
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့အဝင် မုခ်ဦးကို အပြောင်းအလဲများ ပြုလုပ်ခဲ့အပြီး ဒေသခံများနှင့် ရှမ်းအဖွဲ့အစည်းများ ကန့်ကွက်ကြရာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က မူလအတိုင်း ပြန်လည်ပြုပြင်ပေးမည်ဟု သိရသည်။
သီပေါမြို့ကို သိမ်းပိုက်ထားသည့် TNLA က ဖေဖော်ဝါရီ ၇ ရက်နေ့တွင် မြို့အဝင် မုခ်ဦး ညာဖက်ခြမ်းရှိ ဝါစိမ်းနီအရောင်များဖြင့် ရေးခြယ်ထားသော ရှမ်းပြည်နယ်မြေပုံ၊ ရှမ်းဘာသာစကား၊ ဘယ်ဖက်ရှိ Hsipaw ဆိုသည့် အင်္ဂလိပ် ဘာသာစကားဖြင့် ရေးထားသောစာသားများကို အစိမ်းရောင်၊ အဖြူရောင်တို့ဖြင့် ပြောင်းလဲရေးခြယ်ခဲ့ခြင်းဖြစ်သည်။
သီပေါသည် ရှမ်းတိုင်းရင်းသားများအတွက် အစဉ်အလာကြီးမားသည့်မြို့ဖြစ်သလို ၁၉၆၂ ခုနှစ် စစ်တပ်အာဏာမသိမ်းမီအထိ ရှမ်းစော်ဘွားများနန်းစိုက်အုပ်ချုပ်ရာမြို့ ဖြစ်ခဲ့သည့် အတွက် ထိုသို့ ပြောင်းလဲခြင်းအပေါ် ရှမ်းအဖွဲ့အစည်းအများအပြားက ကန့်ကွက်ခဲ့ကြသည်။
ကျောက်မဲမြို့ဘက်မှ လာပါက တွေ့ရမည့် မုခ်ဦး ဖြစ်သည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အဆိုပါ မုခ်ဦးပြုပြင် ခြင်းကို TNLA လက်အောက်ခံ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဗဟို၏ ညွှန်ကြားထားချက် မရှိဘဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မူလအတိုင်း ပြန်လည်ပြုပြင်ရန် ညွှန်ကြားထားကြောင်း ဒေသအခြေစိုက် သတင်းများ ဖော်ပြနေသည့် ရွှေဖီမြေနှင့် သျှမ်းသံတော်ဆင့်သတင်းဌာနတို့ကို ပြောထားသည်။
Myanmar Now က အဆိုပါကိစ္စနှင့်ပတ်သက်ပြီး TNLA ထံ သီးခြားဆက်သွယ်ထားသော်လည်း တုံ့ပြန် ဖြေဆိုခြင်း မရှိသေးပေ။
၂၀၂၄ ခုနှစ် အောက်တိုဘာလလယ်ပိုင်းတွင် မြို့သိမ်းထားသည့် TNLA အနေဖြင့် မြို့ခံ အခြားလူမျိုးစုများကို လေးစားသင့်ကြောင်း၊ ဒေသခံများနှင့် သဟဇာတဖြစ်စေရန် နေထိုင်ပြုမူသင့်ကြောင်း သီပေါမြို့ခံ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“မြို့ကိုသိမ်းလိုက်လို့လည်း ဘာမှမပြောကြဘူးလေ။ သူတို့က စကစကို နိုင်အောင်တိုက်နိုင်လို့ သိမ်း ရတာပဲ။ ဘယ်သူမှလည်း အပြစ်မတင်ဘူး။ ဒါပေမယ့် မြို့က ရှမ်းတွေနဲ့ လူမျိုးစုံနေတဲ့မြို့ကို သူတို့ ပုံစံ သူတို့လိုချင်သလို ပြောင်းလို့တော့မရဘူးလေ လေးစားမှုရှိရမှာပေါ့” ဟု ဆိုသည်။
“အခုပြန်ပြောင်းပေးမယ် ပြောပေမဲ့ ဟုတ်မဟုတ်က စောင့်ကြည့်ရမှာပဲ”
ထို့ပြင် လူမျိုးတစ်စုတည်း မူပိုင် မလုပ်သင့်ကြောင်း ထိုသို့လုပ်လျှင် ဌာနေအခြားတိုင်းရင်းသားများ၏ ထောက်ခံမှုကို မရရှိနိုင်ကြောင်း အဆိုပါ အမျိုးသားက ဆက်ပြောသည်။
သီပေါမြို့ မုခ်ဦးပြောင်းလဲခြင်းကို ရှမ်းကျောင်းသားများသမဂ္ဂအဖွဲ့အပါအဝင် အရပ်ဖက်အင်အားစု ၅ ဖွဲ့ကလည်း ကန့်ကွက်ကြောင်း ဖေဖော်ဝါရီ ၈ ရက်နေ့က စာထုတ်ခဲ့သည်။
ထို့ပြင် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Shan State Joint Action Committee – SSJAC) ကလည်း ဖေဖော်ဝါရီ ၁၀ ရက်တွင် ကန့်ကွက်ကြောင်း စာထုတ်ပြန်ခဲ့သည်။
၂၀၂၄ ဩဂုတ် ၇ ရက်နေ့ကလည်း မူဆယ်မြို့၊ စယ်လန့်ရွာရှိ ရှမ်းလူမျိုးတို့၏ အထွတ်အမြတ် ဖြစ်သော စဝ်ဆေခန်ဖ၏ နန်းမြို့ရိုးဟောင်းကို ဘူဒိုဇာဖြင့် ဖျက်ဆီးခဲ့ကြောင်း၊ ယခင်နှစ်များကလည်း ကွတ်ခိုင်မြို့နယ် မိုင်းယုဒေသ၊ နမ္မတူမြို့နယ် မိုင်းရင်ဒေသတို့တွင်လည်း အလားတူဖြစ်ရပ်များ ဖြစ်ပွားခဲ့ကြောင်း SSJAC က ဆိုသည်။
အဆိုပါ ဖြစ်ရပ်အပေါ် TNLA တာဝန်ရှိသူများက တာဝန်ယူဖြေရှင်းမည်ဟု ယုံကြည်ကြောင်း SSJAC ၏ ပြန်ကြားရေးတာဝန်ခံ အမျိုးသားက ပြောသည်။
“ကျွန်တော်တို့ရဲ့ရပ်တည်ချက်က စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူရေး ဖြစ်တယ်။ သီပေါတင်မကဘဲ တခြားမြို့တွေမှာလည်း ထိုးနည်းလည်းကောင်း ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်ရေးကိုပဲ ဦးစားပေးတယ်” ဟု SSJAC ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
SSJAC ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည် တပ်မတော်(SSPP/SSA)၊ ဆင်ကျော့ပြည်သူ့စစ်တို့နှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
၂၀၂၁ စစ်တပ်အာဏာသိမ်းစဉ်က နိုင်ငံအနှံ့စစ်ကောင်စီ ဆန့်ကျင်သည့် ဆန္ဒပြမှုများ ပေါ်ပေါက်လာရာ သီပေါမြို့လူထုကလည်း အလားတူ ဆန္ဒပြခဲ့သည်။
၂၀၂၁ မတ်လ ၁၀ ရက်နေ့ ပစ်ခတ်ဖြိုခွင်းခံရပြီး နောက်ပိုင်းတွင်ပင် ဆက်လက်ဆန္ဒပြမှုများ ရှိခဲ့သည်။
ကျောက်မဲခရိုင်တွင် ပါဝင်သော သီပေါတွင် မြို့ပေါ် ၁၁ ရပ်ကွက်ရှိကာ မြို့ပေါ်လူဦးရေ ၈၅၀၀ ခန့်၊ အိမ်ခြေ ၁,၅၀၀ နီးပါး ရှိသည်။
နှစ်လကျော်ကြာ အပြင်းအထန်တိုက်ယူခဲ့ရပြီး စစ်တပ်၏ လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲခံရသည့် အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့သိမ်းတိုက်ပွဲအတွင်း ဒေသခံဆယ်ချီသေဆုံးခဲ့ရသည်။
မြန်မာပြည်မြေပြန့်မြို့များနှင့် နယ်နိမိတ်ထိနေသော သီပေါမြို့သည် တရုတ်-မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ မြို့လည်းဖြစ်သည်။ ကားလမ်း၊ ရထားလမ်းများဆုံရ ထိုမြို့တွင် ရှမ်း၊ ပလောင်၊ ကချင်နှင့် ဗမာတိုင်းရင်းသားများ စုံလင်စွာ နေထိုင်ကြသည်။
ရှမ်းစော်ဘွားများအစဥ်အဆက်အုပ်ချုပ်ခဲ့သည့် ရှမ်းပြည်နယ်၌ သိန္နီနှင့် သီပေါနယ်များသည် သမိုင်း တလျှောက် စီးပွားရေးနှင့် နိုင်ငံရေးအရ အရေးပါသည့်နယ်များဖြစ်သည်။
၂၀၂၃ အောက်တိုဘာ ၂၇ ရက်နေ့မှ စတင်သည့် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ “ ၁၀၂၇ စစ်ဆင်ရေး” အတွင်း ကိုးကန့်တပ်(MNDAA)နှင့် တအာင်းတပ်(TNLA)တို့က ရှမ်းမြောက်တစ်ခုလုံးနီးပါး သိမ်းပိုက်နိုင် ခဲ့သည်။
အဆိုပါစစ်ဆင်ရေးတစ်ခုလုံးအတွင်း TNLA က မြို့ပေါင်း ၁၂ မြို့ ရရှိထားသလို ကိုးကန့်တပ်က ၁၀ မြို့၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ၂ မြို့ ရရှိထားသည်။
ထိုစဉ်က တအာင်းတပ် (TNLA) သည် ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ စသည့်မြို့များကို သိမ်းပိုက်ခဲ့သည်။ ၂၀၂၄ ဇွန် ၂၅ ရက်နေ့မှ စတင်သော ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် မိုးမိတ်၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မန္တလေးတိုင်း မိုးကုတ်မြို့ တို့ကို ရရှိခဲ့သည်။
ရှမ်းမြောက်တွင် စစ်ကောင်စီလက်အောက်၌ မြန်မာ-တရုတ်နယ်စပ် မူဆယ်၊ UWSA နယ်မြေများနှင့် ထိစပ်နေသော မိုင်းရယ်၊ တန့်ယန်းတို့ သာ ကျန်တော့သည်၊ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်ကို မိုင်းရယ်မြို့တွင် အရေးပေါ် ဖွင့်လှစ်အခြေစိုက်ထားရသည်။
လက်ရှိတွင် အဆိုပါ သိမ်းပိုက်နယ်မြေများတွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း နယ်မြေ အငြင်းပွားမှုများ၊ ဆက်ဆံရေးတင်းမာမှုများဖြစ်ပေါ်နေသလို ဒေသခံများနှင့် အဆိုပါ လက်နက်ကိုင် များအကြား သဟဇာတမဖြစ်သေးဘဲ မကြာခဏ တင်းမာမှုများဖြစ်ပေါ်နေသည်။
မကြာသေးခင်က TNLA နှင့် ကချင်တပ် KIA တို့ အောက်ခြေတပ်ဖွဲ့ ဆက်ဆံရေးတင်းမာမှုများကို ကျည်မပေါက်ဘဲ လက်သီးထိုးကာ ဖြေရှင်းခဲ့ကြသည်။