သတင်း

စစ်တပ်က မတ္တရာအနောက်ခြမ်းကျေးရွာများကို ထပ်မံမီးရှို့နေ

တော်လှန်ရေးတပ်များ ပြန်ခြေမချစေရန် မြစ်ကမ်းဘေးကျေးရွာများကို စစ်တပ်က ဆက်တိုက်မီးရှို့နေ၍ ရွာရှိနေအိမ်များ ကုန်လုနီးပါး ဖြစ်နေပြီ ဟု ဒေသခံများက ဆိုကြသည်။

စစ်ကောင်စီ ထိန်းချုပ်ထားသည့် မတ္တရာမြို့နယ်အနောက်ခြမ်း မြစ်ကမ်းဘေး ကပ်လျက် လူနေကျေးရွာ အများအပြားကို ဒီဇင်ဘာ ပထမပတ်မှ စတင်၍ ဖျက်ဆီးနေရာ ဒီဇင်ဘာ ၂၆ ရက်တွင်လည်း မြွေသစ်တောရွာကို မီးထပ်ရှို့ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့များထံက သိရသည်။

နိုဝင်ဘာ နှောင်းပိုင်းတွင် ထိုဒေသကို တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးမှုလက်ထဲမှ စစ်တပ်က ပြန်လည်ရယူ ပြီး ဒီဇင်ဘာ ၇ ရက်မှစတင်ကာ မြစ်ကမ်းဘေးရွာများကို မီးရှို့ခဲ့သည်။

တချို့ရွာများကို အကြိမ်ကြိမ်ဝင်ရောက်မီးရှို့သဖြင့် ရွာလုံးကျွတ်ပြာကျခဲ့သည်များရှိကာ နံနက် ၁၀ နာရီခန့်က မီးရှို့ခံရသည့် မြွေသစ်တောရွာသည် ၆ ကြိမ်မြောက်ရှို့ခံရခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

အလားတူ ဒီဇင်ဘာ ၂၅ ရက်ကလည်း မြွေပုသိမ်ရွာကို ၆ ကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့သည် ဟု အသက် ၃၀ ဝန်းကျင် ထိုအမျိုးသားက ဆိုသည်။

“ရွာတွေက ကုန်နေပါပြီ။ အဓိကက တော်လှန်ရေးအဖွဲ့တွေ ပြန်အခြေမချမနိုင်အောင်လို့ ရွာတွေအိမ်တွေ မကျန်အောင်ကို မီးရှို့ပစ်နေတာ။ မနေ့က မြွေပုသိမ်မှာရှို့တယ်။ ဒီနေ့ မြွေသစ်တောရွာ ရှို့နေတယ်”

အထက်မြန်မာပြည်ရှိ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော နယ်မြေများနှင့် စစ်ကောင်စီ ထိန်းချုပ် သည့် မန္တလေးမြို့အကြား ကြားခံနယ်မြေဖြစ်သော မတ္တရာမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းဘေး မြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားသလို မတ္တရာအရှေ့ခြမ်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး (MDY-PDF) က ထိန်းချုပ်ထားသည်။
MDY-PDF က ဝန်စု၊ ထိန်ပင်ဆောက် နှင့် ရွာသစ် စသည့် မတ္တရာအနောက်ခြမ်းမှ ကျေးရွာသုံးရွာကို ဒီဇင်ဘာလဆန်းတွင် ပြန်တိုက်ယူခဲ့သည်။

စစ်ကောင်စီတပ်က  ဥဒိန်ရွာတွင် အထိုင်ချပြီး မီးရှို့နေသည့် မြစ်ကမ်းဘေးရွာများနှင့် MDY-PDF ထိန်း ချုပ်ရွာများသည် မိုင်အနည်းငယ်သာ ကွာဝေးသည်။

မတ္တရာစစ်ရှောင် ၂ ဦးကို ယခုလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများကို ဖျက်ဆီးနေခြင်းဖြစ်သည်ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။

စစ်ကောင်စီကမူ ၎င်းတို့၏တပ်များ မီးရှို့မှုမကျူးလွန်ကြောင်း ယခင်က ငြင်းဆိုခဲ့ဖူးသည်။

ဒီဇင်ဘာ ၁၇ ရက်အထိ စာရင်းများအရ မတ္တရာမြို့နယ် အနောက်ခြမ်း ဥဒိန်ရွာကို  ၇ ကြိမ် ၊ မြွေပုသိမ်ရွာ ၅ ကြိမ်၊ ဆင်ကုန်းရွာကို  ၅ ကြိမ်မြောက် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းအဖွဲ့အစည်းများထံက သိရ သည်။

MDY-PDF ထိန်းချုပ်ထားရာ မတ္တရာမြို့နယ်အရှေ့ပိုင်းတွင်လည်း ယခုရက်ပိုင်းအတွင်း တိုက်ပွဲ မရှိဘဲ စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုများသာ နေ့စဉ်နှင့်အမျှ ရှိနေကြောင်းဒေသခံတို့က ပြောသည်။

ထန်းပင်ကုန်းရွာတိုက်ပွဲ

ဒီဇင်ဘာ ၁၉ နံနက် ၅ နာရီခန့်မှစကာ မတ္တရာမြို့၏အရှေ့တောင်ဖက် ပုသိမ်ကြီးမြို့နယ်နှင့် ထိစပ်နေသော ထန်းပင်ကုန်းရွာတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် နံနက် ၉ နာရီတွင် အဆိုပါရွာကို MDY-PDF က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

ထန်းပင်ကုန်းရွာသည် မန္တလေးမြို့၏အရှေ့မြောက်ဖက် ၁၉ မိုင်အကွာတွင်တည်ရှိပြီး ၊ မတ္တရာမြို့ အရှေ့တောင်ဖက် ၉ မိုင်အကွာတွင် တည်ရှိသည်။

ယင်းနေ့ နံနက် ၉ နာရီတွင် ထန်းပင်ကုန်းကျေးရွာကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း တချို့ သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်းများလည်း ဖမ်းမိခဲ့ကြောင်း MDY-PDF က ထုတ်ပြန်ထားသည်။

-ထန်းပင်ကုန်းတိုက်ပွဲမှ ဖမ်းဆီးရမိ သုံ့ပန်း ၂ ဦးနှင့် လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ-MDY-PDF)

ထန်းပင်ကုန်းရွာတိုက်ပွဲတွင် မန္တလေးမြို့မှအထွက် ထီးတော်မိုးရွာရှိ စစ်တပ်ကလည်း နံနက် ၇ နာရီ ဝန်းကျင်မှ စ၍ လက်နက်ကြီးများ ပစ်ကူခဲ့ပြီး  ပုသိမ်ကြီးမြို့နယ် မြကန်သာကျေးရွာအတွင်း ကျည်ကျရောက်ပေါက်ကွဲခဲ့ရာ  ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ ကျေးရွာဘုန်းကြီးကျောင်းမှ ရဟန်းတစ်ပါး၊ ရွာခံအမျိုးသမီးတစ်ဦးတို့လည်း ဒဏ်ရာရရှိခဲ့သည်။

ထန်းပင်ကုန်းကျေးရွာမှ ဆုတ်ခွာခဲ့ရသော စစ်တပ်သည် ပုသိမ်ကြီးမြို့နယ်နှင့်မတ္တရာမြို့နယ်ကြားရှိ စစ်ကောင်စီအထိုင်ချကျေးရွာများတွင် အင်အားဖြည့်တင်းနေသည်ဟု မတ္တရာဒေသခံ အသက် ၆၀ အရွယ်အမျိုးသားတစ်ဦးက ပြောသည်။

“ထန်းပင်ကုန်းသိမ်းပြီးကတည်းက တိုက်ပွဲတော့ထပ်မရှိသေးဘူး။အဲဒီနောက်ရက်တွေမှာ လေကြောင်း လာကြဲလို့ ကျွဲနွားတွေသေကြတာရှိတယ်။ လက်နက်ကြီးကတော့ နေ့တိုင်းထုတယ်။ ပြီးတော့ ရွာတွေမှာ သူတို့လူတွေ ကင်းလာချနေတာရှိတယ်”ဟု ယင်းက ဆိုသည်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်များကမူ ဒီဇင်ဘာ ၁၉ ရက်တွင် စစ်တပ်က ပြန်ဆုတ်လိုက်ရကြောင်း၊  သို့သော် PDF အလောင်းများရကြောင်း၊ ၎င်းတို့ဖက်မှ စစ်သားနှင့်ပြည်သူ့စစ် ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားကြသည်။ 

စစ်ကောင်စီကမူ မတ္တရာတိုက်ပွဲအခြေအနေများကို သတင်း  ထုတ်ပြန်ခြင်း မရှိပေ။ 

မတ္တရာမြို့နယ်စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး ပိုမို သိရှိ ဖော်ပြနိုင်ရန် MDY-PDF သတင်းတာဝန်ခံ ကိုအော်စမွန်ကို Myanmar Now က မေးမြန်းထားဆဲဖြစ်သည်။
ယခုနှစ် ဇွန်၂၅ ရက်မှစတင်ကာ MDY-PDF နှင့်မဟာမိတ်တပ်များက မတ္တရာမြို့နယ်အရှေ့ပိုင်းအတွင်း ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး မတ္တရာမြို့နယ်မှ စခန်း၃၂ ခု၊ ပုသိမ်ကြီးမြို့နယ်မှ Alphaဘိလပ်မြေစက်ရုံရှိ ကင်းစခန်း၊ ဖယောင်းတောင်ရွှေတွင်းတို့ အပါအဝင် စခန်း ၃ ခု သိမ်းပိုက်ရရှိထားသည်။

မတ္တရာအနောက်ခြမ်းအခြေအနေပြမြေပုံ။

Show More

Related Articles

Back to top button