
ကုလသမဂ္ဂ၏ တိုက်တွန်းချက်များကို မြန်မာစစ်တပ်က ပြောင်ပြောင်းတင်းတင်းဆန့်ကျင်နေကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်က ယနေ့ (မတ် ၁၆) တွင် ပြောကြားလိုက်သည်။
စစ်ကောင်စီ၏ စစ်တပ်နှင့်ရဲပူးပေါင်းလက်နက်ကိုင်အဖွဲ့များက မြန်မာနိုင်ငံမှ ဆန္ဒပြနေသူများကို သတ်ဖြတ်ခြင်းနှင့် ဖမ်းဆီးထားသူများကို ညှဉ်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်နေခြင်းသည် အခြေခံ လူ့အခွင့်အရေးများကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာစစ်တပ်အနေဖြင့် “ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ ဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်တင်ပေးရန် (ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏) တိုက်တွန်းချက်များကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ဖီဆန်နေခြင်းလည်း ဖြစ်သည်” ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် Stéphane Dujarric က ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်၏ ဖိနှိပ်နေမှုများ အဆုံးသတ်သွားအောင် နိုင်ငံတကာအသိုင်းအဝိုင်းက စုပေါင်း၍ လည်းကောင်း၊ တစ်နိုင်ငံချင်းအနေဖြင့်လည်းကောင်း ကူညီပေးကြရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က တိုက်တွန်းထားပြီး မြန်မာပြည်သူများ၊ ဒီမိုကရေစီကို ၎င်းတို့၏ ပြင်းပြစွာ လိုလားတောင့်တမှုများနှင့်အတူ ဆက်လက်ရပ်တည်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။
နိုင်ငံတွင်း အခြေအနေများ တည်ငြိမ်အောင် ဆောင်ရွက်ရန်နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန်၊ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်သွားရန်လိုအပ်သည်များကို ပြင်ဆင်ရန် အရေးကြီးသော အစိတ်အပိုင်းတစ်ခုအဖြစ် အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံသို့ လာရောက်ခွင့်ပေးရန်လည်း ကုလအထွေထွေအတွင်းရေးမှူးချုပ်က တောင်းဆိုထားသည်။
ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က နိုင်ငံ့ခေါင်းဆောင်များကို ထိန်းသိမ်းကာ အာဏာသိမ်းလိုက်ပြီးနောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ယင်းအပေါ် စိုးရိမ်ပူပန်ကြောင်း ဖေဖော်ဝါရီ ၂ တွင် ထုတ်ပြန်ခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၁ မှ မတ် ၁၅ အထိ စစ်တပ်၏ လက်နက်ကိုင်အဖွဲ့များက အကြမ်းဖက်မှုကြောင့် ၁၈၃ ဦး သေဆုံးခဲ့ရကာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ စုစုပေါင်း ၂၁၇၅ ဦး ရှိသည်ဟု သိရသည်။