ဆောင်းပါးလူမှုနယ်ပယ်

ဘက်မတူသည့် ညီအစ်ကိုနှစ်ဦး၏ ကြည်နူး၊ ဝမ်းနည်းဖွယ် တွေ့ဆုံမှု

ရှမ်းပြည်နယ်မှ တော်လှန်ရေးတပ်၊ စစ်ကောင်စီတပ်တို့တွင် အသီးသီး တာဝန်ထမ်းနေကြသည့် ညီအစ်ကိုနှစ်ဦး ၎င်းတို့၏မိခင်ယူဆထားသည့်အတိုင်း ရင်ဆိုင်တွေ့ရသည့်နေ့သို့ ရောက်လာသည်။

ရှမ်းပြည်နယ်မှ အသက် ၃၁နှစ်အရွယ် ကိုကျော်ရန် တာဝန်ထမ်းဆောင်နေသော ဓနုပြည်သူ့လွတ်မြောက်ရေးတပ် (DPLA) အတွက် စစ်သုံ့ပန်းရရှိသည့် ဖြစ်ရပ်သည် အသစ်အဆန်း မဟုတ်ပေ။

သို့သော်လည်း ဖေဖော်ဝါရီ  ၄ ရက်နေ့ သုံ့ပန်းရရှိမှုမှာမူ ထူးခြားနေသည်။ အဘယ်ကြောင့်ဆိုသော်… ထိုနေ့က ဖမ်းဆီးရမိလာသော စစ်ကောင်စီတပ်သား ၅ ဦးထဲတွင် သူ၏အစ်ကိုကြီး တပ်ကြပ်သိန်းဌေးအောင် ပါဝင်နေသောကြောင့်ပင်။

အသက် ၅ နှစ်ကွာသော ညီအစ်ကိုနှစ်ဦး ထင်မှတ်မထားသောနေရာတွင် ပြန်လည်ဆုံတွေ့ကြစဉ် စစ်ယူနီဖောင်းဝတ် သုံ့ပန်းဖြစ်သူမှာ  ကြိုးတုပ်ခံထားရသည်။

“အံ့ဩသွားတယ်။ ကိုယ့်အစ်ကိုကို မြင်တာ ပျော်လည်းပျော်တယ်။ အဲ့ဒီလိုပုံစံကြီးနဲ့မြင်တာ၊  လက်တွေ ကြိုးလည်းတုပ်ထားတော့ စိတ်လည်းမကောင်းဘူးပေါ့ဗျာ” ဟု ကိုကျော်ရန်က ပြောသည်။ 

 ကိုကျော်ရန်  DPLA တပ်ထဲ ဝင်ခဲ့သည်မှာ ၅ လ ကြာပြီဖြစ်သည်။ ထိုစဉ်ကတည်းက  စစ်သက် ၁၅ နှစ်ရှိသူ အစ်ကိုဖြစ်သူမှာ နောင်ချိုမြို့နယ်၊ တောင်ခမ်း အခြေစိုက် အမှတ် (၉၀၂) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်တွင် ရှိကြောင်း  ကြိုတင်အသိပေးထားပြီး ဖြစ်သည်။ 

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ဇာတိ  ကိုကျော်ရန်က   မွေးချင်းမောင်နှမ ၆ယောက်တွင် အငယ်ဆုံးဖြစ်ပြီး  ကိုသိန်းဌေးအောင်က  တတိယမြောက်သားဖြစ်သည်။

ကိုကျော်ရန် လသား အရွယ်တွင် ဖခင်ဖြစ်သူ ဆုံးပါးသွားသည်၊   ဈေးရောင်းပြီး သားသမီးများကို  ရှာကျွေးခဲ့သည့်  မိခင်က သူတို့ညီအစ်ကိုနှစ်ဦးကို  ဘုတလင်မြို့  ရောင်ခြည်ဦးကျောင်းတိုက်တွင် ကိုရင်ဝတ်၊  ပညာသင်ယူစေခဲ့သည်။  

  အစ်ကိုဖြစ်သူက အသက် ၂၀ အရွယ်တွင် လူဝတ်လဲပြီး အဝေးသို့ ထွက်သွားရာမှ   စစ်တပ်ထဲ အတင်းအကျပ် အသွင်းခံရပြီး မိသားစုနှင့် အဆက်အသွယ်ပြတ်သွားသည်၊  သုံးနှစ်ခန့်ကြာမှ  မိခင်ထံသို့  ထိုအကြောင်း စာရေးသားပေးပို့ ဆက်သွယ်လာသည်။ 

ညီဖြစ်သူ ကိုကျော်ရန်လည်း ၉ တန်းတွင် ကျောင်းထွက်ပြီး  ကြုံရာကျပန်းအလုပ်ကြမ်းများ လုပ်ကိုင်ခဲ့သည်၊  အကြွေးတင်နေသည့် သူတို့မိသားစု  ဘုတလင်ရှိ အိမ်နှင့်ခြံကိုရောင်းချ အကြွေးဆပ်ကာ တပ်ကြပ်သိန်းဌေးအောင်ရှိသည့် နောင်ချိုမြို့သို့  အပြီးပြောင်းရွှေ့၊ နေထိုင်ခဲ့ကြသည်။  

တပ်ကြပ်သိန်းဌေးအောင်က မကြာခဏဆိုသလို  မိခင်ဖြစ်သူကို တစ်သိန်းခွဲမှ  နှစ်သိန်းအထိ ထောက်ပံ့သည်ဟု ဆိုသည်။

၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်သဖြင့် နိုင်ငံအနှံ့ လက်နက်ကိုင် ခုခံမှု  ပေါ်ပေါက်လာရာ  ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် တိုက်ပွဲများက ၎င်းတို့နေထိုင်ရာ နောင်ချိုမြို့သို့ ရောက်လာသည်၊  လက်နက်ကြီးပစ်ခတ်မှု၊ လေတပ် တိုက်ခိုက်မှုတို့ကြောင့်  အသက် ၇၅နှစ်အရွယ် မိခင်ဖြစ်သူကို ခေါ်ပြီး  ကိုကျော်ရန်တို့ မိသားစု  စစ်ဘေးရှောင်ခဲ့ရသည်။

တပ်ကြပ်သိန်းဌေးအောင်က ထိုမြို့တွင် တိုက်ပွဲမဖြစ်ခင်အချိန်အထိ အရပ်ဝတ် ဝတ်ဆင်ပြီး မိခင်ဖြစ်သူထံ  လာရောက်တွေ့ဆုံသည်၊ အစ်ကိုဖြစ်သူကို စစ်တပ်ထဲမှ  လက်နက်ယူပြီး တော်လှန်ရေးအင်အားစုထံ ထွက်ပြေးရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့ကြသည်ဟု ကိုကျော်ရန်က ပြောသည်။

“လက်နက်တွေဘာတွေ အပြည့်အစုံနဲ့ဆိုရင် ဆုတော်ငွေတွေ၊ ပိုက်ဆံတွေတောင် ဆုချရင် ချသေးတယ်။ အဲ့ဒီလိုအလင်းဝင်တဲ့သူဆိုရင် ကောင်းကောင်းမွန်မွန် ကြိုဆိုတာ။ သူကို အဲ့လိုမျိုးပြောဖူးတယ်” ဟု ကိုကျော်ရန်က ဆိုသည်။

DPLA ကို ရှမ်းပြည်နယ်  ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ နောင်ချိုမြို့နယ်တို့တွင်  နေထိုင်ကြသည့်   ဓနုလူမျိုးများ၏ အမည်ဖြင့် ဖွဲ့စည်းထားခြင်းသည်။ 

၂၀၂၄  ဩဂုတ်လ ၈ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၈ ဦးကို ဖမ်းဆီးရမိကြောင်း DPLA တပ်က ထုတ်ပြန်ခဲ့သည်။

တပ်ကြပ်သိန်းဌေးအောင် အမြောက်တပ်ထဲ ဆက်ရှိနေချိန်တွင်  ကိုကျော်ရန်က DPLA တပ်ထဲ ရောက်သွားပြီး စစ်သင်တန်း ၃လ တက်ရသည်။ 

တော်လှန်ရေးတပ်ကို အားပေးသည့်  မိခင်ကလည်း ညီအစ်ကိုချင်း  ရင်ဆိုင်တိုက်ခိုက်ရနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားရန်ပင် သတိပေးခဲ့သည်ဟု ဆိုသည်။  

“စစ်မြေပြင်မှာဆိုရင်တော့ အမေကတော့ ပြောထားတယ်၊ မညှာနဲ့၊ သူသေကိုယ်သေ ချသာချပေါ့၊ နင့်အစ်ကိုလည်း သိမှာမဟုတ်ဘူး၊ အဝေးကနေ ပစ်နေရတာ” ဟု မိခင်က မှာကြားဖူးကြောင်း သူက ရှင်းပြသည်။

“တကယ်လို့ ရှေ့တန်းသွားရရင် ငါ့အစ်ကို ရှိနေမလားဆိုတဲ့ စိတ်ဓာတ် နင်ဘယ်တော့မှ မထားနဲ့တဲ့။ ညီအစ်ကို အချင်းချင်းဆိုတဲ့ အဲ့လို စိတ်ဓာတ်တွေ ဝင်မှာစိုးလို့”

မိခင်ဖြစ်သူ   တွက်ဆထားသည့်အတိုင်းပင် … ဒေသတစ်ခုတည်း ဆန့်ကျင်ဘက် အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်သည့် သူတို့ညီအစ်ကို ရင်ဆိုင်ရသည့်နေ့သို့ ရောက်လာသည်။

အဖမ်းခံရသည့် စစ်ကောင်စီတပ်ကြပ်သိန်းဌေးအောင်၏ နဖူးမှ ဒဏ်ရာအတွက် ဖမ်းဆီးသည့်အဖွဲ့မှ ညီဖြစ်သူ ကိုကျော်ရန်  ဂရုစိုက် ကြည့်ရှုပေးနေပုံ။ (ဓာတ်ပုံ – DPLA)

စစ်ရေးပြင်းထန်နေသည့် နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာအနီး  တပ်ကြပ်သိန်းဌေးအောင်တို့ကို   အရှင်ဖမ်းမိခဲ့သည်၊ နောက်ဆုံးအချိန်အထိ ခံတိုက်ပြီးမှ  လက်နက်ချခဲ့သူများ ဖြစ်သည်ဟု  သက်တမ်း ၂ နှစ်ခွဲရှိလာသည့် DPLA တပ်ကို  တည်ထောင်သူ ကိုထွန်းနိုင်က ပြောပြသည်။

“စစ်ကောင်စီလက်အောက်မှာလုပ်နေတဲ့ အရာရှိ၊ အရာခံ အောက်ခြေရဲဘော်မှအစ  သေလမ်းမဟုတ်တဲ့နည်းလမ်းကို ရွေးဖို့ဆိုရင်တော့ အလင်းဝင်ဖို့ပဲ ရှိတယ်။  ဝင်လို့မရရင်လည်း ရရာနည်းလမ်းနဲ့ ထွက်ပြေးကြဖို့ ကျွန်တော်ကတော့ တိုက်တွန်းချင်တယ်” ဟု ကိုထွန်းနိုင်က ပြောသည်။

စစ်သုံ့ပန်းဖြစ်နေသူများကို  Myanmar Now က ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ကိုကျော်ရန်က သုံ့ပန်းဖြစ်နေသည့် သူ့အစ်ကို တပ်ကြပ်သိန်းဌေးအောင်ကို သူ့နည်းတူ တော်လှန်ရေးတပ်သားတစ်ယောက် ဖြစ်စေလိုသည်။ သို့သော်လည်း တပ်ကြပ်သိန်းဌေးအောင်၏ဆန္ဒ မည်သို့ရှိသည်ကို မသိရသလို DPLA က သူ့ကို မည်သို့ အရေးယူမည်၊ မည်မျှအထိ လုပ်ပိုင်ခွင့်ပေးမည်ကို  မသိရသေးပေ။  

DPLA တပ်က အွန်လိုင်းတင်ထားသည့် ရုပ်သံတွင် ရှမ်းပြည်နယ် စစ်မြေပြင်မှ အညာသား ညီအစ်ကိုနှစ်ဦး မတူသည့် အခြေအနေကို တွေ့ရသည်။

နေလောင်ထားသည့်အသားအရေရှိသည့်၊ အကျဉ်းသားအဖြစ် ကြိုးတုပ်ခံထားရသည့် တပ်ကြပ်သိန်းဌေးအောင်ကို ညီဖြစ်သူက ပခုံးဖက်ပြီး ကြည်နူးစွာ ပြုံးနေသည်။ အားငယ်နေဟန်ရှိသည့် အစ်ကိုဖြစ်သူကလည်း အားတင်းပြီး ပြုံးနေလေသည်။ 

အကယ်၍ အခြေအနေမှာ ပြောင်းပြန်ဖြစ်ပြီး အဖမ်းခံရသူမှာ DPLA တပ်သား ဖြစ်နေပါလျှင် အသက်ရှင်သန်ခွင့် ရနိုင်ချေ နည်းပါးဖွယ်ရှိသည်၊ ညီအစ်ကိုနှစ်ဦးလည်း ပခုံးဖက်၊ ရယ်မော ပြုံးရွှင်ခွင့် မရမည်မှာ သေချာနေလေသည်။

ရှမ်းပြည်နယ်မှ လက်နက်ကိုင်တော်လှန်ရေးသမား ကိုကျော်ရန်။ (ဓာတ်ပုံ – DPLA)

Related Articles

Back to top button