
‘ကလို’ ဆိုတာ စကောကရင်ဘာသာစကားဖြစ်ပြီး ကရင်တွေရဲ့ အမှတ်သညာတစ်ခုဖြစ်တဲ့ ဖားစည်ကို ခေါ်ဝေါ်တာပါ။
‘ကလိုး’ ဆိုတာက သေနတ်ကို ဆိုလိုပါတယ်။ ကရင်တိုင်းရင်းသားတွေရဲ့ မြေဟာ ‘ကလို’ သံထက် ‘ကလိုး’ သံက ပိုပြီး ဆူညံတယ်လို့ဆိုရမှာပါ။
စစ်ပွဲတွေမရှိခဲ့ဘဲ ကရင်တွေကို သိကြပါ့မလား။
အမျိုးသားအမျိုးသမီး ဟန်ချက်ညီညီ အားနဲ့မာန်နဲ့ကရတဲ့ ဒုံးအက၊ အရောင်အသွေးစုံတဲ့ လက်ယက်ကန်း ချည်သားထည်တွေ၊ တောင်ယာ တောတွေဆီကရတာနဲ့ချက်တဲ့ တာလဘောဟင်း၊ တောင်ပေါ်မြေပြန့် ကွဲကွာနေသူတွေ ပြန်ဆုံကြတဲ့ ချည်ဖြူဖွဲ့မင်္ဂလာ စတဲ့ ရိုးရာတွေကြောင့်လည်း ကရင်ကို သိနိုင်ကြပါတယ်။
သို့ပေမဲ့ စစ်ပွဲနဲ့တွဲပြီးမြင်ကြတဲ့ မြန်မာပြည်က တိုင်းရင်းသားတွေထဲမှာ ကရင်က ထိပ်ဆုံးနေရာမှာ ရှိပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးထဲကဆိုရင် စိန်ရတု ကြာညောင်းခဲ့ပြီဖြစ်တဲ့ စစ်ပွဲတွေဟာ ကရင်လူမျိုးတွေကို အစစအရာရာ နောက်ကိုတွန်းပို့ခဲ့ပါတယ်။
အရှေ့နဲ့အနောက် ခွဲခြားသတ်မှတ်မထားတဲ့ ရိုးရာဝတ်စုံတွေလိုပဲ ကရင်နဲ့ စစ်ပွဲဟာ ခွဲမရအောင် ဒွန်တွဲ နေခဲ့တာပါ။
ကရင်တွေရဲ့ နိုင်ငံရေးရည်မှန်းချက်ဟာ ကော်သူးလေ ဆိုတဲ့ အဝန်းအဝိုင်းတစ်ခုပါ။ မြန်မာလိုဘာသာ ပြန်ရင် “ သန့်ရှင်းစင်ကြယ်တဲ့နေရာ” လို့ အဓိပ္ပာယ်ရတဲ့ ကော်သူးလေရဲ့ အချို့နေရာတွေမှာ ရေမြေ တောတောင်တွေဟာ သဘာဝအတိုင်း စီးဆင်းနေဆဲ ဖြစ်လို့ ဒေသခံတွေရဲ့ စားဝတ်နေရေးအတွက် အထောက်အပံ့တစ်ခုဖြစ်စေပါတယ်။

အပစ်အခတ်ရပ်စဲထားတဲ့ကာလ KNU နယ်မြေထဲက အချို့နေရာတွေမှာ အစိုးရရဲ့ စီမံချက်နဲ့ လမ်းတွေ ဖောက်လုပ်ခွင့်ပြုပေမဲ့လည်း လုံခြုံရေးဆိုင်ရာစိုးရိမ်ချက်အရ တံတားထိုးဖို့တော့ KNU ခေါင်းဆောင်ပိုင်း က နေရာတိုင်းမှာ ခွင့်မပြုခဲ့ပါဘူး။ ဒါကြောင့် မိုးရာသီ ရောက်တိုင်းမှာ KNU ထိန်းချုပ်နယ်မြေရဲ့ လမ်းပန်း ဆက်သွယ်ရေးဟာ အထူးခက်ခဲလေ့ ရှိပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းနဲ့ အထက်တန်းအဆင့်ပညာ တက်လှမ်းနိုင်မှုမှာ ပြည်မအစိုးရရဲ့ အသိအမှတ် ပြုမှုကို မရတာကြောင့် ကရင်အများစုဟာ မိခင်ဘာသာနဲ့သင်တဲ့ ကော်သူးလေပညာရေးထက် အစိုးရကျောင်းတွေကို ပိုပြီးရွေးချယ်လာကြပါတယ်။ အာဏာမသိမ်းမီကဆိုရင် ကော်သူးလေကျောင်း တွေမှာ တက်တဲ့အရေအတွက်ဟာ အင်မတန်မှကို နည်းပါးပါတယ်။
ဒါကြောင့် စစ်ပွဲတွေမရှိတဲ့ အပစ်ရပ်ကာလတွေမှာ ထိန်းချုပ်နယ်မြေက ကျောင်းသားအများစုဟာ အစိုးရ စာသင်ကျောင်းတွေမှာပဲ စာသင်ခဲ့ကြပါတယ်။ အာဏာသိမ်းပြီးနောက်မှာတော့ အကြမ်းမဖက် အာဏာဖီဆန်မှုနဲ့ အတူ စစ်တပ်ရဲ့ပညာရေးကို စွန့်ခွာပြီး ကော်သူးလေစာသင်ကျောင်းတွေဆီ ပြန်ရောက်လာခဲ့တာပါ။
ကော်သူးလေ ဆရာနဲ့ ဆရာမတွေဟာ စေတနာ့ဝန်ထမ်းတွေဖြစ်ပြီး အစိုးရ အထက်တန်းအောင်/ ဘွဲ့ရ၊ ကော်သူးလေဂျူနီယာကောလိပ်ဆင်း၊ ကရင်ဆရာအတတ်သင်ဆိုပြီး ပညာရေးနောက်ခံမျိုးစုံ ပါဝင် ပါတယ်။ သူတို့ဟာ ရပ်ရွာရဲ့ ဆန်စပါးစတဲ့ ထောက်ပံ့မှု အနည်းငယ်နဲ့ ကရင့်ပညာရေးဌာနက ပေးတဲ့ စာသင်နှစ် တစ်နှစ်အတွက် ထိုင်းဘတ် ၁၀,၀၀၀ ဝန်းကျင်ခန့်သာ ရရှိပါတယ်။
ဘဝရပ်တည်ရေး ဝင်ငွေမလုံလောက်မှုကြောင့်လည်း ကော်သူးလေပညာရေးရဲ့ ယန္တရားဖြစ်တဲ့ ဆရာ၊ ဆရာမတွေဟာ အမြဲလို အပြောင်းအလဲ ဖြစ်နေပါတယ်။ ပညာရေးဝန်ထမ်းအများစုဟာ အမျိုးသမီးတွေ ပါ။ အနည်းဆုံး ၂ နှစ်စာချုပ်နဲ့လုပ်ရတဲ့ ဆရာ/ဆရာမ တွေအဖို့ သက်တမ်းပြည့်တာနဲ့ တဖက် ထိုင်းနိုင်ငံ ကဲ့သို့နေရာတွေမှာ အလုပ်အကိုင်အခွင့်အလမ်းအတွက် ရှာဖွေကြပါတယ်။

ငါးလွှတ်တဲ့အခါမှာ သဘာဝ ချောင်းမြောင်းတွေထဲက ငါးတွေကိုပဲ ဖမ်းယူပြီး ငါးမဖမ်းဖို့ သတ်မှတ်ထား တဲ့ ဘေးမဲ့ ချောင်းထဲကို ပြန်လွှတ်ကြတာပါ။
ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ကိုးကွယ်မှုများတဲ့ ကေအဲန်ယူ ထိန်းချုပ်နယ်မြေထဲမှာ ကျောက်ပုံဘာသာက အစဉ် အဆက် ကိုးကွယ်လာတဲ့ သီးခြားဘာသာတစ်ခုဖြစ်ပါတယ်။ ဘာသာဝင်တွေအတွက် သီးခြား ဘုရားဝတ်ပြုဖို့နေရာ၊ တရားဟောဆရာ၊ ဗုဒ္ဓဘာသာနဲ့ ဆင်တူတဲ့ ဝါဝင်ဝါထွက်နဲ့ ဘာသာရေး အခမ်းအနားတွေလည်း ရှိပါတယ်။ ကျောက်ပုံဘာသာဝင်တွေရဲ့ ဘာသာရေးအခမ်းအနားတွေမှာ အဖြူရောင်ကရင်သင်တိုင်းကိုသာ ဝတ်ဆင်ကြရပါတယ်။ ဒါ့အပြင် ဘာသာဝင်တိုင်းဟာ အရက်သေစာ ကို ရာသက်ပန် ရှောင်ရှားကြရပါတယ်။

နွားဝှေ့ပွဲတွေဟာ ငွေကြေးအလောင်းအစားပါလေ့ရှိပြီး ကေအဲန်ယူကတော့ ဒါကို တရားဝင် ခွင့်ပြု ထားတာမျိုး မရှိပါဘူး။ ကေအဲန်ယူနယ်မြေမှာ တားမြစ်ထားတဲ့အရာတွေထဲမှာ အရက် ချက်လုပ်တာနဲ့ လောင်းကစားလုပ်တာတွေ ပါပါတယ်။
လယ်ယာသုံးစက်ကိရိယာတွေ တွင်တွင်ကျယ်ကျယ်သုံးလာနိုင်တာတဲ့အမျှ နွားတွေကို အသားအတွက် စီးပွားဖြစ် မွေးကြသူတွေလည်းရှိလာပါတယ်။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနယ်စပ်ဟာ ဒေသခံတွေအဖို့ ကြီးမားတဲ့ နွားဈေးကွက်ကြီးတစ်ခုဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး- KNU ဟာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲခဲ့ပါတယ်။
အဲဒီလို လက်မှတ်ရေးထိုးခဲ့မှုကြောင့် NCA ဆန့်ကျင်တဲ့ အဖွဲ့နဲ့ သဘောတူတဲ့အဖွဲ့ဆိုပြီး KNU ခေါင်းဆောင်ပိုင်းမှာ သဘောထားကွဲမှုတွေရှိခဲ့ပါတယ်။ သို့ပေမဲ့ အာဏာသိမ်း ပြီးနောက်မှာ NCA ပျက်ပြယ်ပြီဆိုပြီး KNU ခေါင်းဆောင်အချို့ ထုတ်ပြောလာမှုနဲ့အတူ စစ်တပ်ရဲ့ အတိုက်အခံတွေကို ခိုလှုံခွင့် ပေးတာနဲ့ လက်နက်ကိုင်တော်လှန်လိုသူတွေကို လေ့ကျင့်သင်ကြားပေးတာတွေ လုပ်ခဲ့ပါတယ်။
ဒေသခံတွေအဖို့ ကရင်ဒေသရဲ့ နောက်ထပ် စစ်ပွဲကြီးတစ်ခုကို ကြုံရဖို့ ဖြစ်လာခဲ့ပါတယ်။

KNUထိန်းချုပ်နယ်မြေထဲက NCA အားကောင်းတဲ့ ဒေသတွေမှာ အပစ်ရပ်ကာလအတွင်း လမ်းမကြီးတွေ ဖုန်းလိုင်းဆက်သွယ်ရေးတွေရခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ မိုဘိုင်းလ်အင်တာနက် ဆက်သွယ်ရေးတွေ ပြတ်တောက်ခဲ့ပါတယ်။ အစိုးရရဲ့ တယ်လီဖုန်းလိုင်းအင်တာနက်တွေ ပြတ်တောက် လာတဲ့အခါမှာ ဒေသခံတွေဟာ သာရေးနာရေးအပြင် တိုင်းတပါးမှာရှိနေတဲ့ ဆွေမျိုးတွေကို ဆက်သွယ်ဖို့ အတွက် အခက်ကြုံလာရပါတယ်။ ကရင်ဒေသခံတွေအဖို့ အဆက်အသွယ်အတွက် ဖုန်းလိုင်းအင်တာနက် ရှာဖွေရတာကလည်း အလုပ်တစ်ခုသဖွယ်ပါပဲ။
အာဏာသိမ်းပြီးမှ KNU နယ်မြေကို ရောက်လာတဲ့ တော်လှန်ရေးရဲဘော်တွေအတွက်လည်း အဝေးက မိသားစုတွေဆီ ဆက်သွယ်ဖို့ဟာ အခက်အခဲတစ်ခုပါပဲ။
ဖုန်းလိုင်း အင်တာနက်ရတဲ့နေရာကို တွေ့တဲ့အချိန်ဟာ ဒေသခံတွေရော ခိုလှုံသူတွေအတွက်ပါ ဝမ်းသာစရာ သတင်းကောင်းတစ်ခုလိုဖြစ်ပါတယ်။

ဗုံးကြဲခဲ့တဲ့နေရာဟာ ဒေသခံတွေနေထိုင်တဲ့ ကျေးရွာနဲ့ ၂ မိုင်နီးပါးသာကွာဝေးပါတယ်။ ပြည်သူ့ ကာကွယ် ရေးတပ်တွေရှိတယ်ဆိုတဲ့ ယူဆချက်နဲ့ ဗုံးကြဲခဲ့တာပါ။
အာဏာသိမ်းပြီးနောက် KNU ခေါင်းဆောင်ပိုင်းမှာ NCA ကို ထိန်းသိမ်းလိုတဲ့အဖွဲ့တွေရှိသလို ပျက်ပြယ်ပြီ လို့ အတိအလင်းပြောဆိုနေသူတွေလည်းရှိပါတယ်။ အာဏာသိမ်းစစ်တပ်ကတော့ KNU ထိန်းချုပ် နယ်မြေ ၇ ခု အနက် ဗဟိုဌာနချုပ်ရှိရာ တပ်မဟာ (၇) ကလွဲရင် ကော်သူးလေနေရာအနှံ့မှာ လေယာဉ်နဲ့လေကြောင်း တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းနဲ့ ယခုနှစ်စပိုင်းမှာဆိုရင် KNU ဗဟိုကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ခဲ့ပါတယ်။
အခုလို စစ်တပ်က မထင်ရင် မထင်သလို လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် အချို့ နေရာတွေမှာ ဒေသခံတွေရဲ့ လယ်ယာလုပ်ငန်းတွေဟာ အာဏာသိမ်းပြီးချိန်တည်းက ကာလကြာ ရပ်တန့် နေခဲ့ပါတယ်။
ဒေသခံတွေရဲ့ လူမှုစီးပွားသာမက အသက်အိုးအိမ်ဟာလည်း နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်ခံလာရပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့က စစ်ကောင်စီရဲ့ တပ်ရင်း ၄ ခုနဲ့ ဗျူဟာတစ်ခုဟာ ၂၀၂၄ ခုနှစ် မတ်နဲ့ ဧပြီ နှစ်လထဲမှာ KNLA နဲ့ ပူးပေါင်းတပ်တွေထံ လက်လွှတ်ခဲ့ ရပါတယ်။ သင်္ကန်းညီနောင်ဗျူဟာဟာ မြန်မာ -ထိုင်းနယ်စပ် မြဝတီမြို့ရဲ့ အချက်အခြာကျတဲ့ဗျူဟာဖြစ်ပြီး ၂၀၂၄ ခုနှစ် ဧပြီမှာ စစ်သားနဲ့ မိသားစုဝင် ၆၁၇ ဦး KNU/KNLA နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေထံမှာ လက်နက်ချခဲ့ပါတယ်။
စစ်တပ်ရဲ့ အဲဒီလို အစုလိုက်အပြုံလိုက် လက်နက်ချမှုဟာ ၇၅ နှစ်ကြာ ကရင့်တော်လှန်ရေးသမိုင်းမှာ အကြီးအကျယ်ဆုံး အောင်ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။
စစ်တပ်ဘက်ကတော့ လက်လွတ်ခဲ့ရတဲ့ နယ်မြေတွေကို ပြန်ရဖို့ ဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုနဲ့ တုန့်ပြန်လာပါတယ်။

လေကြောင်းတိုက်ခိုက်ခဲ့တဲ့နေရာဟာ ထိုင်း-မြန်မာနယ်စပ် တစ်ခုဖြစ်တဲ့ ပိုင်ခလိုင် ကျေးရွာကို သွားတဲ့ လမ်းမပေါ်က အဇင်းကျေးရွာရဲ့ လူစည်ကားရာ လမ်းဆုံတစ်ခုဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှု ကြောင့် ပုံပါအရပ်သားကို ကယ်ဆယ်ဖို့လုပ်နေတုန်းမှာပဲ (ဝေဟင်ကနေ ဗုံးသီးပစ်ချဖို့ အသုံးပြုနေတဲ့ )Y-12 လေယာဉ်က အချိန် ၁ နာရီ နီးပါးကြာ ဗုံးကြဲနေခဲ့လို့ ကယ်ဆယ်ခွင့်မရခဲ့ဘဲ ၎င်းရဲ့ဇနီးဖြစ်သူနဲ့အတူ သေဆုံးခဲ့ပါတယ်။ “ကယ်ကြပါ” “ကယ်ကြပါ” ဆိုတဲ့ အကူအညီတောင်းခံမှုကို မသေဆုံးမီအချိန်ထိ မရပ်မနား အော်ဟစ်နေခဲ့တာပါ။
လေကြောင်းတိုက်ခိုက်မှုမတိုင်မီ ၃ ရက်အလို၊၂၀၂၄ ခုနှစ် မတ်လ ၁၃ ရက်မှာ စစ်ကောင်စီက ကြာအင်းဆိပ်ကြီး-ကျိုက်ဒုံ-ပိုင်ခလိုင် လမ်းပေါ်က ကျိုက်ဒုံဗျူဟာ စခန်းတစ်ခုကို KNLA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေထံ လက်လွှတ်ရအပြီး အခုလို အရပ်သားတွေဆီ ဗုံးကြဲခဲ့တာပါ။
KNU နယ်မြေများအတွင်း စစ်ကောင်စီပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၆၈ ဦး သေဆုံးခဲ့ပြီး ယင်းတို့အနက် ၆၇ ဦးဟာ ကလေးငယ်တွေဖြစ်ပြီး သက်ကြီးရွယ်အို ၂၉ ဦးလည်း ပါဝင်တယ်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ထုတ်ပြန်ခဲ့တဲ့ “ ကဘီယူၤဟဲလံ (Aircraft coming!) လေယာဉ်လာနေပြီ” ဆိုသည့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ ခရိုင်ခုနစ်ခုလုံးအတွင်း ၂၀၂၁ ခု ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် ဇွန်လ အထိ ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်တမ်းကောက်ယူထားတာလို့ KHRG က ဆိုပါတယ်။

ကရင်ဒေသတွင်း တိုက်ပွဲတွေကြောင့် ကေအဲန်ယူနယ်မြေထဲက အချို့သောကျေးရွာတွေက မိသားစု တွေဟာ အာဏာသိမ်းပြီးတဲ့ အချိန်ကစလို့ အိုးအိမ်နဲ့ လယ်ယာလုပ်ငန်းတွေကို စွန့်ခွာနေရတာ ယနေ့ တိုင်အောင်ပါပဲ။
ရခိုင်ပြည်နယ်၊ နိုင်ငံအရှေ့မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတွေမှာ တိုင်းရင်းသားနဲ့ တော်လှန်ရေးတပ်ဖွဲ့အမျိုးမျိုးတို့နဲ့ စစ်တပ်အကြား ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ၂၀၂၄ ခုနှစ်အကုန်ထိ ပြည်တွင်း နေရပ်စွန့်ခွာသူ ဦးရေ ၃ ဒသမ ၅ သန်းကျော်လွန်ခဲ့ပြီဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) ရဲ့ နောက်ဆုံးထွက် အစီရင်ခံစာကဆိုပါတယ်။

စစ်ကောင်စီဟာ ဆေးရုံနဲ့ စာသင်ကျောင်းတွေပါမချန် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် KNU နယ်မြေမှာ ဆေးရုံဆေးခန်းတွေကို ပေါ်ပေါ်တင်တင်ဖွင့်ဖို့ စိုးရိမ်ချက်တွေရှိနေကြပါတယ်။
ဆေးတပ်သားတွေ ဆေးဘက်ဆိုင်ရာ အရပ်ဖက်ဝန်ထမ်းတွေကို နှစ်စဉ်မွေးထုတ်နေပေမဲ့ တိုက်ပွဲပူနေတဲ့ ကာလမှာ ကေအဲန်ယူရဲ့ ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ ရွေ့လျားပုံစံနဲ့သာရှိပြီး အရေးတကြီး ခွဲစိတ်ကုသရတာတွေအတွက် ထိုင်း-မြန်မာနယ်စပ်က ဆေးရုံတွေကို မှီခိုထားရပါတယ်။

ခြေတုတပ်ထားတဲ့ တစ်ယောက်ဟာ အာဏာမသိမ်းခင်ထဲက ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် -DKBA ကနေ သီးခြား ခွဲထွက်ထားတဲ့ စောကျော်သက်( DKBA တပ်ဖွဲ့ဝင်ဟောင်း) ဦးဆောင်တဲ့အဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦးပါ။ DKBA ဟာ ၂၀၁၅ မှာ KNU နည်းတူ အစိုးရနဲ့ အပစ်ရပ်ထားတဲ့အဖွဲ့တစ်ခု ဖြစ်ပါတယ်။ သို့သော်လည်း အာဏာသိမ်းပြီးနောက်မှာ တော်လှန်ရေး အင်အားစုတွေနဲ့ စစ်ရေးပိုင်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့တာ ရှိပါတယ်။ KNU ဟာ သူတို့နယ်မြေမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေသာမက အခြားသော စစ်အာဏာ ရှင်ဆန့်ကျင်တဲ့ ကရင်လက်နက်ကိုင် အစုအဖွဲ့တွေကိုလည်း အခြေချလှုပ်ရှားခွင့် ပေးခဲ့ပါတယ်။
အဲဒီလို ဝင်ရောက်လာတဲ့အဖွဲ့အသီးသီးဟာ KNUရဲ့ တပ်ဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ရဲ့ စစ်ရေးကွပ်ကဲမှုတွေကို နာခံရပါတယ်။
ဘယ်လိုပဲ သဘောထားတွေ ကွဲလွဲနေပါစေ အရေးကြုံလာရင် “ကရင်ဟာ ကရင်ပဲ” လို့ လက်ခံထား ကြပါတယ်။

ကျိုက်ဒုံဗျူဟာဟာ ထိုင်း-မြန်မာနယ်စပ် ဝင်ထွက်ပေါက်ကိုသွားရာလမ်းပေါ်မှာရှိနေပြီး အဲဒီနေရာမှာ စစ်တပ်က ၂၆ နှစ်ကြာ တပ်စွဲထားခဲ့တာဖြစ်ပါတယ်။ KNLA နဲ့ ပူးပေါင်းအဖွဲ့အတွေအဖို့တော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်းက စစ်တပ်ရဲ့ ဗျူဟာစခန်းတစ်ခုကို ပထမဆုံး သိမ်းပိုက် နိုင်ခဲ့တာပါ။
ကျိုက်ဒုံဗျူဟာနဲ့ ကပ်လျှက်ရှိနေတဲ့ ကရင်နယ်ခြားစောင့်တပ်ဟာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ တိုက်စစ်ဆင်နိုင်ဖို့ သူတို့ရဲ့ နယ်မြေကို အသုံးပြုခွင့်ပေးခဲ့ပါတယ်။ ၁၉၉၄ မှာ ကေအဲန်ယူကနေခွဲထွက်ပြီး DKBA ၊ ထို့နောက် အဲဒီထဲက တချို့ဟာ ၂၀၁၀ ခုနှစ်မှာ ကရင်နယ်ခြားစောင့်တပ် (BGF) အဖြစ် ပြောင်းလဲ ခဲ့တာပါ။
အာဏာသိမ်းပြီး ၂ နှစ်အကြာမှာတော့ ကရင်နယ်ခြားစောင့်ထဲက ထင်ရှားတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးစောချစ်သူက စစ်တပ်ထံက လစာရိက္ခာမယူတော့ဘူးဆိုပြီး ထုတ်ပြောလာပါတယ်။ အဲဒီလို ပြောပြီး လပိုင်းအကြာ အွန်လိုင်းလိမ်လည်မှု ကွန်ရက်နဲ့ သက်ဆိုင်တဲ့ သူ့အပေါ် စွဲချက်တွေ ထွက်လာပြီး နောက်မှာတော့ ကရင်နယ်ခြားစောင့်တပ်ဟာ စစ်တပ်နဲ့ ပြန်လည်ပူးပေါင်းခဲ့ပါတယ်။
ကျိုက်ဒုံနဲ့ သင်္ကန်းညီနောင် ဗျူဟာတို့ကို စစ်ကောင်စီထံက ရပြီးနောက်ဆင်နွှဲတဲ့ ထိုင်း-မြန်မာနယ်စပ်က မြဝတီ အမှတ် (၂) တံတားတိုက်ပွဲဟာ ကရင်နယ်ခြားစောင့်တပ်ရဲ့ စစ်ကောင်စီကို အကာအကွယ်ပေးမှု ကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ မအောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးတစ်ခုဖြစ်ခဲ့ပါတယ်။
၂၀၂၄ ဧပြီလမှာ၊ နယ်စပ်ကုန်သွယ်မှုမြို့ကို KNLA နဲ့ ပူးပေါင်းတပ်တွေက ရက်ပိုင်းမျှ ထိန်းချုပ်နိုင်ပြီး လက်လွှတ်ခဲ့ပါတယ်။

ကေအဲန်ယူ-တပ်မဟာ(၆) နယ်မြေ ကော့ကရိတ်-ကျိုက်ဒုံလမ်းမကြီးပေါ်က စစ်ကောင်စီရဲ့ ကျိတ်စခန်း ကို ၂၀၂၂ ခုနှစ် ဧပြီလမှာ KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ ပထမအကြိမ် သိမ်းပိုက်ချိန်မှာ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။ ပထမအကြိမ် သိမ်းပိုက်ပြီး ၄ လအကြာမှာမှ ကျိတ်စခန်းကို အပြီးသတ်ရရှိခဲ့ပါတယ်။
KNLA ဟာ KNU ထိန်းချုပ်နယ်မြေထဲမှာ ဒေသဥပဒေအတိုင်း နှစ်စဉ် စစ်သားစုဆောင်းပြီး အရွယ်ရောက် ပြီးသား အမျိုးသားတစ်ဦးဟာ အနည်းဆုံး ၃ နှစ်ကြာ စစ်မှုထမ်း ရပါတယ်။
တော်လှန်ရေးတပ်သားတွေဖြစ်တဲ့ KNLA စစ်သားတွေဟာ လုပ်ခလစာမရကြပါဘူး။
မျိုးဆက် သုံးဆက်ကျော်နေပြီတဲ့ ကရင့်တော်လှန်ရေးတလျှောက်မှာ သေကွဲရှင်ကွဲကွာခဲ့ရသူတွေ မရေတွက်အောင် ရှိခဲ့ပါတယ်။

လက်ချည်တဲ့ ဓလေ့ဟာ ကရင်တိုင်းရင်းသားတွေမှာ ပြုလုပ်တဲ့ ဘာဘာရေးနဲ့ မဆိုင်တဲ့ ရိုးရာတစ်ခုဖြစ်ပြီး မိသားစုဝင်အချင်းချင်းသာမက ဆွေမျိုး မိတ်ဆွေတွေကိုလည်း ချည်နှောင်ပေးလေ့ရှိပါတယ်။ ကျန်းမာရေး ကောင်းဖို့၊ စီးပွားလာဘ်လာဘ ပွင့်လင်းဖို့၊ အလုပ်အကိုင်အောင်မြင်ဖို့တွေအပြင် သာရေး နာရေး အခမ်းအနားတွေမှာလည်း လက်ချည်ပေးလေ့ရှိပါတယ်။
ကွဲကွာနေတဲ့ ဆွေမျိုးတွေ ပြန်ဆုံဖို့လည်း ရည်ရွယ်ပြီး လက်ချည်ကြပါတယ်။