သတင်း

မတ္တရာအနောက်ခြမ်းရွာများကို စစ်တပ်က ပြန်သိမ်းပြီးမီးရှို့နေ

စစ်ကောင်စီတပ်သည် ၎င်းတို့ ပြန်လည်ထိန်းချုပ်နိုင်လိုက်သော မတ္တရာမြို့နယ်အနောက်ခြမ်း ရွာတချို့နှင့် သပိတ် ကျင်းမြို့နယ်၊ တွင်းငယ်တိုက်နယ်ကျေးရွာတို့ကို အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးနေသဖြင့် နေအိမ် အဆောက် အဦအများအပြား ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများနှင့်တော်လှန်ရေးတပ်ဖွဲ့များထံမှသိရသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့ ပြန်လည်ထိန်းချုပ်နိုင်လိုက်သော မတ္တရာမြို့နယ်အနောက်ခြမ်း ရွာတချို့ နှင့် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်တိုက်နယ်ကျေးရွာတို့ကို အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးနေ သဖြင့် နေအိမ် အဆောက်အဦအများအပြား ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ များထံက သိရသည်။

အထက်မြန်မာပြည်ရှိ တော်လှန်ရေးတပ်များသိမ်းပိုက်ထားသော နယ်မြေများနှင့် စစ်ကောင်စီ ထိန်းချုပ် သည့် မန္တလေးမြို့အကြား ကြားခံနယ်မြေဖြစ်သည့် မတ္တရာမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းဘေး မြို့နယ် အနောက်ခြမ်းကို နိုဝင်ဘာ ၂၂ ရက်ကတည်းက ထိန်းချုပ်ခဲ့သည်။

ထိုဒေသမှ ဝန်စု၊ ထိန်ပင်ဆောက်နှင့်ရွာသစ် စသည့် ကျေးရွာ ၃ ရွာ ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY-PDF)က ဒီဇင်ဘာ ပထမပတ်တွင် ပြန်လည်တိုက်ယူခဲ့ပြီးနောက် ဒေသတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

ထို့နောက် စစ်ကောင်စီတပ်သည် ဝန်စုရွာအနောက်ဘက် ၅ မိုင်ခန့်အကွာ  ဥဒိန်ရွာတွင် အထိုင်ချကာ ဒီဇင် ဘာ ၇ ရက်မှ စတင်၍ ဥဒိန်ရွာအပါအဝင် ဆင်ကုန်း၊ ပိုဝ (မြောက်) ၊ ရှင်လှ၊ မြွေပုသိမ် စသည့် ကျေးရွာ ၅ ရွာ ထက်မနည်းကို နေ့စဉ်နီးပါး မီးရှို့နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောကြသည်။

“အခုရှင်လှ(အလယ်ရွာ)ကိုရှို့နေတယ်။ အိမ်တွေလည်း ကုန်ပြီ။ နေ့တိုင်းရှို့နေတာ။ သွားမကြည့်ရဲတော့ အသေးစိတ်တော့ မသိရသေးဘူးခင်ဗျ။ မီးခိုးတွေတက်နေတာတော့ လှမ်းမြင်နေရတယ်” ဟု မတ္တရာမြို့ခံ  အသက် ၆၀ ဝန်းကျင် အမျိုးသားတစ်ဦးက  ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြောသည်။

မီးရှို့ခံရသည့်ကျေးရွာများမှာ မန္တလေးမြို့၏မြောက်ဘက် မိုင်၂၀ ခန့်အကွာ ဧရာဝတီမြစ်ကမ်းဘေး ကပ် လျက် မတ္တရာအနောက်ဘက်ခြမ်းရွာများဖြစ်ပြီး တချို့ရွာများကိုမူ တစ်ကြိမ်ထက်မက ဝင်ရောက်မီးရှို့ ခြင်း ဖြစ်သည်။  

ယမန်နေ့ မွန်းတည့်ချိန်ကလည်း ဥဒိန်၊ မြွေပုသိမ် ၊ ဆင်ကုန်းရွာတို့ကိုလည်း မီးရှို့ခံရပြီး ယခုလအတွင်း အနည်းဆုံး ၅ ကြိမ်ခန့် ရှိမည်ဟု  ဒေသခံများက ဆိုသည်။

ဒီဇင်ဘာ ၁၇ ရက်က မီးရှို့ခံရသော မတ္တရာအနောက်ခြမ်း ကျေးရွာတစ်ရွာမြင်ကွင်း။ 

ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သတင်းတာဝန်ခံက မတ္တရာအနောက်ခြမ်းတွင် မီးရှို့ ခံရသည့်အိမ်ခြေ ထောင်ဂဏန်း ရှိနိုင်ကြောင်း ဆိုသည်။ 

“(မီးရှို့ခံရတဲ့) အိမ်ခြေအရေအတွက်က တော်တော်များတယ်ဗျ။တချို့ရွာတွေဆိုရင် ရွာတစ်ရွာ ဆိုရင် စာသင်ကျောင်းတောင် မချန်ဘူး။မီးရှို့သွားတယ်။ဘုန်းကြီးကျောင်းပဲ ကျန်တယ်။ ရှို့ခံရ တာ ၅ ရွာ အထက်မှာ ရှိပြီဗျ။ အိမ်ခြေအရေအတွက်ဆို ရာဂဏန်း၊ ထောင်ဂဏန်းနား ကပ်တော့မှာဗျ” ဟု ၎င်းက ပြောသည်။ 

“ စစ်ကြောင်းထိုးပြီး ရှို့တာမျိုးမဟုတ်ဘူး။ သူတို့(စစ်တပ်) က စစ်ကြောင်းထိုးထားတဲ့ကောင်တွေက ကျေးရွာထဲကို ထိုင်တယ်ဗျာ။ ထိုင်ပြီးတော့ ရွာမှာနေတယ်။ နေပြီးတော့ ပစ္စည်းတွေ ခိုးတယ်။ ခိုးလို့ကုန်တဲ့ ရွာတွေကို မီးရှို့တာ” 

စစ်ကောင်စီတပ်သည် ဒေသခံများ၏ ပစ္စည်းဥစ္စာများကို ဖျက်ဆီးလိုသော ရည်ရွယ်ချက်ဖြစ်သည်ဟု အထက်ပါပြင်ဦးလွင်ခရိုင်ပကဖအဖွဲ့ဝင်က သုံးသပ်သည်။

“ ဘာလို့မီးရှို့တာလဲဆိုတော့ ပြည်သူတွေ PDF တွေကို မထောက်ပံ့နိုင်အောင်လို့ပေါ့ဗျာ။ သူတို့တွေက MDY- PDF ပြန်လည် သိမ်းပိုက်ထားတဲ့ ကျေးရွာ ၃ ရွာကလွဲလို့ ဒီအနောက်ခြမ်း ဥဒိန် ကနေ တောင်ဘက် တစ်ခြမ်းလုံးက်ို သူတို့ထိန်းချုပ်ထားနိုင်တုန်းပဲ ” 

လက်ရှိတွင် မတ္တရာအနောက်ခြမ်း၌ တိုက်ပွဲများ ဆက်ဖြစ်နေသည် ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ အမှတ်(၅၁၂) PDF တပ်ရင်းမှ တပ်ဖွဲ့ဝင်တစ်ဦး က Myanmar Now ကို ယခုလ ၁၆ ရက်က ပြောထားသည်။

နိုဝင်ဘာလဆန်းမှစသည့် စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုများကြောင့် အဆိုပါမြစ်ကမ်းဘေးကျေးရွာ များမှ ဒေသခံထောင်နှင့်ချီ၍ စစ်ကိုင်းမြို့နယ်ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး အများစုမှာ နေရပ် မပြန်နိုင်ကြသေးဟု စစ်ကိုင်းမြို့နယ်အတွင်း စစ်ဘေးရှောင်များကို ကူညီရေးလုပ်ကိုင်နေသူ အမျိုးသားတစ်ဦးက ပြောသည်။

နိုဝင်ဘာလအတွင်းက ဧရာဝတီမြစ် မြေနိုကျွန်းများပေါ် ခိုလှုံနေသော မတ္တရာအနောက်ခြမ်းမှ စစ်ရှောင်များ။ (ဓာတ်ပုံ- မိုးဦး/ Myanmar Now)

“ပြန်မတိုက်နိုင်ရင်တော့ ပြည်သူတွေပြန်နေဖို့မလွယ်ဘူး။ အခုလည်းကုန်နေပါပြီ။ ရွာတွေကို တောက် လျှောက် မီးရှို့ဖျက်ဆီးနေတာ” ဟု သူက ဆိုသည်။ 

“အရှေ့ခြမ်းကတော့ စစ်ဘေးရှောင်ထောက်ပံ့မှုတွေလုပ်ကြတယ်။ အနောက်ခြမ်းက မလွယ်ဘူး။ အနောက်ခြမ်းရွာတွေက ဝက်လက်ဘက်တွေ ပြေးရတယ်။ အရှေ့ခြမ်းက ရှောင်တိမ်းရလည်း လွယ် တယ်။အနောက်ခြမ်းကမလွယ်ဘူး”ဟု  ၎င်းက ဆက်ပြောသည်။

မတ္တရာအရှေ့ခြမ်းသည် တော်လှန်ရေးထိန်းချုပ်နယ်မြေများနှင့်ထိစပ်နေကာ MDY-PDF က ထိန်းချုပ် ထားသော နေရာများဖြစ်၍ စစ်ရှောင်များ တိမ်းရှောင်နေထိုင်ရသည့် အခြေအနေကို ဆိုလိုခြင်း ဖြစ်သည်။

လတ်တလော မတ္တရာမြို့နယ်အရှေ့ပိုင်းနှင့် ပုသိမ်ကြီးမြို့နယ်တွင် တိုက်ပွဲထိတွေ့မှု အနည်းငယ်ရှိသည်ဟု အထက်ပါ မတ္တရာဒေသခံ ၆၀ အရွယ်ရှိ အမျိုးသားက ဆိုသည်။

“မနေ့ည ၁၂ နာရီခွဲလောက်က မတ္တရာမြို့နဲ့နီးနီးကပ်ကပ် ဘယ်ရွာလဲတော့အတိအကျမသိရဘူး။အဲဒီမှာ လေယာဉ်နဲ့လာဗုံးချသွားတယ်။ ပုသိမ်ကြီးမြို့နယ် ဖယောင်းတောင်ရဲ့ အနောက်တောင်ဘက် ကျမယ်။ ကံကြီးရွာဖက်မှာလည်း ပစ်ခတ်သံတွေကြားရတယ်”ဟု သူက ပြောသည်။

တိုက်ပွဲအခြေအနေများနှင့်ပတ်သတ်ပြီး MDY-PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်ထံ Myanmar Now က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

မီးရှို့ခံရသော မတ္တရာအနောက်ခြမ်းပြမြေပုံ။ 

တွင်းငယ်ကျေးရွာကိုနေ့စဉ်မီးရှို့၊တိုက်ပွဲများဆက်ပြင်းထန်နေ

၁၀၂၇စစ်ဆင်ရေးဒုတိယပိုင်းတွင် တအာင်းလွတ်မြောက်ရေးတပ် (TNLA)အပါအဝင် ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် သပိတ်ကျင်းဒေသတွင် မိုးမိတ်နှင့်သပိတ်ကျင်းဆက်သွယ်ထားရာ လမ်းကြောင်း ပေါ်ရှိ အချက်အချာကျသော တွင်းငယ်တိုက်နယ်ရွာကြီးကို စစ်တပ်က ယခုလဆန်းက ပြန်လည်ထိန်းချုပ် နိုင်ခဲ့သည်။ 

တွင်းငယ်ကျေးရွာကိုလည်း  စစ်ကောင်စီတပ်က နေ့စဉ် မီးရှို့မှုများပြုလုပ်နေသည်ဟု ထိုဒေသတဝိုက် လှုပ်ရှားသော ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ပြောသည်။

“တွင်းငယ်ထဲကို သူတို့သိမ်းထားပြီးတဲ့ရက်ကစလို့ နေ့တိုင်းရှို့နေတာ။ ပြည်သူတွေလည်း ထွက်ပြေးနေကြ တော့ သူတို့ရှို့တာ၊ ဖျက်ဆီးတာတွေ သွားကြည့်လို့တော့မရဘူး။ အိမ်ခြေတော်တော်ပါသွားတယ်လို့တော့ သိရတယ်”ဟု PLA အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က Myanmar Now ကို ပြောသည်။

လက်ရှိတွင် သပိတ်ကျင်းမြို့နယ်အတွင်း စစ်တပ်၏ လက်ကျန် ၃ တပ်ဖြစ်သော ၇မိုင်ကျေးရွာ စစ်စခန်း နှင့် တွင်းငယ်ရွာအနီးရှိ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တတက-၁၃)တို့အနီး တိုက်ပွဲများ နေ့စဉ် ရှိနေသည်ဟု PLA တပ်ဖွဲ့ဝင် ရဲဘော်နီနီကျော်က ဆိုသည်။

“၇ မိုင်ဖက်မှာနေ့တိုင်းလိုလို တိုက်ပွဲတွေရှိတယ်။ တတက-၁၃ တဝိုက်လည်း သူတို့က ရှေ့တိုးထွက်လာရင် ကျွန်မတို့နဲ့ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်နေတယ်။ တွင်းငယ်ထဲလည်း နေ့တိုင်း မီးတွေရှို့နေတယ်”ဟု ၎င်းက ပြောသည်။

သို့ရာတွင် PDF ထိန်းချုပ်ထားသည့် သပိတ်ကျင်းမြို့ဘက်ကိုမူ လက်ကျန်အင်အားများစုထားသည့် စစ်ကောင်စီတပ်များက ထိုးစစ်မဆင်နိုင်သေးကြောင်း ဆိုသည်။ 
” သပိတ်ကျင်းမြို့ပေါ်ဘက်ကိုတော့ သူတို့မတိုက်နိုင်သေးပါဘူး။ တကောင်းတို့ သပိတ်ကျင်းမြို့ပေါ် ဘက်တွေတို့ သူတို့မတိုက်နိုင်ဘူး။ တွင်းငယ်ကနေကို သူတို့ မတက်နိုင်သေးဘူး။ ဟိုဘက်မှာလည်း PDF တွေရော တပ်တွေအကုန်လုံးရှိတယ်။ အကုန်လုံးပိတ်ထားတာဆိုတော့ ပကဖတွေရော အစုံရှိတော့ သူတို့ တက်လို့မရသေးဘူး”ဟု  ရဲဘော်နီနီကျော်က ပြောသည်။

သပိတ်ကျင်းမြောက်ဘက် တကောင်းမြို့သည် PDF ထိန်းချုပ်ထားသလို တောင်ဘက်ရှိ စဉ့်ကူးမြို့၊ အရှေ့ ဘက်ရှိ မဘိမ်းမြို့တွင် ကချင်တပ် KIA ၊ မိုးမိတ်မြို့တွင် TNLA တို့က ထိန်းချုပ်ထားသည်။

ထို့ကြောင့် လက်ကျန် ၃ တပ်တွင် အင်အားများပေါင်းကာ စုစည်းထားသော စစ်ကောင်စီတပ်သည် တွင်းငယ်ကျေးရွာမှ အပ မည်သည့်နေရာကိုမှ ထိုးစစ်မဆင်နိုင်သေးဘဲ တိုက်ပွဲများ ဆက်ဖြစ်နေသည်။

Show More

Related Articles

Back to top button