်။

ကောင်စီသစ်ပေါ်ပေါက်ရေး ခြေလှမ်းသစ်အနေဖြင့် ချင်းအမျိုးသား ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းမည်ဟု သိရသည်။

“မူကြမ်းကော်မတီမှာ လူဘယ်နှစ်ယောက်ပါရမယ်၊ ဘယ်သူတွေပါမယ်ဆိုတာမျိုးလည်း မရှိသေးပါဘူး။      (ပေါင်းစည်းရေးလုပ်ငန်းစဉ်အတွက်) အချိန်ဇယားတော့ ဆွဲထားတာ မရှိသေးပါဘူး” ဟု ဆလိုင်းဘွေအုပ် က ပြောသည်။

“နိုင်ငံရေး လမ်းစဉ်အရ မတူကွဲပြားတဲ့ လမ်းကြောင်းတွေဖြတ်သန်းလာခဲ့ကြတဲ့ ‌နှစ်ဖွဲ့ဆိုတော့ အချိန်ယူညှိနှိုင်းစရာတွေ များလာမယ်။ အခက်အခဲက အဲဒါဖြစ်နိုင်ပါတယ်”

ယမန်နေ့က ပူးတွဲထုတ်ပြန်ခဲ့သော မီဇိုချင်းဘာသာဖြင့် ရေးသားထားသည့် “သင့်မြတ်ရေး သဘောတူညီ ချက်” တွင် ချင်းပြည်ကောင်စီဘက်မှ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်အဖြစ် ဆလိုင်းမန်ညို၊ ဦးထန်နိန်းကီ နှင့် Jacob V. Zawma၊ ကြားကာလချင်းအမျိုးသားကောင်စီ/ ချင်းညီနောင်အဖွဲ့မှ ဆလိုင်းလျန်လွယ်၊ ဆလိုင်းဟိုဆေးနှင့် ဦးနေလင်းအောင်တို့က လက်မှတ်ရေးထိုးထားသည်။

 ချင်းနှစ်ဖက်တပ်များ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြစဉ်။ (ဓာတ်ပုံ -ပေးပို့)

ထိုသဘောတူညီချက်နှင့်ပတ်သက်ပြီး ပိုမို သိရှိဖော်ပြနိုင်ရန် ချင်းပြည်ကောင်စီ မှ ဦးဆောင်အဖွဲ့ ချင်းအမျိုးသား တပ်မတော် ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေး မြန်းထားဆဲဖြစ်သည်။

လတ်တလောတွင် ချင်းတော်လှန်ရေးအင်အားစု နှစ်ခုသည် နိုင်ငံရေးအဖွဲ့အစည်းတစ်ခုသာ ထား၍ ဆက်လက် ဆောင်ရွက်ရန် ကနဦး သဘောတူခဲ့ကြသော်လည်း  မည်သို့ပေါင်းမည်၊ မည်သို့ဆောင်ရွက်မည်ကို အသေးစိတ်ပြောဆိုကြခြင်း မရှိသေးပေ။

ညှိနှိုင်းသဘောတူမှု မတိုင်မီက  တိုက်ပွဲဖြစ်သည်အထိ ဆက်ဆံရေးတင်းမာခဲ့ပြီး အကျအဆုံး ရှိခဲ့သည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း  ချင်းပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုမည့် “ချင်းအမျိုးသား ကောင်စီ” တည်ထောင်ရန် သဘောတူညီမှု ရရှိခဲ့ခြင်းအတွက်  ကြိုဆိုဂုဏ်ပြုကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

ပေါင်းစည်းရေးအတွက် အခက်အခဲများ

ကောင်စီတစ်ခုတည်းအဖြစ် ပေါင်းစည်းရေးလက်တွေ့လုပ်ငန်းစဉ်တွင် အခက်အခဲ အများအပြားကျန်ရှိနေဆဲ ဖြစ်ကြောင်း ချင်းနိုင်ငံရေး လေ့လာသုံးသပ်သူ ဆလိုင်းဒိုခါရ်က ထောက်ပြသည်။

“ပြည်သူကို မျက်နှာမူတဲ့၊ စေတနာရှိတဲ့ ဆုံးဖြတ်ချက်မျိုးဆိုတော့ အမှန်ကတယ်ဖွဲ့စည်းပုံကို ရေးဆွဲဖို့ကလည်း အချိန်တိုအတွင်းဖြစ်လာနိုင်တယ်လို့ ယူဆတယ်” ဟု ၎င်းက ဆိုသည်။ 

“ တကယ်တမ်းအဲ့ဒီလိုမဟုတ်ဘဲ မီဇိုရမ်ဘက်က ချင်းညီကိုတွေက ဖိအားပေးမှုတွေကြောင့် မငြင်းဆန်နိုင် တော့လို့၊ မလွန်ဆန်လို့ လက်ခံတာမျိုးဆိုရင်တော့ အသေးစိတ် ဆွေးနွေးတဲ့အချိန်ကြရင် ဒီထက်မက အဖြေရှာဖို့ခက်လိမ့်မယ်”

စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်ကျော်ကြာမြင့်လာချိန် လက်နက်ကိုင်တော်လှန်ရေးအားကောင်းရာ ချင်းပြည်နယ်တွင် ပြည်နယ်၏ ၈၀ ရာခိုင်နှုန်းကို ချင်းတော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီးဖြစ်သည်။

ချင်းပြည်နယ်တွင်  ၉ မြို့နယ်အနက် ချင်းညီနောင်အင်အားစုက ချင်းပြည်နယ်တောင်ပိုင်း မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့တို့ကို သိမ်းယူထားပြီး ၎င်းတို့၏ မဟာမိတ် AA က တောင်ဘက်အစွန်ဆုံး ပလက်ဝမြို့ကို ထိန်းချုပ်ထားသည်။

သက်တမ်းရင့်လက်နက်ကိုင် CNF/CN A ဦးဆောင်သော ချင်းပြည်ကောင်စီတပ်များက ပြည်နယ်မြောက်ပိုင်း တွန်းဇံ မြို့နယ်ကို သိမ်းပိုက်ထားသည်။

အာဏာသိမ်းစစ်ကောင်စီက  ပြည်နယ်မြို့တော် ဟားခါး၊ ထန်တလန်၊ ဖလမ်းနှင့် တီးတိန်မြို့ပေါ်တို့တွင် နယ်မြေ စိုးမိုးထားသည်။

ယမန်နှစ် နိုဝင်ဘာမှ စတင်သော ဖလမ်းမြို့သိမ်းတိုက်ပွဲလည်း ပြင်းထန်နေသည်။

လက်နက်ကိုင်တော်လှန်ရေး အားကောင်းသည့် ချင်းပြည်နယ်တွင် ချင်းတော်လှန်ရေးအဖွဲ့အချင်းချင်း ပွတ်တိုက်မှုတချို့ရှိခဲ့ပြီးနောက် လက်နက်ကိုင် ဖြေရှင်းသည့် ဖြစ်ရပ်များ ပေါ်ပေါက်ထားသည်။

ယခုနှစ် ဇန်နဝါရီ နောက်ဆုံးပတ်က CDF (Lautu) နှင့် မရာချင်းအဖွဲ့ ( MDF) တို့ နယ်မြေအငြင်းပွားမှုကြောင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး နှစ်ဘက် ထိခိုက်သေဆုံး မှုများရှိခဲ့သည်။

“အပေးအယူတွေ၊ နားလည်မှုတွေ တည်ဆောက်ရမဲ့ဟာတွေ အများကြီးရှိတယ်။ ဘာလို့လဲဆိုတော့ အကွဲ အပြဲတွေဖြစ်လာပြီး နောက်ပိုင်းမှာ အချင်းချင်း သွေးမြေကျတာတွေကအစ နည်းလမ်းပေါင်းစုံနဲ့ နိုင်ငံရေး ခြေထိုးတာတွေလည်း ရှိခဲ့တော့ ဒါကတော်တော်လေးကို အပေးယူလုပ်တည်ဆောက်ရမှာတွေ တော်တော်လေး ကျန်သေးတယ်လို့မြင်တယ်” ဟု လေ့လာသုံးသပ်သူ ဆလိုင်းဒိုခါရ်က ပြောသည်။

“ဒါတွေက အလွယ်တကူအဆုံးသတ်ရလဒ်၊ တကယ် အပြီးစီး ပေါင်းစည်းနိင်မဲ့ရလဒ် ထွက်ပေါ်လာဖို့ကတော့ ပြည်သူတွေကလည်း ရင်တထိတ်ထိတ်နဲ့ မျှော်လင့်နေကြမယ်လို့ထင်တယ်” 

လက်နက်ကိုင်တော်လှန်ရေး ၄ နှစ်ကျော် ကြာမြင့်လာချိန်တွင် နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာသော လက်နက်ကိုင်အဖွဲ့များ၊ သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား နယ်မြေအငြင်းပွားမှုများကြောင့်  ပွတ်တိုက်မှုတချို့ ရှိနေသည်။

ကြာမြင့်နေသည့် ဒေသတွင်းတိုက်ပွဲများကြောင့် ချင်းပြည်နယ်လူဦးရေ ၅ သိန်းရှိသည့်အနက် ထက်ဝက် နီးပါး ထွက်ပြေးတိမ်းရှောင်နေရကာ အိန္ဒိယနိုင်ငံအတွင်း လူဦးရေ ၆ သောင်းခွဲကျော် ခိုလှုံနေသည်ဟု အရပ်ဘက်အဖွဲ့ဖြစ်သော ချင်းရေးရာအဖွဲ့က ယခုလဆန်းက ထုတ်ပြန်ထားသည်။ 

အထက်ပါ ၄ နှစ်အတွင်း စစ်ကောင်စီ၏ တိုက်ခိုက်ပစ်ခတ်မှုများကြောင့် ချင်းပြည်သူ စုစုပေါင်း ၉၆၅ ဦး သေဆုံးခဲ့ပြီး ထိုအထဲတွင် အရပ်သား ၄၉၁ဦး၊ တော်လှန်ရေးတပ်ဖွဲ့၀င် ၄၇၄ဦး ပါ၀င်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ထုတ်ပြန်ချက်နှင့် ပတ်သက်၍ စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။

 “ချင်းအမျိုးသားကောင်စီ” အဖြစ် ပူးပေါင်းရန် သဘောတူညီချက်။

Related Articles

Back to top button