
ဧရာဝတီတိုင်း မကျီးဇင်-သာပေါင်းလမ်းပိုင်းတွင်ရှိသည့် ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် အာရက္ခ တပ်တော် (AA) တို့ တိုက်ပွဲများရှိနေပြီး စစ်ကောင်စီဘကမှ အထိနာသေဆုံးမှုများရှိနေ၍ လက်နက်ကြီး ဖြင့် နေ့စဉ်ပစ်ခတ်နေကြောင်း ဒေသခံများနှင့် မြေပြင်တော်လှန်ရေးအဖွဲ့များက အတည်ပြုပြောဆိုသည်။
ဖေဖော်ဝါရီ ၃ရက်နေ့မှစ၍ မကျီးဇင်- သာပေါင်းလမ်းပိုင်းရှိ ကျားခေါင်း၊ သစ်ဖြူ အစရှိသည့် ကျေးရွာ များကို လက်နက်ကြီးဖြင့် ပစ်ခတ်သည့် အသံများကို ကြားရကြောင်း ရွှေသောင်ယံ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။
“ ဒီရက်ပိုင်းကို လက်နက်ကြီး ပစ်ခတ်သံတောက်လျှောက်ကြားနေရတာ၊ သာပေါင်းဘက်က အသိတွေလ ည်း တိုက်ပွဲ ဖြစ်နေတဲ့ အခြေနေတော့ လှမ်းပြောတာတွေရှိတယ်” ဟု၎င်းက ဆိုသည်။
မကျီးဇင်- သာပေါင်းလမ်းပိုင်းတွင်ရှိသည့် စစ်ကောင်စီခံစစ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်နေပြီး ကျားခေါင်းရွာမှ စစ်ကောင်စီစခန်းကို ဖော်ဖော်ဝါရီ ၃ ရက်နေ့က သိမ်းယူလိုက်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း Myanmar Now အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိခဲ့ပေ။
ဇန်နဝါရီ ၃ ရက် ညနေတွင် AA သိမ်းပိုက်ခဲ့သည်ဟုဆိုသည့် သာပေါင်းမြို့နယ် ကျားခေါင်းရွာဘက်မှ လူနာ တင်ယာဉ်နှင့် Faw ကားတို့ဖြင့် ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မကျီးဇင်-သားပေါင်း လမ်းပိုင်းမှ ပုသိမ်မြို့ဘက်သို့ ပို့ဆောင်ခဲ့ကြောင်းကို ပုသိမ်မြို့နယ်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန် ထားသည်။
ယင်းကားပေါ်တွင် ပါရှိလာသည့် ဗိုလ်ကြီးတစ်ဦးသည် ပုသိမ်သို့ ပို့ဆောင်ရန် အချိန်မမီ၍ သာပေါင်း ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း ဆိုသည်။
ဇန်နဝါရီလလယ်က ရွှေသောင်ယံမြို့နယ် ၊ ဘောမိကျေးရွာကို AA က သိမ်းယူပြီးနောက် သာပေါင်းမြို့နယ် လမ်းပိုင်းရှိ ကျေးရွာများရှိ စစ်ကောင်စီစခန်းများကို ဆက်တိုက် တိုက်ခိုက်နေသည်ဟု သိရသည်။
“သာပေါင်းမြို့ထဲတော့ မရောက်သေးပါဘူး။ မြို့ထဲသွားတဲ့ လမ်းပိုင်းပေါ်က စစ်စခန်းတွေနားမှ တိုက်ပွဲ ဖြစ်နေကြတာ”ဟု ရွှေသောင်ယံ ဒေသခံ အမျိုးသားက ဆိုသည်။
သာပေါင်းမြို့နယ်ရှိ ကျေးရွာများသို့ ပစ်ခတ်နေသည့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် စစ်ရှောင် ရာမှ စားဝတ်နေရေးနှင့်နေထိုင်စရာ အခက်ခဲကြောင့် ဇန်နဝါရီလကုန်ပိုင်းမှ ပြန်လာခဲ့ကြသည့် ရွှေသောင်ယံ ဒေသခံတချို့လည်း ထပ်မံစစ်ရှောင်ရမည့် အရေးနှင့် ကြုံတွေ့နေရကြောင်း ၎င်းက ဆက်ပြောသည်။
AA ထိန်းချုပ်ထားသော ဘောမိကျေးရွာသည် ရွှေသောင်ယံကမ်းခြေနှင့် ၁၆ မိုင်ခန့်အကွာတွင် ရှိသည့် အတွက် စစ်မီးကူးလာမည်ကို စိုးရိမ်ပြီး ဇန်နဝါရီ လလယ်ပိုင်းတွင် စစ်ဘေးရှောင်ခဲ့ကြခြင်းဖြစ်သည်။
မြစ်ဝကျွန်းပေါ် သားများ (ဧရာဝတီ)ဇာတိရပ်သို့ ပြန်ဝင်ရောက်နေပြီး တော်လှန်ရေးရေခံ မြေခံကောင်း သည့် ဒေသဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရည်မွန်က ဖေဖော်ဝါရီ ၄ ရက်နေ့တွင် လူမှုကွန်ယက် စာမျက်နှာမှတဆင့် ပြောဆိုထားသည်။
နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်၏ နယ်မြေ အများစုကိုသိမ်းပိုက်ထားသည့် အာရက္ခတပ်တော် (AA) က ပြည်နယ်နှင့် ထိစပ်နေသော ဧရာဝတီ၊ ပဲခူးနှင့်မကွေးတိုင်းရှိ စစ်ကောင်စီ တပ်စခန်းများကို ဆက်လက် ထိုးစစ်ဆင်နေသည်။
ရခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ စစ်ကောင်စီ၏လက်ကျန်စခန်းများကို တစ်ခုပြီးတစ်ခု တိုက်ခိုက် လျက်ရှိသည်ဟု AA က ဇန်နဝါရီ ၂၇ ရက်က ထုတ်ပြန်ပြောဆိုထားသည်။