သတင်း

ပုသိမ်ကြီးနှင့် မတ္တရာမြို့နယ်အစပ်တွင် တိုက်ပွဲဖြစ်၊ အရပ်သားအချို့သေဆုံး

မန္တလေးနှင့် မိုင် ၂၀ အကွာကျေးရွာတစ်ရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သားအချို့သေဆုံး ထိခိုက်ဒဏ်ရာရသွားသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်အစပ် ကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်၏ လေကြောင်းမှတိုက်ခိုက်မှု လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတို့ကြောင့် ဒေသခံအချို့ သေဆုံးသွားသည်ဟု သိရသည်။

ယနေ့ ဒီဇင်ဘာ ၁၉ ရက် မနက် ၅ နာရီမှစတင်က မန္တလေးမြို့၏အရှေ့မြောက်ဖက် ၁၉ မိုင်အကွာ၊ မတ္တရာမြို့မှအရှေ့တောင်ဖက် ၉ မိုင် အကွာရှိ ထန်းပင်ကုန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားရနေရာသို့ မန္တလေးမြို့အထွက် ထီးတော်မိုးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကလက်နက်ကြီးများပစ်ကူနေရာ ပုသိမ်ကြီးမြို့နယ် မြကန်သာကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုဘုန်းကြီးကျောင်းမှ ရဟန်းတစ်ပါး ထိခိုက်ဒဏ်ရာရရှိသွားသည်။

ထိုဘုန်ကြီးကျောင်းအနီးနေ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးကာ၊ အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားသည်ဟု ပုသိမ်ကြီးမြို့နယ်နေ ဒေသခံအမျိုးသားက Myanmar Nowကိုပြောသည်။

“ဦးဇင်းတစ်ပါးနဲ့ အမျိုးသမီးတစ်ဦးကတော့ ဆေးရုံကိုပို့လိုက်ရတယ် ပြောတယ်။ သေတယ်လို့ မကြားသေးဘူး။ ဘုန်းကြီးကျောင်းဘေး တောင်ယာလုပ်နေသူကတော့ဆုံးသွားပြီ” ဟု ထိုအမျိုးသားက ပြောသည်။

ထန်းပင်ကုန်းရွာသို့ မနက် ၁၀နာရီခန့်တွင် လေယာဉ်ဖြင့်နှစ်ကြိမ် နေ့လယ် ၁ နာရီခန့်တွင် တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီး မတ္တရာမြို့ ဘောလုံးကွင်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကလည်း ထန်းပင်ကုန်းရွာဝန်းကျင်သို့ လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်နေသည်ဟုလည်း အထက်ပါ အမျိုးသားက ပြောသည်။

“တအုံးအုံးပဲ ကြားနေရတယ် လေယာဉ်လာတိုက်တာ သုံးကြိမ်ရှိပြီ လက်နက်ကြီးကတော့ မနားတမ်းထုနေတာ”ဟု ၎င်းကဆိုသည်။

မန္တလေးမြို့နှင့် နီးကပ်သည့် မတ္တရာမြို့နယ်အ​ရှေ့ဘက်အခြမ်းတွင် MDY-PDF က နယ်မြေစိုးမိုးထားခြင်း၊ ထန်းပင်ကုန်းရွာတိုက်ပွဲတွင်လည်း စစ်တပ်နှင့် ပြည်သူ့စစ်များ အထိနာနေကြောင်း စစ်တပ်ထောက်ခံသူ ပျူစောထီးခေါင်းဆောင်သင်္ကန်းဝတ် ပေါက်ကိုယ်တော်က လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်လွှင့်ပြောဆိုသည်။

“ဦးဇင်းတို့ဘက်က ပြည်သူ့စစ်တွေမှာထိတယ် ပေါင်မှာတစ်ယောက်ထိတယ် မျက်နှာမှာလည်း လက်နက်ကြီးအစတွေမှန်တယ်လို့ ဦးဇင်းတို့ မြေပြင်သတင်းရတယ်။ အဖြေကတော့ တိုက်နေဆဲမို့ မသိရသေးဘူး ဦးဇင်းတို့ပြောချင်တာက ပြည်သူ့စစ်တွေကို မလိုအပ်တော့ဘူးဆိုရင်ထုတ်ပစ်လိုက် လက်နက်တွေပြန်သိမ်းပြစ်လိုက် ရှင်းတယ်”ဟု ပြောသည်။

ယခုနှစ် ဇွန်၂၅မှစတင်ကာ MDY-PDFနှင့်မဟာမိတ်တပ်များက မတ္တရာမြို့နယ်အရှေ့ပိုင်းအတွင်း ထိုးစစ်ဆင်နေပြီး မတ္တရာမြို့နယ်မှ စခန်း၃၂ခု၊ပုသိမ်ကြီးမြို့နယ်မှ Alpha ဘိလပ်မြေစက်ရုံရှိ ကင်းစခန်း၊ စစ်ကောင်စီခန့်မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမောင်ကိုပိုင်ဆိုင်သည့်ရွှေတွင်းတို့ အပါအဝင် စခန်းသုံးခုရရှိထားသည်။

လက်ရှိတွင် မတ္တရာမြို့၏အရှေ့ခြမ်း ဧရိယာအတော်များများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY-PDF)က ထိန်းချုပ်ထားပြီး မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ကိုမူ စစ်ကောင်စီကစိုးမိုးထားသည်။

Show More

Related Articles

Back to top button