
ရန်ကုန်တစ်ဖက်ကမ်း တွံတေးမြို့တွင် ယမန်နေ့ (မတ် ၁၃)က ဖြစ်ပွားသည့် စစ်ကောင်စီလက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၄ ဦးအထိရှိလာပြီး ဒဏ်ရာရရှိသူ ၁၃ ဦးထက်မနည်းရှိကြောင်း ကူညီဆောင်ရွက်ပေးနေသော လူမှုရေးအသင်းနှင့် နီးစပ်သူ မြို့ခံတစ်ဦးက ပြောသည်။
ယမန်နေ့ နေ့လယ်၂ နာရီခန့်က လှိုင်သာယာမြို့နယ်ဘက်မှ ရောက်ရှိလာသည့် တပ်မ ၇၇ မှ စစ်ကား ၁၅ စီးခန့်က တွံတေးမြို့အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေသူများကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ ၂ ဦးပွဲချင်းပြီးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရသူများထဲမှ ၅ ဦးကို ညနေ ၆ နာရီခွဲခန့်တွင် ပရဟိတကားများဖြင့် မင်္ဂလာဒုံစစ်ဆေးရုံသို့ အတင်းအကျပ်ပို့ဆောင်စဉ် ၂ ဦးထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်ဟု အထက်ပါမြို့ခံက ပြောသည်။
ယမန်နေ့ညပိုင်းက မင်္ဂလာဒုံစစ်ဆေးရုံသို့ ပို့ဆောင်စဉ် ထပ်မံသေဆုံးသူနှစ်ဦးမှာ အသက် ၃၅ နှစ်အရွယ် ကိုမောင်ပိုင်နှင့် အသက် ၂၅ နှစ်အရွယ် ကိုလှမင်းသူတို့ဖြစ်ပြီး ယနေ့နေ့လယ်ပိုင်းတွင် အလောင်းထုတ်ယူရန် အကြောင်းကြားလာခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။

“အခုပဲ အလောင်းသွားယူဖို့ ပြင်ဆင်နေကြတာပါ။ အလောင်းပြန်သယ်ခွင့်ပေးလို့ အခုပဲ မိသားစုက မှတ်ပုံတင်ရယ်၊ အိမ်ထောင်စုစာရင်းရယ်၊ ဓာတ်ပုံရယ်ယူပြီးတော့ မင်္ဂလာဒုံစစ်ဆေးရုံကို လိုက်ရမယ်” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
သေဆုံးသူ နောက်တစ်ဦးဖြစ်သည့် အသက် ၂၅ နှစ်အရွယ် ကိုလှမင်းသူတွင် ဇနီး၊ အသက် ၅ နှစ်အရွယ် သားတစ်ယောက်နှင့် အသက် ၃ နှစ်အရွယ် သမီးတစ်ဦးကျန်နေခဲ့ပြီး ရေခဲချောင်းရောင်းသည့် အလုပ်လုပ်ကိုင်သည်ဟု ကိုလှမင်းဦး၏ အိမ်နီးချင်းတစ်ဦးက ပြောသည်။
ဈေးရောင်းမကောင်းသည့်အတွက် ယမန်နေ့က ဆိုင်ကယ်ကယ်ရီထွက်ဆွဲရင်း သေနတ်ထိမှန်သေဆုံးခဲ့ ခြင်းဖြစ်သည်ဟု အိမ်နီးချင်းဖြစ်သူ အဆိုပါအမျိုးသမီးက ပြောသည်။
“ကလေးလေးက ကံဆိုးပါတယ်ကွယ်၊ အဲဒီကလေးလေးက လူရိုးလူအေးလေးပါ။ တစ်ခါမှလည်း ဆန္ဒပြတာတွေမသွားဘူး၊ သူ့ဝမ်းတောင်သူ အသည်းအသန်ရှာစားနေတာ။ အဲဒီနေ့မနက်က ဈေးထွက်လို့ မရလို့ ကယ်ရီလိုက်ပို့ရင်းနဲ့ ဖြစ်တာ” ဟု ၎င်းက ပြောသည်။
ကိုလှမင်းသူ၏ အလောင်းကို ၎င်း၏ ဇနီးနှင့် မရီးတော်စပ်သူတို့က မင်္ဂလာဒုံစစ်ဆေးရုံသို့ သွားရောက်သယ်ဆောင်နေသည်ဟု အဆိုပါအိမ်နီးချင်းအမျိုးသမီးက ပြောသည်။
တွံတေးမြို့နယ်ဆေးရုံတွင် ကျန်ရှိနေသည့် အလောင်းနှစ်လောင်းတွင် တစ်ဦးမှာ အသက် ၂၃ နှစ်အရွယ် ကိုထွန်းလင်းအောင်ဖြစ်ပြီး ဦးခေါင်းကျည်ထိဒဏ်ရာနှင့်သေဆုံးခဲ့ခြင်းဖြစ်ကာ နောက်ထပ်သေဆုံးသူ အမျိုးသားတစ်ဦး၏ အမည်နှင့် အသက်ကိုမူ မသိရသေးပေ။
သို့သော် တွံတေးမြို့နယ် ဆေးရုံတွင် တပ်မ ၇၇ မှ စစ်သားများတပ်စွဲထားသည့်အတွက် ရင်ခွဲရုံအတွင်း ရှိနေသည့် အလောင်း ၂ လောင်းကို ပြန်ရယူဖို့ ခက်ခဲနေသည်ဟု သိရသည်။
“မြို့မိမြို့ဖတွေနဲ့ တိုင်ပင်နေတယ်။ Dead Body ပြန်ပေးမလား မပေးဘူးလားတော့ မသိဘူးဗျ။ လက်ရှိကတော့ ရင်ခွဲရုံထဲမှာပဲ” ဟု အဆိုပါ မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
ယနေ့တွင်လည်း တွံတေးမြို့နယ်ဆေးရုံတွင် တပ်မ ၇၇ မှ စစ်သားများတပ်စွဲထားသလို မြို့ပေါ်အနှံ့တွင် လည်း စစ်သားနှင့် ရဲများက ကင်းလှည့်နေကြပြီး ကမ်းနားလမ်းရှိ နာရီစင်အနီးတွင်လည်း တပ်စွဲထား ကြသည်ဟု သိရသည်။
ထို့အပြင် တွံတေးမြို့တောင်ဘက် တစ်မိုင်ခန့်အကွာတွင်ရှိသည့် ခြေလျင်တပ်ရင်း အမှတ်(၇၀) တွင်လည်း တပ်မ ၇၇ မှ တပ်သားများ တပ်စွဲထားကြသည်ဟု မြို့ခံများက ပြောသည်။
ယနေ့မနက်တွင် တွံတေးမြို့ပေါ်တွင် ဆန္ဒပြပွဲများ မရှိသေးဘဲ တွံတေးမြို့နှင့် အခြားမြို့နယ်များကို ချိတ်ဆက်ထားသည့် လမ်းမကြီးများပေါ်တွင် သီးခြားစီ ဆန္ဒပြမှုများရှိနေသည်ဟု တွံတေးမြို့ ဆန္ဒပြပွဲများကို ဦးဆောင်သူတစ်ဦးဖြစ်သည့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးက ပြောသည်။
“ကျွန်မတို့က ဒီမိုကရေစီပြန်ရဖို့တိုက်ပွဲဝင်နေတာ။ ဒီမိုကရေစီပြန်မရမချင်း တိုက်ပွဲဝင်နေရဦးမှာပဲ” ဟု အဆိုပါအမျိုးသမီးက ပြောသည်။
ဆက်လက်၍ ဖြိုခွင်းမှုများရှိလာပါကလည်း ပြောက်ကျားစနစ်ဖြင့် ဆန္ဒပြပွဲများကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ပြီး ဆန္ဒပြပွဲအရှိန်ကို လျှော့ချမည်မဟုတ်ကြောင်း ၎င်းက ပြောသည်။