မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာ ယမန်နေ့ (ဒီဇင်ဘာ ၂) ညပိုင်းတွင် ဗုံးကြဲခံရသဖြင့် ၅ နှစ်အရွယ်ကလေးတစ်ဦးနှင့် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး လူ၂၇ ဦး ဒဏ်ရာသွားသည်ဟု ဒေသခံနှင့်စစ်ရေးသတင်းရင်းမြစ်များထံက သိရှိရသည်။
ည ၈ နာရီခန့်တွင်စတင်သည့် လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာလယ်မှ မီးသတ်ရုံး၊ ပရဟိတရုံး၊ စျေးဆိုင်များ၊ နတ်နန်း အပါအဝင် အဆောက်အအုံအများအပြား ပစ်မှတ်ဖြစ်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ဒဏ်ရာရသူတွေအခြေအနေကတော့ ဆေးကုသမှုခံယူနေဆဲ ဖြစ်ပါတယ်။ ဒဏ်ရာ အတော် ပြင်းထန်တဲ့သူတွေပါတော့ သူတို့ဖြစ်တဲ့နောက်ဆက်တွဲအခြေအနေတွေတော့ မသိရသေးပါဘူး” ဟု အသက် ၃၀ အရွယ် အမျိုးသားက ဆိုသည်။
သေဆုံးသည့်ကလေးမှာ မိန်းကလေးဖြစ်ကြောင်း Mandalay Free Press – MFP သတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားပြီး သတင်းဓာတ်ပုံတွင် ကုတင်ပေါ်တွင် ပြင်ဆင်ထားသည့် ရုပ်အလောင်းဘေး၌ ဝမ်းနည်းပူဆွေးနေကြသည့် အမျိုးသမီးသုံးဦးကို တွေ့ရသည်။
ဒဏ်ရာရရှိသူ ၂၇ဦးတွင် မတ္တရာမြို့နယ်ဘက်မှ တိမ်းရှောင်လာသည့်စစ်ဘေးရှောင်အများအ ပြားလည်းပါဝင်သည်၊ ၁၆ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိသောကြောင့် အသက်စိုးရိမ်ရသည်ဟု သိရသည်။
ဗုံးဒဏ်ကြောင့် ပျက်စီးသွားသည့်အထဲတွင် အရပ်သားနေအိမ် ၂၃ လုံး၊ မေတ္တာစမ်းရေ လူမှု ကယ်ဆယ်ရေးရုံးမှ ကား ၅ စီးလည်း ပါဝင်သည်ဟု သိရသည်။
ဧရာဝတီမြစ်အရှေ့ဖက်ကမ်း၊မန္တလေး-မိုးကုတ်လမ်းပေါ်ရှိ ချောင်းကြီးကျေးရွာကို အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ သပိတ်ကျင်းတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ) က ထိန်းချုပ်ထားသည်။
စစ်ကောင်စီက ချောင်းကြီးကျေးရွာကို ယခင်ကလည်း အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ဖူးသည်။
၂၀၂၃ ဒီဇင်ဘာ ၁၁ ရက်နေ့ လက်နက်ကြီးကျည် ရွာထဲကျသဖြင့် လုပ်ငန်းခွင်ဝင်နေသည့် ပန်းရန်အလုပ်သမားတစ်ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။
ထိုဒေသကို ၂၀၂၄ ခုနှစ် ဇွန်လ၂၆ ရက်နေ့တွင် တော်လှန်ရေးအင်အားစုက သီတင်းသုံးပတ်နီးပါး ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
ထိုစဉ်ကလည်း စစ်ကောင်စီလေတပ်က ချောင်းကြီးရွာကို ၇ ရက်ဆက် ဗုံးကြဲသဖြင့် ဒေသခံ ၇ ဦးထက်မနည်း သေဆုံး၊ လူနေအိမ် ၄၈ လုံး ပျက်စီးခဲ့သည်။
ထိုနှစ် ဩဂုတ်(၁)ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များက ရွာကို အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး လက်ရှိအချိန်ထိ ထိန်းချုပ်ထားဆဲဖြစ်သည်။
စစ်တပ်က အရပ်ဘက်ပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း ဖြစ်နိုင်သည်ဟုသပိတ်ကျင်းတိုက်နယ် ပကဖ-ဗိုလ်လင်းယုန်တပ်ဖွဲ့ တာဝန်ရှိသူက ယူဆသည်။
“ချောင်းကြီးရွာက ကျွန်တော်တို့ အဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေပါ။ စစ်တပ်က အဓိကကတော့ PDF တွေ သိမ်းထားတဲ့ ဟာထဲမှာ စည်စည်ကားကားသိုက်သိုက်ဝန်းဝန်းနဲ့ရှိနေတာကြောင့်မို့လို့ ကြဲတယ်လို့တော့ ထင်ပါတယ်ဗျ” ဟု ၎င်းက ပြောသည်။
ရွှေတူးဖော်ရေးလုပ်ငန်းဖြင့် အသက်မွေးကြသည့် အိမ်ခြေထောင်ချီရှိသည့် ချောင်းကြီးကျေးရွာ သည် စစ်တပ်ကဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရွေးကောက်ပွဲ နိုင်လေ့ရှိသည့် အမာခံဒေသဖြစ်ပြီး ထိုနယ်မြေတဝိုက်တော်လှန်ရေးအားကောင်းသည်။
ချောင်းကြီးရွာသည် ရွှေထွက်သည့် ဒေသဖြစ်ပြီး ရွှေတူးဖော်မှုနှင့် ဆက်စပ်သည့်လုပ်ငန်း အများအပြားရှိသောကြောင့် အနယ်နယ်အရပ်ရပ်မှ သွားရောက် အလုပ်လုပ်ကိုင်သူများနှင့် စည်ကားတတ်သည်။
လက်ရှိတွင် မန္တလေးအနီး သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်များ အပြန်အလှန် ထိုးစစ်ဆင်နေပြီး တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေသည်။
ထိုရွာတွင် အခြေစိုက်သည့် စစ်ကောင်စီတပ်ကို တိုက်ထုတ်ခဲ့သည့် အဖွဲ့များမှာ သပိတ်ကျင်းတိုက်နယ်(ပကဖ)ဗိုလ်လင်းယုန်တပ်ဖွဲ့၊ ပြင်ဦးလွင်ခရိုင်အမှတ်(၁)တပ်ရင်း၊ အမှတ် (၂) တပ်ရင်း၊ အမှတ်(၅၀၉)တပ်ရင်း၊ အမှတ်(၅၁၀) တပ်ရင်း ၊ ပြင်ဦးလွင်ခရိုင်(ပကဖ)၊ သပိတ် ကျင်းမြို့နယ်(ပကဖ)၊ စဉ့်ကူးမြို့နယ် (ပကဖ)၊ Nine PDF တပ်ဖွဲ့၊ ကန့်ဘလူခရိုင်တပ်ရင်း၊ ပြင်ဦးလွင် Drone တပ်ဖွဲ့ ၊ ရွှေဘိုခရိုင် Drone တပ်ဖွဲ့ ၊ မန်းခရိုင် Drone တပ်ဖွဲ့တို့ ဖြစ်သည်။