သတင်း

AA ထိုးစစ်ကြောင့် စစ်တပ်က ဧရာဝတီတိုင်းတွင် အရပ်သားများကို အားကိုးလာ

အမ်းကို လက်လွှတ်ရပြီး ဂွဘက်သို့ တိုက်ပွဲများ ရောက်လာရာ ကပ်လျက် ဧရာဝတီတိုင်းဘက်မှ စစ်ကောင်စီတပ်များ လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး အရပ်သားများကို လုံခြုံရေးအဖွဲ့ ဖွဲ့ခိုင်းနေသည်။

ရခိုင်ပြည်နယ်တောင်ဘက်ဆုံး ဂွမြို့နယ်နှင့် ထိစပ်နေသည့် ဧရာဝတီတိုင်းအတွင်း အာရက္ခတပ်တော် (AA) ထိုးစစ်များ ရောက်လာနိုင်သည့် အခြေအနေကြောင့်  စစ်ကောင်စီက ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းကာ ခံစစ်ပြင်နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့ထံက သိရသည်။ 

​​ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ မဲဇာလီကုန်းမြို့ရပ်ကွက်တွင် အသက် ၃၅ နှစ်အထက် အမျိုးသားများကို ရပ်ကွက်လုံခြုံရေးအဖွဲ့ ဖွဲ့ရန် ယမန်နေ့ (ဒီဇင်ဘာ ၁၉ ) မွန်းလွဲ ၁ နာရီက အစည်းအဝေးခေါ်ယူအသိပေးခဲ့ ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့ဖြစ်သော သတင်းအထူးတပ်ဖွဲ့-ပုသိမ်အဖွဲ့က ပြောသည်။

ပြည်သူ့လုံခြုံရေးဖွဲ့စည်းတာဝန်ထမ်းဆောင်နိုင်ရန်အတွက် တိုင်ပင်ဆွေးနွေး အကြံဉာဏ်များရယူလို သဖြင့် တက်ရောက်ရန် အစည်းအဝေးဖိတ်ကြားသည့် စာဖြင့် ခေါ်ယူထားသည်ကိုလည်း တွေ့ရသည်။

“ဗိုလ်အောင်ကျော်ခန်းမမှာ လုပ်တယ်၊ ခုက စစ်ပွဲလည်းနီးလာပြီဆိုတော့ သူတို့ဘက်ပါအောင် အပျော့ဆွဲနဲ့ ခေါ်တာပဲ။ ခုဟာက ပြေးလို့မလွယ်၊ ငြင်းဖို့မလွယ်ဘူး။ စစ်မှုထမ်းကမှ ရှောင်ပြေးလို့ရသေးတယ်” ဟု ယမန်နေ့ အစည်းအဝေးတက်ခဲ့သူများကို ကိုးကား၍ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက ပြောသည်။

ရပ်ကွက်အလိုက် ပြည်သူ့လုံခြုံရေးအဖွဲ့များက လုံခြုံရေးရယူရန်၊ ဧည့်စာရင်းနှင့် လူအဝင်အထွက်များကို စစ်ဆေးရန်စသည့်လုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့ရန် ဆင့်ခေါ်စာ။ (ဓာတ်ပုံ- သတင်းအထူးတပ်ဖွဲ့-ပုသိမ်)

AA ပြောခွင့်ရ ဦးခိုင်သုခကလည်း ဂွမြို့နယ်တွင်ပါ တိုက်ပွဲများ ရှိနေကြောင်း ပြောသည်။

“ဂွမြို့မှာတော့ တိုက်ပွဲတွေ ဆက်လက်ပြီးတော့ ပြင်းထန်နေတုန်းပဲ။ ဂွမြို့ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေ သလို ဂွကနေ ငါးသိုင်းချောင်းဘက်ကို ကျော်တဲ့ ရိုးမတောင်ပေါ်မှာလည်းပဲ တိုက်ပွဲတွေ ဆက်လက်ပြီး တော့ ပြင်းထန်နေတာ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းကလည်း စစ်ကောင်စီသည်   ဂွမြို့နယ်မှ ဆုတ်ခွာသွားရတော့မည် ယူဆကြောင်း   ပြောသည်။ 

“ဂွမှာလည်း တပ်ရင်းနှစ်ရင်းမှာ တစ်ရင်း ကျသွားပြီ၊ ဂွကလည်း သိပ်မကြာခင်ပဲ ကျသွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ AAရဲ့တိုက်စစ်အားကလည်း တအားအရှိန်ပြင်းတယ်၊ လျင်မြန်တယ်။ ဒါကြောင့် တဖက်မှာလည်း ဒီ ဂွ -ငါးသိုင်းချောင်းလမ်းဆိုတာကလည်း သူတို့ (AA) ဘက်က ပိတ်ဆို့ပြီးသားဖြစ်တယ် လို့ ကြားရပြန်တော့ ဂွကလည်း အနည်းနဲ့အများ ကျသွားမှာပါပဲ” ဟု ၎င်းက ဆိုသည်။ 

ဂွမြို့ ကျသွားပါက AA ထိုးစစ်သည် ဧရာဝတီတိုင်းဘက် မြှားဦးလှည့်လာနိုင်ကြောင်း ၎င်းက သုံးသပ် သည်။ 

“ဂွကျပြီးရင် ဧရာဝတီတိုင်းဆီ ရောက်နိုင်တာပေါ့။ ဧရာဝတီတိုင်းဆိုတာကလည်း အဓိကကတော့ ဂွချောင်းရဲ့တဖက်မှာရှိတဲ့ ချောင်းသာတို့ ငွေဆောင်တို့ ဥပမာ မော်တင်စွန်းပေါ့၊ အဲဒါလည်း တစ်ချိန်က ရခိုင်တွေရဲ့ပိုင်တဲ့နယ်မြေလို့ သတ်မှတ်ခံရယူထားတဲ့အတွက် အဲဒီဘက်ကိုလည်း စစ်က မြှားဦးလှည့် သွားနိုင်တယ်ပေါ့။ ဧရာဝတီတိုင်းဘက်ကို ကျော်ပြီးတော့ မဟာမိတ်တွေနဲ့ လက်တွဲပြီးတော့ တိုက်ကောင်းတိုက်နိုင်တယ်” ဟု ဦးဖေသန်းက ဆိုသည်။ 

“အာရက္ခတပ်တော်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ရခိုင်တစ်ပြည်လုံးမှာ စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်ရမယ် ဆိုတဲ့ ရည်မှန်းချက်ကလည်း တဖြည်းဖြည်း နီးစပ်လာပြီလို့ပဲ ပြောလို့ရပါတယ်” 

နယ်မြေထိစပ်နေသော ဧရာဝတီတိုင်းရှိ ဒေသတချို့သည် AA ၏ နိုဗာ (၃ ) စစ်ဒေသအတွင်း ပါဝင်နေ သည်။ 

လက်ရှိတွင် စစ်ရိပ်သမ်းလာသည့်အတွက် ဧရာဝတီတိုင်းရှိ ပုသိမ်မြို့နှင့် ​​ဟင်္သာတမြို့တို့တွင် ဒေသခံများ ညပိုင်း အပြင် မထွက်ရဲကြောင်း၊  စစ်ကောင်စီတပ်က  ခရီးသွားများကို  စစ်ဆေးမှုတင်းကျပ်နေကြောင်း ပုသိမ်ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။

ဂွမြို့မြောက်ဘက်တွင် သံတွဲမြို့၊ အရှေ့ဘက်တွင် ဧရာဝတီတိုင်း အင်္ဂပူ၊ ရေကြည်၊ လေးမျက်နှာ မြို့နယ်များ ၊ တောင်ဘက်တွင် သာပေါင်းမြို့နယ် အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်ရှိသည်။

ဧရာဝတီတိုင်းအတွင်းရှိ  ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ သာပေါင်းမြို့တို့တွင် ဂွဒေသခံ စစ်ရှောင်အများပြား ခိုလှုံနေကြပြီး ပန်းတနော်တွင်ပါ စစ်ရှောင်များ ရောက်နေကြသည်ဟု သိရသည်။ 

တိုက်ပွဲ နီးကပ်လာသော ငါးသိုင်းချောင်းမြို့တွင်လည်း  စစ်ကောင်စီတပ်က ကြိုတင်ပြင်ဆင်မှုများ လုပ်နေသည်။

“ငါးသိုင်းချောင်းက ဂွနဲ့နီးနီးလေးဆိုတော့ ဂွသိမ်းပြီးရင် ဒီဘက်လာမှာလေ၊ အဲဒါနဲ့ အဲဒီက စစ်ရှောင်တွေ လည်း ရေကြည်၊ အသုတ်တို့ကို ကျော်ပြီး ကျောင်းကုန်းနဲ့ ပန်းတနော်ဘက်ကို ကျော်ကျလာကုန်ပြီ” ဟု ပန်းတနော်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

– ငါးသိုင်းချောင်းတွင် စစ်ရှောင်ရောက်လာသော ရခိုင်ဒေသခံတချို့ကို ဒီဇင်ဘာ ၁၉ ရက်က ကူညီ၊ လှူဒါန်းနေစဉ်။ (ဓာတ်ပုံ- ငဝန်ကမ်းသာ ငါးသိုင်းချောင်း ဖေ့ဘွတ်)

ပန်းတနော်တွင် ရခိုင်စစ်ဘေးရှောင်များ ပိုမိုများပြားလာသည့်အတွက် အိမ်ငှားခများလည်း ကျပ် ၁သိန်းခွဲ မှ ၃ သိန်းကျပ်အထိ ဈေးနှုန်းရှိနေပြီး ဧည့်စာရင်းတိုင်လျှင် ၃၀၀၀ မှ ၅၀၀၀ ကျပ်အထိ ပေးရကြောင်း ရခိုင်စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အထက်ပါ ပန်းတနော်ဒေသခံက ဆိုသည်။

အိမ်ငှားရမ်းနိုင်ခြင်း မရှိသူများနှင့် ငွေကြေးအဆင်မပြေသူများသည် ငဝန်ကမ်းသာ၊  နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေရသည်ဟု သိရသည်။ စစ်ဘေးရှောင်များကို ကူညီနေသည့် ငဝန်ကမ်းသာ ငါးသိုင်းချောင်း ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာရှိ စစ်ဘေးရှောင်ဓာတ်ပုံများတွင် သက်ကြီးရွယ်အိုနှင့်ကလေးသူငယ်များ အများအပြား တွေ့မြင်ရသည်။

“ခုက စစ်မှုထမ်း မပါချင်ရင်လည်း တစ်လကို ၇၀၀၀၀ ပေးရတယ်။ ဧည့်စာရင်းတိုင်လည်း ပေးရတယ်၊ ခု ရပ်ရွာလုံခြုံရေးဆိုပြီးလာတော့ ပိုက်ဆံထပ်ပေးရဦးမှာပဲ” ဟု ပန်းတနော် ဒေသခံ တောင်သူလုပ်ကိုင်သည့် အမျိုးသားက ဆက်ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က တိုင်းစစ်ဌာန(ဧရာဝတီ)ကို အဆင့်ဆင့် ဖွဲ့စည်းပြီးဖြစ်ကြောင်း ဒီဇင်ဘာ ၁၂ ရက်က ကြေညာခဲ့သည်။AA သည် တစ်ပြည်နယ်လုံးသိမ်းမည်ဟု ကြွေးကြော်ထားရာ တောင်ဘက်ဆုံးတွင် ဂွမြို့နယ်သာ ကျန်ချိန်တွင် စစ်ကောင်စီကလည်း ကပ်လျက်ရှိသည့် ဧရာဝတီတိုင်းတွင်  စစ်ရေး လှုပ်ရှားမှုများ သိသိသာသာ ရှိလာသည်။

Show More

Related Articles

Back to top button