သတင်း

မန္တလေးအနီး လက်နက်ကြီးကြောင့် ကလေးများအပါအဝင် ၄ ဦး သေဆုံး၊ ရွာမီးရှို့ခံရ

စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေသည့် မန္တလေးတိုင်းအတွင်းရှိ မတ္တရာနှင့် သပိတ်ကျင်းမြို့နယ်တို့တွင် ယခုရက်ပိုင်းအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ကလေးများအပါအဝင် အရပ်သား ၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရကာ ကျေးရွာအချို့ မီးရှို့ခံနေရသည်ဟု စုံစမ်းသိရှိရသည်။

ဒီဇင်ဘာ ၁၁ ရက်က သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာတွင် လုပ်ငန်းခွင်ဝင်နေသည့် ပန်းရန်အလုပ်သမားတစ်ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒီဇင်ဘာ ၁၃ ရက်တွင် မတ္တရာမြို့နယ်အရှေ့ခြမ်း သဖန်းကိုင်းကျေးရွာ၌ ကလေး ၂ ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိသည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၃) က သဖန်းကိုင်းကျေးရွာအပါအဝင် မတ္တရာအရှေ့ပိုင်းရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း၊ ညပိုင်းတွင်လည်း မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးရွာများဖြစ်သည့် သဖန်းဒေါင့်၊ သနပ်ကုန်း စသည့် ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေကာ ဆူးလေကုန်းရွာကို မီးရှို့နေသည်ဟု စုံစမ်းသိရှိရသည်။

မတ္တရာနှင့် သပိတ်ကျင်းမြို့နယ်များသည့် နိုင်ငံအလယ်ပိုင်းမြို့တော် မန္တလေးမြောက်ဘက် မိုင်အနည်းငယ်သာ ကွာဝေးသည့် နေရာများဖြစ်သည်။

ကျေးရွာများသို့ လက်နက်ကြီးကျ၍ အရပ်သားထိခိုက်မှုများ၏ လက်သည်မှာ စစ်ကောင်စီဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်နှစ်ဦးက ပြောသည်။ စစ်ကောင်စီကမူ နှုတ်ဆိတ်နေသည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၃) ညပိုင်းက သဖန်းကိုင်းကျေးရွာအရှေ့မြောက်ဘက်ရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီး ကျ၍ သေဆုံးဒဏ်ရာရသူများမှာ အသက် ၁၀ နှစ်အရွယ် စုစုနွေး၊ ၁၄ နှစ်အရွယ် နဒီလှိုင်းနှင့် ၎င်း၏ မိခင်ဖြစ်သူ ၄၅ နှစ်အရွယ် မနွယ်တို့ သေဆုံးခဲ့ပြီး ၃၁ နှစ်အရွယ် ကိုအေးမင်းသူတို့ဖြစ်သည်ဟု အသက် ၃၅ နှစ်အရွယ် မတ္တရာဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။

“သားအမိနှစ်ဦး ပါတယ်။ အားလုံးက ဆွေမျိုးတွေလို့တော့ သိရတယ်။ အမျိုးသားတစ်ဦးကတော့ ဒူးခေါင်း ဘယ်ဘက်ရော ညဘက်ရော ထိတာ။ ဆေးကုသမှု ခံယူနေပါတယ်။ အသက်တော့ မစိုးရိမ်ရဘူး”။

သဖန်းကိုင်းကျေးရွာကို မတ္တရာမြို့နယ်အရှေ့ခြမ်း ရေစိုတောင်တွင် တပ်စွဲထားသည့်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“(ယမန်နေ့) နေ့ခင်းက စပြီးပစ်နေတာ။ နေ့ခင်းက ၅ ကြိမ်လောက် ပစ်ပြီး ရပ်သွားတယ်။ နောက် ညနေကစပြီး ပြန်ပစ်တယ်။ ညပိုင်းမှာတော့ အသေဆုံးအထိအခိုက်တွေ ရှိလာတာပဲ” ဟု ထိုအမျိုးသမီးက ဆိုသည်။

ဒီဇင်ဘာ ၁၁ ရက် နံနက်က မန္တလေး-မိုးကုတ်ကားလမ်းပေါ်ရှိ သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာကို လက်နက်ကြီးဖြင့်ပစ်သူမှာ ထိုကျေးရွာအနီးအနောက်ဘက် တောင်ကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်တပ်ဖြစ်သည်ဟု အသက် ၃၀ကျော် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ချောင်းကြီးရွာသို့ လက်နက်ကြီးကျည်ကျသဖြင့် အမှတ် (၇) ရပ်ကွက်မှာ နေထိုင်သည့် ပန်းရန်လုပ်ကိုင်သူ အသက် ၅၀ အရွယ် ဦးမြင့်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၃၅ ဝန်းကျင်အရွယ် အမျိုးသား ၃ ဦး ဒဏ်ရာရခဲ့သည်ဟု ၎င်းထံမှ သိရသည်။

“ချောင်းမှာ သဲတင်နေတဲ့ ပန်းရန်လုပ်သားတွေအနားမှာ ကျတာ။ တစ်ဦးက ပွဲချင်းပြီးပဲ။ ဒဏ်ရာရသူတွေလည်း ဆေးကုသမှုခံယူနေရပါတယ်” ဟု ထိုဒေသခံအမျိုးသားက ယမန်နေ့ နေ့လယ်တွင် ပြောသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျောက်တံတားရွာအနီးတိုက်ပွဲတွင် ဖမ်းဆီးရမိသော စစ်သား ၂ ဦးနှင့် လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ – MDY-PDF)

လက်နက်ကြီးကျသည့် ချောင်းကြီးရွာအနီးတွင် ဒီဇင်ဘာ ၇ နှင့် ၈ ရက်က တော်လှန်ရေးအဖွဲ့များနှင့် စစ်တပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ထို့နောက်တွင် စစ်တပ်က အင်အား ၁၀၀ ဝန်းကျင်ကို ရွာအနောက်ဘက်နှင့် ဘောလုံးကွင်းတို့တွင် နေရာခွဲ တပ်စွဲလိုက်ပြီး လက်နက်ကြီးများဖြင့် ရွာအနီးဝန်းကျင် ပစ်ခတ်နေကြောင်း၊ ချောင်းကြီးရွာခံ ၃၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ၎င်းက ဆိုသည်။

ရွှေတူးဖော်ရေးလုပ်ငန်းဖြင့် အသက်မွေးကြသည့် အိမ်ခြေထောင်ချီ ရှိသည့် ချောင်းကြီးကျေးရွာသည် စစ်တပ်က ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရွေးကောက်ပွဲနိုင်လေ့ရှိသည့် အမာခံဒေသဖြစ်ပြီး ထိုနယ်မြေတစ်ဝိုက် တော်လှန်ရေးအင်အားကောင်းသည်ဟု အထက်ပါ ဒေသခံများထံမှ သိရသည်။

ယခုနှစ် ဇန်နဝါရီလအတွင်းက ချောင်းကြီးကျေးရွာမှ ရဲစခန်း စီးနင်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်နှင့် ပျူစောထီး ခေါ် ပြည်သူ့စစ်များက ရွာအတွင်း အထိုင်ချကာ ဖမ်းဆီးသတ်ဖြတ်မှုများလုပ်ခဲ့သဖြင့် ရွာခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။

လတ်တလောတွင် သပိတ်ကျင်းမြို့နယ် ၇ မိုင် ခေါ် အောင်ချမ်းသာရွာလမ်းခွဲမှ တကောင်း-ထီးချိုင့်လမ်းပိုင်းကို နိုဝင်ဘာ ၈ ရက်မှ စတင် ရက်အကန့်အသတ်မရှိပိတ်ပင်ကြောင်း တကောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (တကောင်း -ပကဖ)က ကြေညာထားပြီးဖြစ်သည်။

ထို့အတူ မတ္တရာမြို့နယ်အရှေ့ခြမ်းတွင် နိုဝင်ဘာ ၁၃ ရက်မှ စတင်ပြီး တိုက်ပွဲများဖြစ်နေရသည်။ ထိုဒေသမှ ကျောက်တံတားကျေးရွာအနီးတွင် ဒီဇင်ဘာ ၁၂ရက် နံနက်က နာရီဝက်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသက် ၆၂ နှစ်အရွယ် ဦးမောင်ကြည် ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့သည်။

ကျောက်တံတားကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်တပ်ကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့်အတူ MDY-PDF ဟု လူသိများသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ ဒေသအခြေ စိုက် မတ္တရာမျိုးမှန်တပ်ဖွဲ့ (MDA-AGF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်သား ၃ ဦး သေဆုံးကာ ၂ ဦး အရှင်ဖမ်းမိခဲ့ပြီး သေနတ် ၄ လက်နှင့် ဆက်စပ်ခဲယမ်းတချို့ကို သိမ်းဆည်းရမိကြောင်း၊ PDF တစ်ဦး သေဆုံးခဲ့ကြောင်း MDY-PDF က ဓာတ်ပုံများနှင့်တကွ ယမန်နေ့ (ဒီဇင်ဘာ ၁၃) ညပိုင်းက ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button