ဆောင်းပါးအတွေးအမြင်

စစ်မှုထမ်းဖို့ပေါ်တာဆွဲတာ ရယ်စရာဟာသမဟုတ်ပါ

မန္တလေးမြို့မှ လူသိများသည့် ရွှေလုပ်ငန်းရှင်နှင့် အွန်လိုင်းဆယ်လီ ကျော်ကြီး - MDY က ချစ်သူများနေ့တွင် ပျော်ရွှင်နေကြသည့်လူငယ်များကို စစ်မှုထမ်းခေါ်ရန် စစ်ကောင်စီကို တောင်းဆိုခဲ့သည်။

မန္တလေးမြို့မှ လူသိများသည့် ရွှေလုပ်ငန်းရှင်နှင့် အွန်လိုင်းဆယ်လီ ကျော်ကြီး – MDY က ချစ်သူများနေ့တွင် ပျော်ရွှင်နေကြသည့်လူငယ်များကို စစ်မှုထမ်းခေါ်ရန် စစ်ကောင်စီကို တောင်းဆိုရေးသားခဲ့သည်။

“လမ်းပေါ်မှာ အရုပ်ကြီးတကားကား ပန်းစီးကြီးတကားကား တူညီဝမ်းဆက်နဲ့ မျက်စိနောက်နေသူတွေ စစ်မှုထမ်းဖို့ ခေါ်ကြပါဗျာ”

Follower ၂သိန်း၈သောင်းကျော်ရှိသည့် သူ၏ Facebook  စာမျက်နှာမှ တောင်းဆိုရေးသားချက်ကို လူ ၁၅၀၀ ခန့်က ရီစရာဟာသအဖြစ်သတ်မှတ်ကာ “Ha Ha” Reaction များ ပေးကြသည်။

Soe Kyaw Thu Naing အမည်ဖြင့် Facebook သုံးသူက “အခုချိန်မျိုး လှော်ကားဥယျာဥ်တို့ ကန်တော်ကြီးဇောင်းတို့ ပေါ်တာထွက်ဆွဲလိုက်ရရင်ဖြင့်” ဟု မှတ်ချက်ပေးခဲ့ပြီး U Khin Mg Aye ဆိုသူကလည်း  “ဒီနေ့တရက်ထည်း လိုချင်တဲ့အင်အားရလောက်တယ်” ဟု ရေးခဲ့သည်။

အာဏာသိမ်းတပ် စစ်သားသစ်စုဆောင်း ဖမ်းဆီးခြင်းကို  ပေါ်တာဆွဲခြင်းဟုလည်း အများအပြားက ခေါ်ဆိုကြသည်။

ထိုသို့ ပေါ်တာဆွဲခြင်းကို အထက်ပါပုဂ္ဂိုလ်တို့က ရယ်စရာဟာသအဖြစ် သတ်မှတ်ခဲ့ကြသော်လည်း ပေါ်တာဆွဲခံရသည့် လူငယ်အရပ်သားတပ်သားသစ်များအတွက်ကတော့ ပျော်စရာကောင်းမနေ။

ပေါ်တာဆွဲခံခဲ့ရသည့် လူငယ်များသည် ကာလတိုသင်တန်းပြီးလျှင် ရှေ့တန်းစစ်မျက်နှာများသို့ပို့ခံခဲ့ရသည်၊ အများအပြားမှာ လစာမရဘဲ စစ်ကောင်စီအတွက် တိုက်ပွဲဝင်နေကြရသည်။ ၎င်းတို့ထဲမှအချို့သည် စစ်မြေပြင်တွင် လူမသိသူမသိ သေကြေနေသည်။

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေက ကြေးရတတ်များ၊ စစ်ဗိုလ်ချုပ်များနှင့် စစ်ကောင်စီဘက်ယိမ်းသည့် ငွေကြေးနှင့်အာဏာစက်ကြီးသူများအတွက် ရယ်စရာဖြစ်ကောင်းဖြစ်မည်။ ယခုအချိန်အထိ သူဌေးသား၊ ခရိုနီနှင့် စစ်ဗိုလ်ချုပ်သားသမီးမြေးမြစ် တစ်ဦးတစ်ယောက်မျှ စစ်မှုထမ်းအဖြစ်ပေါ်တာဆွဲမခံထားရ။ နောက်တွင်လည်း ထိုသို့ခံရရန် အကြောင်းအရင်းသိပ်မရှိ။

အဘယ့်ကြောင့်ဆိုသော်  စစ်မှုထမ်းအဖြစ်မှ ကင်းလွတ်ခွင့်ပေးနိုင်သည့်စနစ်ကိုလည်း စစ်ကောင်စီကဖန်တီးထားသည်။

ကျောမွဲများ၊ ရပ်ထဲရွာထဲမှလူငယ်များအတွက် စစ်ကောင်စီစစ်မှုထမ်းဥပဒေ၏ ရက်စက်ကြမ်းကြုတ်မှုများ အကြောင်း ဆက်လက်လေ့လာကြပါစို့။

တသက်တာစစ်ကျွန်ဖြစ်မည့်သတ်မှတ်ချက်

စစ်ကောင်စီက အရပ်သားစစ်မှုထမ်းများအတွက် စစ်မှုထမ်းကာလက ၂နှစ်၊ ကျွမ်းကျင်သူဖြစ်ပါက ၃နှစ်။ အရေးပေါ်ကာလအဖြစ်သတ်မှတ်ပါက စစ်မှုထမ်းကာလက ၅နှစ် ဟုဆိုသည်။

စစ်မှုထမ်းကာလမည်သို့သတ်မှတ်သည်ဖြစ်စေ စစ်ကောင်စီကအလိုရှိသည့်အချိန်တိုင်း စစ်ထဲပြန်ခေါ်နိုင်သည့်သတ်မှတ်ချက်တစ်ခုကို စစ်မှုထမ်းဥပဒေထဲတွင် ထည့်သွင်းထားသည်။

“စစ်စည်းရုံးခြင်း” ဟု အမည်တပ်ထားသည့် သတ်မှတ်ချက်တွင် စစ်ကောင်စီက အရေးပေါ်အခြေအနေဟု သတ်မှတ်လျှင် စစ်မှုထမ်းပြီးသူများကို စစ်တပ်ထဲပြန်ခေါ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

တစ်ကြိမ်စစ်ထဲဝင်ပြီးနောက် စစ်ကောင်စီအတွက် တသက်လုံး စစ်မှုထမ်းရနိုင်သည့်အချက်ဖြစ်သည်။

မိသားစုတစုလုံးကိုဖမ်းဆီးထောင်ချနိုင်ခြင်း

အရပ်သားလူငယ်တဦးကို စစ်ကောင်စီကစစ်မှုထမ်းရန်ဆင့်ခေါ်စာပို့လျှင် ကာယကံရှင်ဖြစ်စေ၊ အတူနေမိသားစုဝင်တစ်ဦးဦးကဖြစ်စေ ထိုစာ လက်ခံရယူရမည်ဟု စစ်ကောင်စီက သတ်မှတ်ထားသည်။

ဆင့်ခေါ်ခံရသည့်ကာယကံရှင်လူငယ်မရှိပါက မိသားစုဝင်တဦးဦးက ထိုလူငယ်မည်သည့်နေရာတွင် ရောက်နေသည်ဆိုသည်ကို ဖြေရှင်းရမည်ဖြစ်ပြီး စစ်မှုထမ်းရန်အတွက် ပြန်လည်ခေါ်ဆောင် ပေးရမည်ဖြစ်သည်။

စစ်တပ်ကလက်မခံနိုင်သည့် အကြောင်းပြချက်မျိုးဖြစ်ပါက ကာယကံရှင်၏မိသားစုဝင်များ ဖမ်းဆီးခံရမည်ဖြစ်ပြီး ထောင်ဒဏ် (၃)နှစ်နှင့် ငွေဒဏ်ချမှတ်ခံရမည်ဖြစ်သည်။

ပညာတတ်လေ၊ ပိုနစ်လေ

သာမန်အရပ်သားလူငယ်များအတွက် စစ်မှုထမ်းရန် အသက်သတ်မှတ်ချက်မှာ အမျိုးသားဖြစ်ပါက အသက်(၁၈)မှ(၃၅)ကြား၊ အမျိုးသမီးဖြစ်ပါကအသက် (၁၈)မှ(၂၇) ကြား ဖြစ်ပြီး စစ်တပ်ထဲ   (၂)နှစ် အနည်းဆုံး နေရမည်။

ပညာတတ် ဆိုလျှင် အမျိုးသားဖြစ်ပါက အသက်(၄၅)၊ အမျိုးသမီးဖြစ်ပါကအသက် (၃၅) အထိ တပ်ထဲဝင်ရမည်ဖြစ်ပြီး စစ်တပ်ထဲ   (၃)နှစ် အနည်းဆုံး နေရမည်။

ပညာတတ်ဆိုသည်ကိုစစ်ကောင်စီက ဆရာဝန်၊အင်ဂျင်နီယာ၊ စက်မှုလက်မှုနှင့်အခြားအတတ်ပညာ၊ အသက်မွေးဝမ်းကြောင်းပညာတတ်သူများကိုဆိုလိုကြောင်း သတ်မှတ်ထားသည်။

ပညာတတ်များသည် စစ်မှုထမ်းကာလပြီးဆုံးပါကလည်း စစ်တပ်က အရေးပေါ်ပြန်တမ်းဝင်အရာရှိအဖြစ် ခေါ်ယူလျှင် စစ်တပ်ထဲသို့အချိန်မရွေးပြန်သွားကြရမည်ဟု ပြဋ္ဌာန်းထားသည်။ ငြင်းဆိုလျှင် စစ်တပ်က ထောင်ချနိုင်သည်။

လူမျိုးဘာသာမခွဲခြား စစ်ကောင်စီ၏ပေါ်တာများ

စစ်ကောင်စီကစစ်မှုထမ်းနည်းဥပဒေတွင် အရွယ်ရောက်ပြီး နိုင်ငံသားတိုင်းစစ်မှုထမ်းရမည်ဟု ဆိုသည်၊  နိုင်ငံသားဆိုသည့်အနက်အဓိပ္ပာယ်အောက်တွင် “ အရွယ်ရောက်သောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားများ” ဟု ပြဋ္ဌာန်းထားသည်။

ယင်းသတ်မှတ်ချက်အရ နိုင်ငံသားကတ်ဟုခေါ်သည့် မှတ်ပုံတင်ကတ်ပြားရှိသူများသာ စစ်မှုထမ်းရမည်ဟု ယူဆနေသူများလည်းရှိနိုင်သည်။

သို့သော် ၁၉၈၂ မြန်မာနိုင်ငံသားဥပ ဒေနှင့်စစ်ကောင်စီက နောက်ဆက်တွဲထုတ်ပြန်ခဲ့သည့် စစ်မှုထမ်းနည်းဥပဒေတွင် နိုင်ငံသားများသာမက ဧည့်နိုင်ငံသားကတ်ကိုင်ဆောင်သူများ၊ နိုင်ငံသားပြုခွင့်ရသူအဖြစ် သတ်မှတ်ကတ်ပြားကိုင်ဆောင်သူများပါ စစ်မှုထမ်းရန်စာရင်းသွင်းရမည်ဖြစ်သည်။

နိုင်ငံသားမဟုတ်လျှင် အခွင့်အရေးတချို့ ဆုံးရှုံးသည့် မြန်မာနိုင်ငံတွင် ထိုဥပဒေများကြောင့် နိုင်ငံသားမဟုတ်သူများလည်း စစ်သားသစ်အဖြစ် စုဆောင်းခံရနိုင်ချေ ရှိနေလေသည်။

Related Articles

Back to top button