ဆောင်းပါးသတင်း

PDF ပစ်မှတ်ထားလာသည့် နိုင်ငံအလယ်ပိုင်းမှ လက်နက်စက်ရုံများ

လက်နက်ထုတ်လုပ်ရေးစက်ရုံများရှိရာသို့ တော်လှန်ရေးတပ်ဖွဲ့များ ချဉ်းကပ်နေရာ အာဏာသိမ်းတပ်ကလည်း နယ်မြေရှင်းလင်းပြီး အကြီးအကျယ် ခံစစ်ပြင်ဆင်လျက်ရှိသည်။

၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်း ဆောင်းနံနက်ခင်းတွင် စစ်ယူနီဖောင်း ဝတ်ဆင်ထားကြသော လူငယ် ၂၀ ကျော် သည် ၁၀၇ မမ ရှော့တိုက်ဒုံးများ သယ်ဆောင်ကာ ချင်းနှင့်မကွေးနယ်စပ်ရှိ တောတောင်လျှိုမြောင်များ ကြားတွင် ခရီးကြမ်းနှင်နေကြသည်။ 

ကီလို ၂၀ ခန့်လေးသည့် ရှော့တိုက်ဒုံးတချို့သယ်လာသည့် ထိုလူငယ်များသည် ယင်းတို့ဦးတည်ရာ ရောက်ရန် မော်တော်ကား၊ လှေတို့ကို စီးပြီး ၁၅ ရက်ကြာ ခရီးနှင်ခဲ့ရခြင်းဖြစ်သည်။ သူတို့ ပစ်မှတ်မှာ မကွေးတိုင်း၊ ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နှင့် မိုင် ၃၀ ကျော်အကွာမှ လက်နက်စက်ရုံဖြစ်သည်။

သတ်မှတ်ထားသည့် နေရာသို့ရောက်ရှိပြီးနောက် ပစ်ခတ်ရန် အချိန်ယူ ပြင်ဆင်လိုက်ကြသည်။ ထို့နောက် အဖွဲ့ကို ဦးဆောင်သူ၏ ပစ်ခတ်မိန့်နှင့်အတူ ပေါက်ကွဲသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ 

ပေါင် ၅၀၀ လေယာဉ်ဗုံးများ ထုတ်လုပ်သည့် အမှတ် (၂၁) ကာကွယ်ရေးလက်နက်ပစ္စည်းစက်ရုံ (ကပစ) ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ဖွဲ့ဝင်များက  ဇန်နဝါရီ ၁၈ တွင်  တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်သည့် လူငယ်များထဲတွင် အသက် ၃၃ နှစ်အရွယ် ရဲဘော် နဂါးကြီးလည်း တစ်ဦး အပါအဝင်ဖြစ်သည်။ 

စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုသူများကို အာဏာသိမ်း စစ်တပ်က ရက်ရက်စက်စက် ဖြိုခွဲလိုက်ရာ  မန္တလေးမြို့ အမရပူရမြို့နယ်မှ  မိသားစုစီးပွားရေးဖြစ်သည့်  ယက္ကန်းလုပ်ငန်းကို စွန့်ခွာ​ပြီး ၂၀၂၁ ဩဂုတ်လတွင်  ကချင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KIA)က ပို့ချသည့် စစ်သင်တန်း တစ်ခုကို တက်ရောက်ခဲ့သည်။

ရဲဘော်နဂါးကြီးက  ၁၅ ရက်ကြာ ခရီးပြင်းနှင်ခဲ့ရပြီးနောက်  ပစ်မှတ်ကို တွက်ချက်ရန် ပစ်ခတ်သည့် နေရာတွင် ၂ ရက်ကြာ နေထိုင် အိပ်စက်ခဲ့ရသည်ဟု  ပြန်ပြောပြသည်။

“ပစ်ခတ်တဲ့ နေရာတွေမှာလည်း လွယ်ကူတဲ့ ကိစ္စတွေတော့ မဟုတ်ခဲ့ဘူး။ ရှေ့မှာ အတားအဆီးတွေများစွာ၊ အခက်အခဲတွေများစွာကို အသေအချာ ကြိုးစားကျော်ဖြတ်ပြီးလုပ်ခဲ့ရတာပါ။ ဒီအတိုင်း ရမ်းပစ်လို့တော့ မရဘူးပေါ့။ ပင်လယ်ရေမျက်နှာပြင်၊ ဒီဂရီ၊ လတ္တီကျု၊ လောင်ဂျီကျု တွေကအစ အကုန်လုံးကို တွက်ချက်ပြီးမှ ပစ်ရတာပါ” ဟု သူက ပြောသည်။ 

ထိုပစ်ခတ်မှုတွင် ဗုံးသီးများသိုလှောင်သည့် အဆောက်အအုံ၊ ယမ်းချက်သည့် အဆောက်အအုံများ မီးလောင်ပေါက်ကွဲခဲ့သည်ဟု ရဲဘော် နဂါးကြီးက​ ဆက်ပြောသည်။ 

“အဲ့ဒီနေက နေ့လယ် ၂ နာရီကနေပြီး ညနေ ၆ နာရီ အထိ ပစ်ခတ်တာပေ့ါ။ အလုံးရေကတော့ ၁၀၇ မမ ၈ လုံး ပစ်ခတ်တာပါ။ ၈ လုံးမှာ ၇ လုံး အောင်မြင်စွာပစ်ခတ်နိုင်တယ်။ အကြမ်းဖက် စစ်အုပ်စုရဲ့ လေယာဉ်ဗုံးသီးတွေကို အချောသတ်၊ အသက်သွင်းတဲ့ အဓိက စက်ရုံတွေ၊ ဂိုဒေါင်တွေရှိလို့ ပစ်ခတ်ရတာပါ” ဟု ၎င်းက ပြောသည်။ 

တော်လှန်ရေး တပ်ဖွဲ့တစ်ဖွဲ့၏ လက်နက်ထုတ် အလုပ်ရုံတွင် လက်နက်စမ်းသပ်နေသည့် တပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ − Myanmar Now)

အာဏာသိမ်းစစ်တပ်အတွက် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ပေးနေသည့် စက်ရုံ ၂၅ ရုံရှိပြီး အများစုမှာ ဧရာဝတီမြစ် အနောက်ဘက်ကမ်း မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင်  တည်ရှိသည်။ နိုင်ငံအလယ်ပိုင်း မကွေးတိုင်း တွင် ၁၅ ရုံ၊ ပဲခူးတိုင်းတွင် ၇ ရုံ၊ နေပြည်တော်တွင်  ၂ ရုံ၊ ရန်ကုန်တွင်  ၁ ရုံ ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားကောင်းသည့် နိုင်ငံမြောက်ပိုင်း၊ တောင်ပိုင်းတို့နှင့် ဝေးကွာသည့်  နိုင်ငံအလယ်ပိုင်း တောတောင်၊ လျှို၊ မြောင်များကြားတွင်  တည်ဆောက်ထားခြင်းဖြစ်သည်။

၂၀၂၄ နှစ်ကုန်ပိုင်းက စတင်ပြီး ရခိုင်ပြည်နယ်အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)ကို အာရက္ခ တပ်တော် (AA) က သိမ်းပိုက်နိုင်ခဲ့ပြီး ချင်းပြည်နယ်တောင်ပိုင်း တွင်လည်း မတူပီ၊ မင်းတပ်နှင့် ကန်ပက်လက်မြို့များကို မဟာမိတ်ချင်းညီနောင်တပ်များက  ထိန်းချုပ်နိုင်ခဲ့သည်။

ထိုသို့ထိန်းချုပ်နိုင်ပြီးနောက် ရခိုင်ရိုးမ၊ ချင်းတောင်တန်းတို့နှင့် တဆက်တည်းရှိနေသည့် ဧရာဝတီမြစ်အနောက်ဘက်ကမ်း မကွေးတိုင်းနှင့်ပဲခူးတိုင်းအတွင်းရှိ ကပစ စက်ရုံများမှာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ ပစ်မှတ်ဖြစ်လာသည်။ 

AA အဖွဲ့နှင့် နီးစပ်သည့် နိုင်ငံရေးသမား ဦးဖေသန်းက  AA အဖွဲ့သည် မူလရည်မှန်းချက် ၂ ခုဖြစ်သည့် ရခိုင်ပြည်နယ် တစ်ခုလုံးတွင် စစ်ကောင်စီတပ်များ ကင်စင်ရေး၊   မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ် အပြီးတိုင် အဆုံး သတ်ရေးကို အကောင်အထည်ဖော်နေပြီး ရခိုင်ပြည်နယ်တစ်ခုထဲတွင်သာမကဘဲ စစ်အာဏာရှင် စနစ်ကျဆုံးရေးအတွက် တစ်နိုင်ငံလုံးတွင် စစ်မျက်နှာဖွင့်ထားသည်ဟု ပြောသည်။ 

“ဧရာဝတီ၊ ပဲခူး၊ မကွေးတိုင်းတို့မှာ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး စစ်ဆင်ရေးတွေလုပ်နေတယ်လို့ မြင်တယ်။ တကယ်လို့ ဧရာဝတီမြစ် အနောက်ခြမ်းကိုသာ မဟာမိတ်တပ်တွေနဲ့ အာရက္ခတပ်တော် ထိန်းထားနိုင်မယ်ဆိုရင်တော့ စစ်အာဏာရှင်စနစ်ကျဆုံးရေးဆိုတဲ့ မူလရည်မှန်းချက် တော်တော့်ကို ပီပီပြင်ပြင် အကောင်အထည်ဖော်လာလိမ့်မယ်လို့ ထင်တယ်” ဟု ၎င်းက ပြောသည်။ 

“ဧရာဝတီမြစ် အရှေ့ခြမ်းဘက်ကိုလည်း ဒီဘက် အနောက်ခြမ်းကို သိမ်းမိတာနဲ့ ဘယ်လိုပဲ ဖြတ်ကျော်ကျော် ရနိုင်တဲ့အတွက် နေပြည်တော်ကိုတောင်မှ ခြိမ်းခြောက်နိုင်တဲ့ အနေအထားမျိုး ဖြစ်တယ်။ အဲဒီနေရာက တော်တော့်ကို အရေးကြီးတဲ့နေရာဖြစ်လာလိမ့်မယ်လို့ ယူဆပါတယ်”  

စစ်ကောင်စီ၏ ကပစ စက်ရုံများတည်ရှိရာပြ မြေပုံ

ကပစ စက်ရုံများနှင့် တိုက်ပွဲများဦးတည်ရာ

နမခ ဌာနချုပ်၊ အမ်း၊ တောင်ကုတ်၊ ဂွမြို့များရှိ စစ်ကောင်စီ စစ်စခန်းအားလုံး လက်လွှတ်လိုက်ရပြီးနောက်တွင် ရခိုင်ရိုးမနှင့် ထိစပ်နေသည့် မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် တိုက်ပွဲများ ပြင်းထန်သည်ဟု AA က  ဇန်နဝါရီ တတိယပတ်တွင် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်းတွင် AA နှင့်အတူ  မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ခဲ့ ပြီးနောက် ကပစ စက်ရုံများတည်ရှိရာ ဧရာဝတီမြစ်အနောက်ဘက်ခြမ်း ရခိုင်နှင့်မကွေးနယ်စပ်တွင် ခြေကုပ်ယူ တိုက်ပွဲဝင်နေသည့် တော်လှန်ရေးတပ်များထဲတွင် ကျောင်းသားလက်ရုံးတပ်တော် (SAF)လည်း အပါအဝင်ဖြစ်သည်။

SAF ကို စတင်တည်ထောင်စဉ်ကပင်  လက်နက်စက်ရုံများရှိသည့် ဒေသသည် ၎င်းတို့၏ မြေလတ်စစ်ဒေသ ဖြစ်လာသည်ဟု SAF ၏ စစ်ဦးစီးချုပ်ဖြစ်သူ  အသက် ၂၅ အရွယ် ကိုမင်းလတ်ဥက္ကာက ပြောသည်။

“အနောက်ဘက် စစ်မျက်နှာရဲ့ အရေးကြီးမှုက ကပစ ဖြစ်တယ်။ ကျွန်တော်တို့ကတော့ လွန်ခဲ့တဲ့ ၂၀၂၂ လောက်ကတည်းက ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာ ရှိတဲ့ က.ပ.စ ​တွေရဲ့  ဒေသတွေမှာ အခြေခံ ဒေသတွေ တည်ဆောက်ထားတယ်” ဟု ၎င်းက ပြောသည်။ 

“ကပစ တွေကိုသာ တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်နိုင်တယ်၊ သိမ်းပိုက်နိုင်တယ်။ ဖြိုချ ဖျက်ဆီးနိုင်တယ်ဆိုရင် ကပစတွေ မရှိတော့ရင် စစ်တပ်ဆိုတာ မရှိတော့ဘူး၊ အဲဒီလောက်ထိကို အရေးပါတယ်” 

ရခိုင်ရိုးမနှင့် ချင်းတောင်တန်းဒေသ မြို့သိမ်းတိုက်ပွဲများအပြီး နောက်ထပ်စစ်ရေးပစ်မှတ်မှာ မြန်မာပြည်အလယ်ပိုင်းသို့ ဦးတည်နေသည်၊  စစ်တပ်၏ အဓိက ရေသောက်မြစ်ဖြစ်သည့် စစ်လက်နက် ပစ္စည်းထုတ် စက်ရုံများကို တိုက်ခိုက်ဖျက်ဆီးရန်လိုအပ်သည်ဟု ထိုစက်ရုံများတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့်၊ စစ်သက် ၂၀ ရှိသည့် CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။ 

“ထုတ်လုပ်မှုရပ်တန့်သွားနိုင်တဲ့ အနေ အထားမျိုးပေါ့။ ကျန်တဲ့စက်ရုံတွေ ဘယ်လိုပဲလည်ပတ်နေနေလေ သံမဏိမရဘူး၊ ယမ်းမရဘူးဆိုရင် မထုတ်လုပ်နိုင်တော့ဘူးပေါ့” ဟု ၎င်းက ပြောသည်။ 

သို့သော်လည်း ထိုစက်ရုံများကို စစ်တပ်မိသားစုများဖြင့် ဖွဲ့စည်းထားသည့် ကျေးရွာများဖြင့် ဝန်းရံထားရာ စစ်ကြောင်းထိုးသိမ်းပိုက်နိုင်ရန် ခက်ခဲသည်ဟုလည်း ဗိုလ်ကြီးဇင်ယော်က ပြောသည်။

စစ်ကောင်စီ၏ လက်နက်စက်ရုံများ တည်ရှိရာနှင့် ထုတ်လုပ်လက်နက်များပြ ဇယား

တိုက်ပွဲများ လက်တကမ်းက အမ်း-ပဒန်း

အမ်းမြို့နယ်အတွင်းရှိ အမ်း-ပဒါန်း ကားလမ်းမအနီးတွင် တိုက်ပွဲဖြစ်ပွားနေပြီး ထိုတိုက်ပွဲများတွင် စစ်ကောင်စီ၏ တပ်မ (၈၈)၊ တပ်မ (၉၉) တို့အပြင် မကွေးတိုင်းရှိ ကပစ စက်ရုံများမှ  တပ်သားများ ပါဝင်သည်ဟု AAက ပြီးခဲ့သည့် ဇန်နဝါရီ ဒုတိယပတ်တွင် ထုတ်ပြန်ထားသည်။ 

အမ်း-ပဒန်းလမ်းနှင့် ၁၀ မိုင်အကွာ ငဖဲမြို့အနီးတွင် လေကြောင်းရန် ကာကွယ်ရေးဒုံးစက်ရုံ ကပစ−၁၄၊  မင်းလှ(အထက်) မလွန်မြို့အနီးတွင် မော်တာကျည်ဆန်နှင့် အမြောက်ကျည်ဆံများ ထုတ်လုပ်သည့် ကပစ −၂၊ မင်းလှ (အထက်) ကုန်းကြီးရွာအနီးတွင် ၄၀ မီလီမီတာ တာဝေးပစ်ယာဉ်တင်ဒုံး ထုတ်လုပ်သည့် ကပစ−၁၀ တို့ တည်ရှိသည်။

အမ်း-ပဒန်းလမ်းရှိ ကန်မြင့်ကန်ဂိတ်၊ နတ်ရေကန်၊ ဂုတ်ကြီးစသည့်နေရာများတွင် တိုက်ပွဲပြင်းထန်နေရာ ဇန်နဝါရီ ၁၃ တွင် ငဖဲမြို့နယ်ရှိ ကပစ−၁၄ ရှိ စစ်လက်နက်ပစ္စည်းများကို မကွေးမြို့လေတပ်ဌာနချုပ်သို့ ပြောင်းရွှေ့ လိုက်သည်ဟု ရခိုင်ဒေသအခြေစိုက် သတင်းဌာန လေးဝတီ FM က ဖော်ပြထားသည်။ 

ရခိုင်ရိုးမကိုကျော်ဖြတ်လာခဲ့ပြီးနောက် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်မှာ ယမ်းချက် စက်ရုံဖြစ်သည့် က.ပ.စ ၁၄ နှင့် လွန်စွာနီးကပ်လာသည်ဟု ကိုမင်းလတ်ဥက္ကာက ပြောသည်။

“အဲဒီနေရာနဲ့ဆိုရင် ကျွန်တော်တို့ ခုရောက်နေတဲ့ အမ်း-ပဒန်းလမ်း ဝံရိုးနဲ့က ၄မိုင်ကနေ မိုင် ၂၀ လောက် ပဲရှိတော့တယ်။ ခု လက်ရှိဖြစ်နေတဲ့ တိုက်ပွဲ ထိုးစစ်ရဲ့ အရှိန်အဟုန်က အဲဒီနေရာအထိကို ဦးတည်နေတယ်” ဟု ၎င်းက ပြောသည်။

ထိုစက်ရုံများမှာ ရခိုင်ရိုးမ၊ ချင်းတောင်တန်းတို့နှင့် ထိစပ်နေသည့် တောင်ကုန်း၊ တောင်တန်းများကို နောက်ခံထား ဖောက်လုပ်ထားသော ပုသိမ်-မုံရွာလမ်းတလျှောက်တွင် တည်ရှိနေသည်။

ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့ ချိတ်ဆက်ထားသည့် ပုသိမ်-မုံရွာ လမ်းသည် ဧရာဝတီမြစ် အနောက်ဘက်ခြမ်းတွင်တည်ရှိပြီး မိုင် ၄၀၀ ကျော် ရှည်လျားကာ စစ်ရေးအရဗျူဟာကျသည်။

ထိုလမ်းပေါ်ရှိ ဆင်ပေါင်ဝဲမြို့နယ် လက်ပံကျေးရွာအနီးတွင် ရေမြုပ်မိုင်းနှင့် လက်နက်ကြီး အစိတ်အပိုင်းများ ထုတ်လုပ်သည့် ကပစ−၁၃၊ စေတုတ္တရာမြို့အနီးတွင် လေကြောင်းရန် ကာကွယ်ရေးဒုံးများ ထုတ်လုပ်သည့် ကပစ− ၂၀ တို့လည်း တည်ရှိသည်။ 

ပုသိမ်-မုံရွာလမ်းတလျှောက်တွင် တော်လှန်ရေး တပ်ဖွဲ့များ ရှိနေသည်ဟု SAF ခေါင်းဆောင် ကိုမင်းလတ်ဥက္ကာက ပြောသည်။

“ပုသိမ်-မုံရွာ လမ်းတောက်လျှောက်မှာ စစ်ဆင်ရေး ရှိတယ်။ လက်ရှိမှာတော့ မဟာဗျူဟာမြောက် ဖြစ်တဲ့  ပုသိမ်-မုံရွာလမ်းကို ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေက စီးမိပြီလို့ ပြောလို့ ရတယ်။ ဒါပေမယ့် ထိန်းသိမ်းထိန်းချုပ်နိုင်တဲ့ အဆင့်တော့ မရောက်သေးဘူး” ဟု ၎င်းက ပြောသည်။ 

ထို့ပြင် ချင်းတောင်တန်းဒေသနှင့် ဆက်စပ်နေသည့် မကွေးတိုင်း ပုံတောင်၊ပုံညာဒေသနှင့် တဆက်တည်း ဆိပ်ဖြူနှင့် ပေါက်မြို့နယ်များတွင်လည်း ကပစ စက်ရုံများ တည်ရှိသည်။ ပုံတောင်၊ ပုံညာဒေသ ကျောနှင့်လောင်းရှည်မြို့နယ်တွင်  ကပစ −၂၃ နှင့်  ကပစ −၂၅၊ ထိုဒေသနှင့် တစ်ဆက်တည်းရှိနေသည့် ပေါက်နှင့်ဆိပ်ဖြူတွင်  ကပစ −၂၄၊ ကပစ −၂၁ နှင့် ၂၂ တို့တည်ရှိသည်။ 

ထိုစက်ရုံများကို ယောတောင်တန်းဒေသမှ ဆင်းလာမည့် ချင်းတော်လှန်ရေးတပ်များနှင့် ရခိုင်ရိုးမမှ အမ်း-ပဒါန်းလမ်းအတိုင်း ဆင်းလာမည့်တပ်များ ပူးပေါင်းနိုင်ပါက သိမ်းပိုက်နိုင်လိမ့်မည်ဟု ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။ 
“အခု ၂၀၂၅ မှာတော့ ကျွန်တော်တို့က ကပစ စက်ရုံတွေဘက်ကို လှည့်ရတော့မှာ အတွင်းပိုင်းကို ရောက်လာပြီပေါ့။ ကပစ−၁၄ ရယ်၊ ကပစ −၂၀ ရယ်၊ ကပစ− ၂၁ ရယ်က ဆောဘက်ကနေ ဆင်းလာမယ့် တပ်တွေရယ်၊ ပဒန်းဘက်ကနေဆင်းလာမယ့် တပ်တွေရယ်က ပိုပြီးတော့ နည်းနည်းလွယ်ကူတယ်” ဟု ဗိုလ်ကြီး ဇင်ယော်ကပြောသည်။ 

စစ်ကောင်စီက ထုတ်ပြလေ့ရှိသည့် တာဝေးပစ်ဒုန်း (ဓာတ်ပုံ − EPA)    

ထိုးစစ်ဝင်ရိုးပေါ်က တောင်ကုတ်-ပန်းတောင်းလမ်း 

ထို့ပြင် ရခိုင်ရိုးမနှင့် ပဲခူးတိုင်း၊ဧရာဝတီတိုင်းတို့ကို ချိတ်ဆက်ထားသည့် တောင်ကုတ်-ပန်းတောင်း လမ်းတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေရာ  ထိုတိုက်ပွဲတို့မှာ ကပစစက်ရုံများနှင့် တဖြည်းဖြည်း နီးကပ်လာနေသည်။ 

တောင်ကုတ်-ပန်းတောင်းလမ်းဘေး ဥသျှစ်ပင်မြို့အနီးတွင် ကပစ စက်ရုံ ၅  ရုံတည်ရှိနေပြီး  စစ်တပ်သုံး ယမ်းချက်သည့် ကပစ−၆ နှင့် ကပစ ၁၆၊ စစ်လက်နက်ထုတ်လုပ်သည့် သံမဏိ အရည်ကြိုစက်ရုံ ကပစ−၅ တို့သည် ထိုလမ်းနှင့် အနီးဆုံးတွင်တည်ရှိသည်။ ထို့ပြင် ရှေ့တန်း စစ်မြေပြင်တွင် အဓိက အသုံးပြုရသည့် ၅.၅၆ မီလီမီတာ နှင့် ၇. ၆၂ ကျည်ဆန်များ ထုတ်လုပ်သည့် ကပစ ၉ မှာလည်း ဥသျှစ်ပင်မြို့အနီးတွင် တည်ရှိသည်။

ဧရာဝတီမြစ်ကမ်းဘေးရှိ ဆင်တဲမြို့အနီးတွင် ၆၀ မီလီမီတာ၊ ၈၁ မီလီ မီတာနှင့် ၁၂၀ မီလီမီတာ ဗုံးဆံများ၊ ပေါင် ၅၀ မှ ပေါင် ၅၀၀ ဗုံးများထုတ်လုပ်သည့် ကပစ−၃ တည်ရှိသည်။ လက်နက်စက်ရုံ ၂၅ ရုံရှိသည့်အနက်  ဆင်တဲမြို့ရှိ ကပစ −၃နှင့် ဆိပ်ဖြူမြို့နယ်ရှိ ကပစ−၂၁ စက်ရုံ ၂ ရုံကသာ လေယာဉ်ဗုံးထုတ်လုပ်နိုင်သည်။ 

စစ်တပ်သုံး ယမ်းထုတ်လုပ်သည့် ကပစ−၅၊ သံမဏိထုတ်လုပ်သည့် ကပစ−၁၆ နှင့် ကျည်ဆန် ထုတ်လုပ်သည့် ကပစ−၉ တို့မှာ စက်ရုံချင်းချိတ်ဆက်သည့် ကြားလမ်းများဖြင့် ဆက်သွယ်ထားသည်။ ဧရာဝတီမြစ်ကမ်းဘေးရှိ ကပစ− ၃ မှ လေယာဉ်ပစ် ဗုံးဆန်များ  သယ်ယူပို့ဆောင်ရန်  ဧရာဝတီမြစ်ကို အသုံးပြုနေသည်ဟု စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။ 

တောင်ကုတ်-ပန်းတောင်းလမ်းရှိ ကပစ စက်ရုံများမှာ ယမ်းချက်စက်ရုံ၊ သံရည်ကျိုစက်ရုံ၊ လက်နက်ငယ်နှင့် ဗုံးသီးထုတ်လုပ်သည့် စက်ရုံများဖြစ်သည်။ 

ရခိုင်ပြည်နယ် နှင့် ပဲခူးတိုင်းအနောက်ခြမ်းကို ဆက်သွယ်ထားသည့် ပန်းတောင်း – တောင်ကုတ် ကားလမ်း ပေါ်ရှိ မိုးထိတောင်စခန်းကို ဇန်နဝါရီ ၂၁ ရက်နေ့က တိုက်ခိုက်ခဲ့ပြီး  ၅ ရက်အကြာတွင် AA က သိမ်းပိုက်နိုင်ခဲ့သည်။

 မဟာမိတ်တပ်များသည် ပန်းတောင်း-တောင်ကုတ် လမ်းအနီးရှိ မိုးထိတောင်ကို သိမ်းနိုင်ခဲ့ပြီး ၎င်းတို့၏ ထိုးစစ်မှာ က.ပ.စ စက်ရုံများနှင့် မိုင် ၂၀ အကွာအဝေးသို့ ရောက်ရှိ နေပြီဖြစ်သည်ဟု ကိုမင်းလတ်ဥက္ကာက ဆက်ပြောသည်။

“ဥသျှစ်ပင်ကို ရောက်ပြီဆိုရင် အဲဒီ က.ပ.စ တွေကိုရောက်တာပဲ။ အဲဒီ က.ပ.စ တွေသည် အဲလောက်ထိကို အနီးကပ်ဆုံး ခြိမ်းခြောက်ခံထားရတဲ့ အနေအထားမှာ ရှိပါတယ်။ ကျွန်တော် ခုနကပြောတဲ့ က.ပ.စတွေဟာ လက်ရှိဆိုရင် ထိုးစစ်ရဲ့ မိုင် ၂၀ ပတ်ချာ လည်လောက်ကို ရောက်နေ ပြီဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ 

AA နှင့် မဟာမိတ်တပ်များ   စစ်ကြောင်းထိုးလာရာ ထိုလမ်းပိုင်းရှိ ကပစ စက်ရုံများနှင့် နီးကပ်သည့် ဥသျှစ်ပင်မြို့ နှင့် ညောင်ခြေထောက်ရွာတို့မှ ဒေသခံများမှာ စစ်ရှောင်နေကြရသည်။  

 ဥသျှစ်ပင်မြို့ အနီးရှိ ကပစ−၅မှာ စစ်လက်နက်ထုတ် ယမ်းများသိုလှောင်ထားသည့် စက်ရုံများဖြစ်၍  တိုက်ပွဲဖြစ်ပါက ပေါက်ကွဲမှုကြီးမားမည်ကို စိုးရိမ်ပြီး မြို့ခံအများစုမှာရွှေ့ပြောင်းနေကြသည်ဟု ဒေသတွင်း သတင်းများက ဆိုသည်။

စစ်ကောင်စီ၏ ခံစစ်ပြင်ထားမှု

စစ်ကောင်စီတပ်က ရခိုင်ရိုးမနှင့် ဆက်စပ်နေသည့် အမ်း-ပဒါန်းလမ်း၊ တောင်ကုတ်-ပန်းတောင်းလမ်း တို့တွင်သာမက ချင်းတောင်တန်းနဲ့ ချိတ်ဆက်နေသည့် ပခုက္ကူ-မင်းတပ်လမ်း၊ ဆိပ်ဖြူ-ပေါက်နယ် လမ်းပိုင်းများတွင်လည်း အင်အားတိုးချဲ့ကာ ခံစစ်ပြင်ထားသည်၊ ဇန်နဝါရီ  လဆန်းပိုင်းက စတင်ပြီး   စစ်ကြောင်းထိုးနေသည်။

ဆိပ်ဖြူမြို့နယ်ရှိ ကပစ −၂၁ နှင့် ကပစ −၂၂ တို့ကို ကာကွယ်နိုင်ရန်   ကြည်းကြောင်း၊ ရေကြောင်းချီပြီး လှုပ်ရှားနေသည်၊ ကပစ ၂၂ အနီးရှိ ကျေးရွာကိုလည်း မီးရှီု့ဖျက်ဆီးသွားသည်ဟု ဆိပ်ဖြူမြို့နယ်အခြေစိုက် ပခုက္ကူခရိုင် အမှတ် (၁၁) PDF တပ်ရင်း တာဝန်ခံ ရဲဘော်တေဇက Myanmar Now ကို ပြောသည်။ 

၂၀၂၄ ဒီဇင်ဘာ ၂၆ တွင် ကပစ −၂၂ စက်ရုံအနီးရှိ ဖက္ကနားရွာကို   မီးရှို့ခဲ့သည်၊ ကပစ− ၂၁ နှင့် ကပစ −၂၂ အနီးတွင် ရဟတ်ယာဉ်ဆင်းနိုင်ရန် ပြည်သူပိုင် မြေယာများကို သိမ်းဆည်းနေသည်ဟု ၎င်းက ပြောသည်။ 

“အင်အားတွေတိုးထားတယ်။ သင်္ဘောတွေနဲ့လည်း ထပ်ချတယ်။ အဓိကတော့ သူတို့မပါသွားအောင် ကာကွယ်တာပါ။ ကျွန်တော်တို့ဘက်ကကျတော့ အရင်တုန်းကတော့ ရွာလုံးကျွတ် မီးရှို့ခံရတာတွေရှိတယ်။ အခုကတော့ သူတို့ဘက်ကို ကျွံမလာအောင်ပဲ ကာတာရှိတော့တယ်” ဟု ၎င်းက ပြောသည်။ 

ထို့ပြင် တော်လှန်ရေး တပ်ဖွဲ့များ အင်အားကောင်းလာသည့် ချင်းတောင်တန်းနှင့် တဆက်တည်း ရှိနေသည့် ယောဒေသ ပခုက္ကူ-မင်းတပ်လမ်း တလျှောက်ရှိ မြိုင်နှင့် ပေါက်မြို့များ တွင်လည်း စစ်ကောင်စီက စစ်အင်အား တိုးမြှင့်ထားသည်။  

ဇန်နဝါရီလအတွင်းတွင်  ပခုက္ကူ အခြေစိုက် တပ်မ ၁၀၁ က စစ်ကြောင်းထိုးလာသည်ဟု မြိုင်အခြေစိုက် ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေး အမှတ်(၆)တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ရဲဘော် ငချစ်က ပြောသည်။ 

အဆိုပါစစ်ကြောင်းမှာ မြိုင်မြို့နှင့်မြိုင်မြို့အနီး ကန်နီရွာတို့တွင် အင်အား ၁၈၀ ကျော်ဖြင့် တပ်စွဲထားပြီး လေကြောင်းမှ ရိက္ခာ၊ဆေးဝါးနှင့် လက်နက်ခဲယမ်းများလည်း ဖြည့်တင်းပေး​ နေသည်ဟု ၎င်းက ဆက်ပြောသည်။ 

“ကျွန်တော်တို့ရှိတဲ့ လက်နက်အင်အားနဲ့ အကုန်သုံးပြီးတားပေမယ့် ဇွတ်အတင်းထိုးပြီး တက်တယ်။ တိုက်ပွဲမှာတော့ သူတို့ထိခိုက်ဒဏ်ရာ တော်တော်များများရတယ်။ ကျွန်တော်တို့ နဲ့ နီးနီးကပ်ကပ်ပဲ ရင်ဆိုင်တိုက်ပွဲဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

စက်ရုံများကို ကာကွယ်နိုင်ရန်  ပြင်ဆင်နေခြင်းဖြစ်နိုင်သည်ဟုလည်း ရဲဘော် ငချစ်ကပြောသည်။ 

“ဥပမာ ဆိပ်ဖြူတို့ ပေါက်တို့ပေါ့။ အဲဒီမှာ ကျွန်တော်တို့ ကပစ တွေကို ခံစစ်ပြင်တဲ့အနေနဲ့ စစ်ကြောင်းထိုးတာတွေ၊နယ်မြေရှင်းလင်းတာတွေ၊ အင်အားဖြည့်တင်းတာတွေကိုတော့ ဒီနှစ်ဆန်းပိုင်းအတွင်းမှာ ခပ်စိပ်စိပ်လုပ်လာတယ်” ဟု ၎င်းက ပြောသည်။ 

ထို့ပြင် စစ်ကောင်စီတပ်သည် ပခုက္ကူ-မင်းတပ် လမ်းတလျှောက်ကို စစ်ကြောင်းထိုးနေရာ လမ်းတစ်လျှောက် နယ်မြေခံ PDF တပ်များကလည်း   ကြားဖြတ်တိုက်ခိုက်တတ်သည်။

“ပခုက္ကူနဲ့ ကံမကြားမှာ ထိတွေ့မှုတွေဖြစ်ကြတယ်။ နယ်မြေခံတွေနဲ့ထိတွေ့မှုတွေ  ဖြစ်ပြီးတော့ လမ်းက ချော်သွားပြီး မြစ်ခြေဘက်ကို ရောက်သွားတယ်။ ဒီဘက်ကို ထွက်မလာနိုင်တော့ဘဲ မြစ်ခြေဘက်ကို ရောက်သွားတယ်။ မြစ်ခြေဘက်မှာ မွှေနေတယ်” ဟု ပေါက်အခြေစိုက်  PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ 

ပေါက်မြို့အနီး စစ်သည်အင်အား ၁၀၀ ကျော်ရှိသည့် ကပစ− ၂၄ ကို  ဝိုင်းဝန်းပိတ်ဆို့ထားသည်ဟုလည်း ၎င်းက ပြောသည်။

“အဲဒီစက်ရုံရဲ့ ပတ်ပတ်လည်မှာ ကျွန်တော်တို့ PDF တွေ အကုန်လုံး ဝိုင်းထားတာဗျ။ သူတို့ မလှုပ်နိုင်ပါဘူး။ ကပစ နဲ့ ၃ မိုင်အကွာ ပတ်ချာလည်လောက် အကုန်လုံးကို PDF တွေက အကုန်လုံးဝိုင်းထားတာ”ဟု ၎င်းက ပြောသည်။ 

တော်လှန်ရေးတပ်များ၏ ပစ်မှတ် ကပစ 

ရှေ့တန်းထွက်နိုင်သည့် စစ်သည်အင်အား နည်းပါးနေသော စစ်ကောင်စီတပ်သည် ကပစ စက်ရုံများရှိ စစ်သည်အင်အားများကို  ရှေ့တန်းတိုက်ပွဲများတွင် ထုတ်ယူသုံးစွဲနေရရာ စစ်လက်နက် ထုတ်လုပ်ရေးအတွက် စစ်တပ်မိသားစုဝင် အရပ်သားဝန်ထမ်းများကို အသုံးပြု နေရသည်ဟုလည်း သိရသည်။

မြေဧက ရာချီ၊ထောင်ချီ ကျယ်ဝန်းသည့်  စက်ရုံဝင်းအတွင်း ဝန်ထမ်းများအတွက် ရွာတည်ပြီးထားရှိရာ အင်အားလည်း ရာချီရှိနေ၍ စီးနင်းတိုက်ခိုက်ရန် ခက်ခဲ့သည်ဟု ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။

“စစ်တပ်ထဲက ထွက်သွားပြီဆိုရင်တောင်မှ ရဲဘော်ရွာဆိုပြီးတော့ ထားထားတာ။ သူတို့မှာ အင်အားတော်တော်များတယ်။ သူတို့ကို သေနတ်တပ်ဆင်ပေးနိုင်တယ်ဆိုရင် ကာကွယ်ရေး အင်အားစုဖြစ်သွားမှာပဲ” ဟု ၎င်းက ပြောသည်။

ထို့ ကပစ စက်ရုံ၏ အလုပ်ရုံခွဲ အဆောက်အဦ တစ်ခုချင်းကို ပစ်ခတ်တိုက်ခိုက်နိုင်ပါက  ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုလုံး ရပ်တန့်သွားနိုင်သည်ဟု ၎င်းက ဆိုသည်။ 

“စက်ရုံကြီး တစ်ခုလုံးကို သိမ်းပိုက်ဖို့ ဆိုတာထက်  စက်တွေ ပျက်စီးသွားအောင်လုပ်နိုင်ရင် အကောင်းဆုံးလို့မြင်ပါတယ်” ဟု ၎င်းက ပြောသည်။ 

ဆိပ်ဖြူမြို့နယ်ရှိ  ကပစ −၂၁  ကို  တိုက်ခိုက်ရာတွင် ဦးဆောင်ပါဝင်ခဲ့သူ ကိုနဂါးကြီးနှင့် သူ၏ တပ်ဖွဲ့ဝင်များက  လက်နက်စက်ရုံများကို ဆက်လက်တိုက်ခိုက်သွားနိုင်မှသာ တော်လှန်ရေးအောင်နိုင်ရန် နီးစပ်မည်ဟု   ဆိုသည်။ 

“(လက်နက်စက်ရုံတွေကို) ဖြိုဖျက်နိုင်မယ်ဆိုရင် တော်လှန်ရေးရဲ့  ၈၀ ရာခိုင်နှုန်းလောက် ၉၀ ရာခိုင်နှုန်းလောက်ကို အောင်ပြီလို့ပြောလို့ရတယ်”ဟု ရဲဘော် နဂါးကြီးက ပြောလိုက်သည်။  

Related Articles

Back to top button