တောထဲတွင် ရှင်သန်ရေး၊ စားရေးသောက်ရေးအတွက် ရုန်းကန်ကြရသလို စစ်တိုက်ရန်လည်း ပြင်ဆင်ထားခြင်းဖြင့် တော်လှန်ရေးအောက်သက်ကျေသည့် မဟာမိတ်တပ်များကဲ့သို့ ပြုမူခဲ့သည်ဟု တော်လှန်ရေးသမားတစ်ဦးဖြစ်သည့် ရဲဘော်မိုးနေလက ပြောသည်။
ရဲဘော်မိုးနေလသည် ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) ဗဟိုကော်မတီဝင် ဖြစ်သည်။
ရခိုင်-မကွေး နယ်စပ်တွင် အခြေစိုက်သလို နိုင်ငံအလယ်ပိုင်းတွင် တပ်တချို့ ဖြန့်ကျက်ထားသည့် PIA သည် ရခိုင်ပြည်နယ်တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်နေသည်။ ၁၀၂၇ စစ်ဆင်ရေး၊ နိုင်ငံ အလယ်ပိုင်းစစ်ဆင်ရေးများတွင် ပူးပေါင်းပါဝင်နေသည်ဟု သိရသည်။
Myanmar Now က ဆက်သွယ် မေးမြန်းစဉ် ရဲဘော်မိုးနေလက အာရက္ခတပ်တော် (AA) ထံတွင် စစ်ပညာ ခက်ခက်ခဲခဲ သင်ယူရပုံ၊ ကျောင်းသားများ နှင့် CDM ဝန်ထမ်းများ ပါဝင်သည့် PIO/PIA တည်ထောင်မှု၊ အနာဂတ်မျှော်မှန်းချက်တို့အကြောင်း ပြောပြထားသည်။
မေး။ ။ ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA) စတင်ဖွဲ့စည်းခဲ့ပုံကို ပြောပြပေးပါ။ ရခိုင်ဒေသ အခြေစိုက် ဖွဲ့စည်းခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီတုန်းက စပြီး တည်ထောင်ဖြစ်ပုံကိုလည်း သိချင်ပါတယ်။
ဖြေ။ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးတော့ ဗကသကျောင်းသားအဟောင်းတွေလည်း မြို့ပေါ်မှာ အချိန်ကာလတစ်ခုအထိ ဆန္ဒပြခဲ့ကြတယ်။ ဆန္ဒပြခဲ့ကြပြီးမှ ကျွန်တော်တို့ ဒီအတိုင်း ဆန္ဒပြနေလို့ တော့ မရတော့ဘူး။ လက်နက်ကိုင်မှ၊ လက်နက်ကိုင်ပြီး တိုက်မှ ရမယ်ဆိုတဲ့အခြေအနေ ဖြစ်ပေါ်လာချိန်မှာ ကျွန်တော်တို့ လက်နက်ကိုင်ဖို့ စဉ်းစားတယ်။ အဲလိုစဉ်းစားတဲ့အချိန်မှာ နီးစပ်ရာ တိုင်းရင်းသား ERO အဖွဲ့တွေကို ဆက်သွယ်ပြီးတော့ ဒေသအသီးသီးကို စစ်ပညာသင်သွားဖို့ သွားခဲ့ကြ တယ်။
ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော်ရဲ့ အမြုတေဖြစ်လာမဲ့ ရဲဘော်အများစုက ရက္ခိုင့်တပ်တော် (အာရက္ခတပ်တော်) ရှိတဲ့ လွတ်မြောက်ဒေသတစ်ခုကို ရောက်ခဲ့ကြတယ်။ အခြားရဲဘော်တွေကလည်း အခြားစစ်ဒေသတွေကို အသီးသီး ရောက်ရှိနေကြတာရှိတယ် ။ ပြောရရင် ၂၀၂၁ ဧပြီလောက်မှာ ကျွန်တော်တို့ လွတ်မြောက်ဒေသတွေကို ရောက်ရှိကြတယ်။ ၂၀၂၁ ဧပြီလောက်မှာ လူငယ်တော်တော်များများ လွတ်မြောက်ဒေသတွေကို ရောက်ရှိလာပြီး အယူအဆတွေ မတူညီတဲ့ဟာလေးတွေရှိတယ်။ အရမ်းကွဲပြားတဲ့အယူအဆတွေတော့ မဟုတ်ဘူး။ တချို့က Conventional warfare (သမာရိုးကျစစ်ပွဲ) ကို သွားဖို့အတွက် တပ်ကို သေသေချာချာစနစ်တကျ တည်ထောင်ချင်တယ်။ တချို့ Urban Guerrillas မြို့ပြပြောက်ကျားပဲ လုပ်မယ်ဆိုတာမျိုးရှိတယ်။
အဲလိုအချိန်မှာ ရဲဘော် အများစုက Conventional warfare (သမာရိုးကျစစ်ပွဲ) ကိုလည်း သွားရမယ်ပေါ့။ တပ်ကို တပ်နဲ့တူအောင် တည်ဆောက်ပြီးတော့ စစ်ပုံကျကျနဲ့ စစ်ကို စစ်နဲ့တူအောင် တိုက်ဖို့ ဆိုတဲ့ အယူအဆလည်းရှိတယ်။ ပြီးရင် မြို့ပြပြောက်ကျားကိုလည်း လုပ်ရမယ် ဆိုတဲ့ အတွေးအခေါ်ရှိတဲ့လူငယ်တွေ စုမိပြီး ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် ဆိုပြီး စတင်ဖြစ်ပေါ်လာတယ်လို့ ပြောရမှာဖြစ်တယ်။
တပ်စတင်ဖြစ်ပေါ်လာတဲ့အချိန်မှာ အများစုက ဗကသ ကျောင်းသားအဟောင်းတွေ၊ ၂၀၁၂ ၂၀၁၅ ဒီမိုကရေစီပညာရေးသပိတ်မှာ ပါဝင်ခဲ့တဲ့ ဗကသ ကျောင်းသားအဟောင်းတွေ စုမိကြတယ်။ CDM ဆရာဝန်တွေ၊ ကျောင်းဆရာ/ဆရာမတွေလည်း ပါတယ်ပေါ့ အများစုက။ ပထမဦးဆုံး ကျွန်တော်တို့ စတင်တည်ထောင်ချိန် အများစုကတော့ နိုင်ငံရေးအားဖြင့် ကျောင်းသားလှုပ်ရှားမှု ရှိကြတယ်။ CDM ဆရာဝန်တွေ ရှိကြတယ်။ CDM ဆရာမတွေ ရှိကြတယ်။ ကျွန်တော်တို့ ပထမပိုင်းမှာ CDM ဆရာဝန် တော်တော်များများ အဖမ်းခံခဲ့ရတယ်ပေါ့။ ဒါပေမဲ့ ကြိုးစားပမ်းစားနဲ့ပဲ အခုချိန်အထိ တပ်ကို တည်ဆောက်ပြီးတော့ ရုန်းကန်လှုပ်ရှားခဲ့ကြတယ်။ ၂၀၂၁ ဧပြီမှာ လွတ်မြောက်နယ်မြေကို ရောက်တယ်။ အောက်တိုဘာမှ ရက္ခိုင့်တပ်တော်အကူအညီနဲ့ ပထမဆုံး အမြုတေဖြစ်တဲ့ ရဲဘော်တွေကို စပြီးတော့ စစ်ပညာသင်ကြားနိုင်ခဲ့တယ်။ နောက်ထပ်အပတ်စဉ်တွေမှာတော့ ကျွန်တော်တို့ တန်းမြင့်သင်တန်းတွေ၊ နောက်ထပ် အကြပ်သင်တန်းတွေ၊ စစ်ဦးစီးသင်တန်းတွေကို AA မှာပဲ သင်ကြားစေခဲ့တယ်။
ပြီးတော့မှ တဖြည်းဖြည်းနဲ့ ကိုယ့်ပုံစံနဲ့ကိုယ် (သင်တန်း) ပေးလာနိုင်တယ်လို့ပြောရမှာဖြစ်တယ်။ အဲဒီတော့ ၂၀၂၁ မှာ ဧပြီမှာ စတင်ရောက်တယ်။ အောက်တိုဘာမှာ ပထမဦးဆုံး အပတ်စဉ်ပြီးတယ်။ ပြီးရင် ဒီဇင်ဘာမှာမှ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် ဆိုတဲ့နာမည်နဲ့ တပ်ကို စတင်တည်ထောင်ခဲ့တာဖြစ်တယ်။
၂၀၂၁ မှာ တပ်ကို တည်ဆောက်နေချိန်ပဲ ရှိသေးတယ်။ အဲတော့ ၂၀၂၂ မှာက အခြေခံ သင်တန်း ပြီးထားတဲ့လူတွေနဲ့ တန်းမြင့်သင်တန်း ပြီးထားတဲ့လူတွေနဲ့ကိုမှ စစ်ဒေသတွေ ခွဲပြီးတော့ ပို့လာနိုင်တယ်။ ဥပမာဆိုရင် အလယ်ပိုင်းဒေသတွေ ကို ပို့တာရှိတယ်။ အထူးသဖြင့် ကရင်နီဒေသကို စစ်ဒေသမှူးတစ်ယောက် ဦးဆောင်ပြီး ကရင်နီဒေသ ကို ဖြန့်ခွဲပြီး ဦးဆောင်လှုပ်ရှားလာနိုင်တယ်။
မေး။ ။ စစ်သင်တန်းတွေက ဘယ်လောက်ခက်ခဲခဲ့လဲ။ ရေမြေအနေအထား မတူညီမှုတွေကြား ဘယ်လို ကျော်ဖြတ်လဲ။
ဖြေ။ ။ အတွေးအခေါ် အယူအဆတွေ အမျိုးမျိုးရှိကြတဲ့ အချိန်မှာ စစ်သင်တန်းတက်ကြတဲ့အချိန်မှာ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် ရိုက်ချိုးလိုက်ရတာတွေ ရှိတယ်။ ကျွန်တော်တို့ အတ္တတွေ၊ စပြီး သင်တန်းဝင်ကတည်းက မင်းဟာမင်း ဘာကောင်ကြီးပဲဖြစ်နေနေ၊ အိမ်မှာ ဆရာကြီးပဲ ဖြစ်နေနေ အခြားနေရာမှာ ဆရာကြီးပဲ ဖြစ်နေ မင်း…ဒီမှာ ဘာကောင်မှ မဟုတ်ဘူး ဆိုတဲ့ ဒီီလိုမျိုးပေါ့ ၊ အဲလိုမျိုး စပြီး Train ခဲ့ရတာပေါ့ ။ စစ်သားဆိုတာက ခုနက ပြောသလို လက်နက်အပေါ်မှာ ဘယ်လိုမျိုး ..စိတ်ထားရမလဲ ၊ စည်းကမ်းတွေရှိတယ်၊ ကျင့်ဝတ်တွေ ရှိတယ်ဆိုတဲ့ဟာကို အတွေးခေါ်ပိုင်းအရရော ကိုယ့်မှာရှီတဲ့ မာန်မာနတွေ ၊ အတ္တတွေကို ရိုက်ချိုးခံလိုက်ရတာ။ ရိုက်ချိုးခံရတယ်ပေါ့။ အဲဒါတွေကို မခံနိုင်ဘဲနဲ့ စစ်သားတစ်ယောက်ဖြစ်လာမယ်လို့တော့ မပြောထိုက်ဘူး။
အခက်အခဲတွေက ဘာတွေလဲဆိုရင် ခုနကပြောသလိုမျိုး ကျွန်တော်တို့စိတ်တွေ အတ္တတွေ မာန်မာန တွေ ရိုက်ချိုးတာကို ခံနိုင်ရမယ်။ ပြီးရင် စိတ်ရဲ့ပင်ပမ်းခြင်း၊ ကိုယ်ရဲ့ ပင်ပမ်းခြင်း ဆိုတာ စစ်သင်တန်း ကာလတစ်လျှောက်လုံးမှာ ကျွန်တော်တို့ အမြဲနေ့စဉ် ကျွန်တော်တို့ကို ထရိန်းနေတာပေါ့။ ကျွန်တော်တို့ ဘယ်လောက်ပဲ ပင်ပမ်း ပင်ပမ်း ကိုယ့်ရဲ့သင်တန်းဆရာက မင်း… ဘယ်လောက်ပဲ ပင်ပမ်း ပင်ပမ်း ၊ မင်း.. ဘယ်လောက် စိတ်ခံနိုင်ရည်ရှိလဲ၊ အဲအပေါ်မှာ မင်းစိတ် ဘယ်လောက် ဖောက်ပြန်သွားသလဲ၊ အဲဒီအပေါ်မှာမူတည်ပြီးတော့မှ ဒီကောင်က လက်နက်ကိုင်သင့်၊ ဒီကောင်က လက်နက် မကိုင်သင့် ဆိုတဲ့ဟာမျိုးကို သူတို့(သင်တန်းဆရာတွေ) အနေနဲ့ စဉ်းစားကြတာပေါ့။
စစ်သင်တန်း စဝင်ပြီဆိုကတည်းက အခက်အခဲတွေက ဘာတွေလဲဆိုလို့ရှိရင် ကိုယ့်ပထမဆုံး အပတ်စဉ် ဖြစ်တဲ့ စစ်တပ်ကို မကြိုက်လို့ လက်နက်ကိုင်တော်လှန်မှာဖြစ်တဲ့၊ စစ်ပညာ သွားသင်တဲ့အချိန်မှာ ကျွန်တော်တို့ကိုယ်တိုင်က ဟာ.. ငါတို့ စစ်တပ်ကို မကြိုက်လို့ တော်လှန်တာကွာ၊ ကိုယ့်သင်ကြားတဲ့ ဆရာတွေရဲ့ အရင်ဆုံး .. ထရိန်နင်တွေကို နားမလည်နိုင်ဘူးပေါ့။ သင်တန်းကာလ ပြီးမှသာ “ ဩော် စစ်သားဆိုတာ ဒါပါလား” “ စစ်သားဆိုတာ ဘယ်လိုမျိုး နေထိုင်ရတယ်၊ ပြုကျင့်ရတယ် ၊ ဘယ်လိုမျိုး Ethical (ကျင့်ဝတ်) တွေကို စောင့်ထိန်းရတယ်ဆိုတာ ကျေကျေလည်လည် ပိုင်ပိုင်နိုင်နိုင် သင်တန်းပြီးမှ ရတယ်ပေါ့။ အဲဒါမှ ကျွန်တော်တို့က စစ်သား ဖြစ်သွားတာ။ အဲဒီလိုမျိုးပေါ့။
အခက်အခဲတွေက အများကြီးပဲ။ စစ်ဒေသ အသီးသီးအပေါ်မှာ မူတည်ပြီးတော့ အများကြီး ကွဲပြားတယ်။
မေး။ AA ရဲ့ လေ့ကျင့်ပေးမှုတွေကရော ဘယ်လိုရှိလဲ။
ဖြေ။ ။ ရက္ခိုင့်တပ်တော်မှာက ကျွန်တော်တို့ စစ်သင်တန်းတွေ လုပ်ရတဲ့အချိန်မှာ အရမ်း ပင်ပမ်းတယ်။ အရမ်း ခက်ခဲတယ်။ ဘယ်လိုခက်ခဲလဲဆိုရင် ကျွန်တော်တို့ စရောက်ပြီဆိုတာနဲ့ ရဲဘော်တွေက တောထဲမှာ စားသောက်နေထိုင်ဖို့အတွက် နိစ္စဓူဝပေါ့ စားသောက်နေထိုင်ဖို့အတွက် လေ့ကျင့်ရတယ်ပေါ့။ သင်တန်းအပြင် တောထဲမှာ ခန္ဓာကိုယ် ကြံ့ခိုင်မှုရော၊ လုပ်ကိုင်ဆောင်ရွက်တဲ့စာတွေရော သင်ကြရတာ။ ဝါးခုတ်တာကအစ၊ နှီးထိုးတာကအစ၊ သက်ကယ် ရက်တာကအစ ဒါမျိုးတွေကို သင်ကြားရတာဖြစ်တယ်။ ပြီးရင် အပင်စိုက်ရတယ်။ တိရိစ္ဆာန်တွေ မွေးမြူရတယ်။ တောထဲမှာ အသက်ရှင်နေထိုင်ဖို့အတွက် သင်ကြားခဲ့ရတယ်။ ဓားတစ်လက်ပါရုံနဲ့ တောထဲမှာ ဘယ်လိုနေထိုင်ရမယ်၊ သွားလာရမယ် ဆိုတာကို ရဲဘော်တွေသည် ကျွမ်းကျင်နေပြီပေါ့။
ကြံ့ခိုင်ရေးဆိုရင်လည်း အစတုန်းက မြို့ပြကလာတဲ့ လူငယ်တွေ ဖြစ်တယ်ပေါ့။ ကြံ့ခိုင်ရေးကို တည်ဆောက်တဲ့နေရာမှာ အနည်းဆုံး တစ်နှစ်ကျော်ကျော်လောက် ကျွန်တော်တို့ တည်ဆောက်ခဲ့ရတယ်။ အဲဒါမှပဲ တောထဲမှာ နေထိုင်ဖို့ ကျန်းမာရေးကအစ ပိုကောင်းလာတယ်။ ပိုသန်မာလာတယ်။ ရိက္ခာအတွက် တစ်ပတ်ကို တစ်ရက်နှစ်ရက်လောက်သွားပြီးတော့ ထမ်းရတယ်။ အဲဒါကို ၂ နှစ် ကျော်ကျော် ၃ နှစ်ကာလပတ်လုံး နေထိုင်လာခဲ့ရတယ်ဖြစ်တဲ့အတွက် ရဲဘော်တွေအားဖြင့်တော့ စိတ်ဓာတ်ကြံ့ခိုင်မှုရော၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရော အရမ်းကောင်းနေတယ်ပေါ့။
ရခိုင်ရိုးကို မှီပြီးလုပ်တဲ့တော်လှန်ရေး အဖွဲ့တွေမှာ ….ပိုပြီးတော့ အခက်အခဲကြားက ရုန်းကန်လာရတဲ့သူတွေ ဖြစ်တဲ့အတွက် ပိုပြီးတော့ ကြံ့ခိုင်တယ်၊ သန်မာကြတယ်လို့ မြင်တယ်။ ဘာလို့လဲဆိုတော့ အခြားစစ်ဒေသ တွေမှာလည်း ကျွန်တော်တို့ ဖြတ်သန်းပြီးပြီ။ ဒါပေမဲ့ ဒီဘက်မှာ မတူညီတဲ့ဟာဆိုရင် တောတွင်းထဲမှာ နေထိုင်ရတာပဲ။ နှစ်ကာလတစ်ခု အဆက်အသွယ် ကောင်းကောင်း မရဘူး။ ကျွန်တော်တို့ရဲဘော်တွေ နေကြတယ်။ နိစ္စဓူဝ ကိုယ့်ရဲ့စားရေးသောက်ရေးကို ဖြေရှင်းကြတယ်၊ ဒီကြားထဲမှာ စစ်တိုက်ဖို့ လုပ် ကြတယ်။ အတွေ့အကြုံကောင်းကောင်းတွေ ရထားတဲ့ ရဲဘော်တွေ ဖြစ်နေတဲ့ပုံစံမျိုးဖြစ်တဲ့အတွက် ကျွန်တော်ကတော့ အဲဒီအပိုင်းကို အားရကျေနပ်တယ်။ တော်လှန်ရေးအောက်သက်ကျေတဲ့ မဟာမိတ်တွေရဲ့ ပြောစကားအရအတိုင်းပဲ။ အောက်သက်ကျေမှု ကို လက်ဆင့်ကမ်းပြီးရခဲ့တယ်လို့ ကျွန်တော်တို့က ပြောရမှာဖြစ်တယ်။
မေး။ ။ PIA အနေနဲ့ ဘယ်စစ်ဒေသတွေ ဖွဲ့စည်းထားလဲ။ ဘယ်စစ်မြေပြင်တွေကို ဖြတ်ကျော်ခဲ့လဲ။
ဖြေ။ ။ ကျွန်တော်တို့ရဲဘော်တွေအနေနဲ့က ၂၀၂၂ မှာ ဖြန့်ခွဲတယ်ဆိုတဲ့ ကရင်နီဘက်မှာလည်း တစ် လေးလုံး စစ်ဆင်ရေးမှာ ပါဝင်နိုင်ခဲ့တယ်။ 1027 စစ်ဆင်ရေးမှာလည်း ကျွန်တော်တို့ ဆက်ပြီး ပါဝင်လှုပ်ရှားနေတယ်။ အလယ်ပိုင်းဒေသ ရဲ့ စစ်ဆင်ရေးတွေမှာလည်း ကျွန်တော်တို့ ပြင်ဆင်နေတာတွေရှိတယ်။ လူငယ်တွေလူရွယ်တွေ ဖြစ်တယ်။ တော်လှန်ရေးအရ မတူညီတဲ့ ဒေသတွေမှာ ဖြတ်သန်းလာပြီးတော့ တကယ့်တော်လှန်ရေးမှာ အောင်ပွဲရနေတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ အောက်သက်ကျေပွန်မှုကို လက်ဆင့်ကမ်းရယူနိုင်ခဲ့တယ်လို့ မြင်တယ်။ အခုချိန်မှာပြောတာကတော့ အဲဒီအချိန်ကာလမှာ ဖြတ်သန်းနေတာသည် မလွယ်ကူဘူးပေါ့။ အခက်အခဲကြားကနေပဲ ကြံ့ခိုင်မှုတွေကို ကျွန်တော်တို့ ရရှိခဲ့တယ်လို့ပဲ ကျွန်တော်က မြင်ပါတယ်။
မေး။ ။ PIA တပ်ရဲ့ အဓိက ရည်ရွယ်ချက်က ဘာတွေလဲ။
ဖြေ ။ ။ တပ်ရဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့မှာ မူဝါဒ ၅ ချက်ရှိတယ်။ အရင်ဆုံးက လက်တွေ့ကျကျ ပြောမယ်ဆိုရင် စကစ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်နေရာမှာ အစားထိုးနိုင်ဖို့ စစ်သားကောင်း တွေ၊ ပြည်သူက အားကိုးရတဲ့ စစ်တပ်တစ်ခုဖြစ်ဖို့၊ စည်းကမ်းပြည့်ဝတဲ့တပ်တစ်ခုဖြစ်ဖို့၊ စစ်ပုံကျဖို့၊ တိုက်ရည်ခိုက်ရည်ကောင်းတဲ့ စစ်တပ်တစ်ခု ဖြစ်ဖို့ ကျွန်တော်တို့ ကြိုးစားတည်ဆောက်နေတာပေါ့။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်လို့ပဲ ပြောရမှာဖြစ်တယ်။
လက်တွေ့ကျကျ မြန်မာပြည်ရဲ့လိုအပ်ချက်ဆိုရင် အဲဒါကိုမြင်တယ်။ ဘယ်လို စစ်တပ်ပုံစံနဲ့ တိုင်းပြည် ရဲ့ Rules of order ကို လုပ်ကြမယ် စဉ်းစားတဲ့ အခါမှာ ပုံစံတကျဖြစ်ဖို့လိုတယ်။ စည်းကမ်းကောင်းဖို့ လိုတယ်။ ပြည်သူက အားကိုးအားထားတဲ့ စစ်တပ်တစ်ခု ဖြစ်ဖို့ လိုတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ ကြိုးစားတည်ဆောက်နေတာ ဖြစ်တယ်၊
မေး။ ။ AA နဲ့ အတူ တွဲတိုက်ရတာက ဘယ်လိုရှိမလဲ။
ဖြေ။။ အဓိက ကတော့ ကိုယ့်နေရပ်ဌာနေမှာ ပြန်ပြီးတော့ တိုက်ပွဲဝင်ကြဖို့ပေါ့။ စနစ်တကျ တပ်ပုံ လည်းကျ စည်းကမ်းကောင်းတဲ့ ဟာမျိုး တည်ဆောက်ပြီးတော့ ပြည်မထဲကို ပြန်တိုက်ပွဲဝင်မှာ ဖြစ်တဲ့အတွက် အခုလည်း လုပ်နေတာတွေ ရှိပါတယ်။ သတင်းတွေတော့ ကျွန်တော်တို့ ထုတ်သင့်တာ ထုတ်တယ်။ စစ်ရေးအရ မထုတ်တဲ့ဟာတွေလည်း မထုတ်သေးဘူးပေါ့။ ကျွန်တော်တို့ 1027 မှာ ပါဝင် နေတယ်ဆိုတာ ကြေညာထားတာ ရှိပါတယ်။ အဲဒီအခြေအနေကလည်း ကျွန်တော်တို့ အများကြီး သိပ်ပြောလို့မရတာလည်း ရှိပါတယ်။
မေး။ ။ တိုက်ပွဲအတွေ့အကြုံတွေ ဘယ်လိုရှိမလဲ။
ဖြေ။ ။ ခိုင်မာတဲ့မဟာမိတ်အဖွဲ့ ဒေသတွေမှာ (အတွေ့အကြုံ) ယူနေတာမျိုး ရှိတယ်။ 1027 အနေနဲ့ ယူနေတာမျိုး ရှိတယ်။ တစ်လေးလုံးမှာ ပါဝင်နေတာမျိုး ရှိတယ်။ လိုအပ်တဲ့ပြင်ဆင်မှုတွေ၊ စစ်သဘောတရားမှာ မတူညီတာတွေ ရှိတယ်။ အဲဒါကို ပြင်ဆင်တာက တစ်မျိုး။ ကြားထဲမှာ ပြောက်ကျားစစ်ပုံစံမျိုး တစ်ဖွဲ့ချင်းသီးသန့် နယ်မြေမှာ လှုပ်ရှားနေတာလေးတွေ ရှိတယ်။ အဲဒီတော့ ပုံစံနှစ်ခုနဲ့ လှုပ်ရှားနေတာ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်ကို ခုသာခံသာလည်းရှိရမယ်၊ ထိုးဖောက်နိုင်တာမျိုးလည်း ရှိရမယ်ဆိုတော့ ပြင်ဆင်နေပါတယ်။ ပြင်ဆင်ထားတာလည်း ရှိပါတယ်။
မေး ။ ။ ၁၀၂၇ စစ်ဆင်ရေး အတွေ့အကြုံလည်း သိချင်ပါတယ်။
ဖြေ။ ။ ၂၀၂၁ မှ အာဏာသိမ်းပြီးမှ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်တဲ့ လူငယ်တွေအတွက် ကတော့ တကယ့်ကို စစ်အတွေ့အကြုံယူရမဲ့နေရာကြီး ၊ သင်ကြားလေ့လာရမဲ့ နေရာကြီး ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းသိတယ်။ အဲဒါကို ကျွန်တော်တို့ လက်လွှတ်မခံဘူးပေါ့။ ဘယ်လို ပုံစံမျိုးနဲ့ပါဝင်မလဲ၊ ဘယ်လိုအတွေ့အကြုံ ရအောင်ယူမလဲဆိုတာ ကျွန်တော်တို့ သေသေချာချာ သင်ကြားနိုင်ခဲ့တယ်လို့ပဲ မှတ်ချက်ပြုချင်ပါတယ်။
မေး။ ။ PIA က တပ်ဖွဲ့ဝင်အသစ်တွေ ခေါ်ယူနေတဲ့အခြေအနေ ပြောပြပေးပါဦး။
ဖြေ ။ ။ အခြေအနေက ဟိုးအစပိုင်းကလို တော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်တဲ့ပုံစံမျိုးကတော့ ဖြည်းဖြည်းချင်း နည်းလာတယ်ပဲ ပြောရမယ်။ ဒါပေမဲ့ အခုထက်ထိတော့ ရွေးချယ်စရာမရှိတဲ့အချိန် မှာ စစ်တပ်က တွန်းပို့သလို ဖြစ်တယ်ပေါ့။ စစ်ကောင်စီရဲ့ လုပ်မှားကိုင်မှားတွေကြောင့် လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို မလုပ်လို့ မရဘူးဆိုတာကို သိကြတယ်ပေါ့။ ပုံစံ ၂ မျိုးရှိတယ်။ အွန်လိုင်း ကနေ အခြားအဖွဲ့ (တော်လှန်ရေးအဖွဲ့) တွေကလည်း ခေါ်ယူတာတွေ ရှိတယ်။ စစ်တပ်က ဖိနှိပ်နေသမျှ ကာလပတ်လုံးတော်လှန်ရေးဘက်ကို လူတွေက ဖြည်းဖြည်းချင်းပြောင်းလာမှာ ဖြစ်တဲ့အတွက် အရမ်းကြီး စိုးရိမ်စိတ်တော့ မရှိဘူး။ နည်းမှန်လမ်းမှန်နဲ့ တပ်ကို ဘယ်လောက်ထိန်းကျောင်းနိုင်မလဲကို ကျွန်တော်တို့ အာရုံစိုက်တယ်။ တော်လှန်ရေးတစ်ခုလုံးမှာ အောင်အောင်မြင်မြင်နဲ့ ဆက်သွားနိုင်ဖို့ပဲ ကျွန်တော်တို့အာရုံစိုက်ပါတယ်။ အဲဒါကြောင့် အဆင်ပြေတယ်လို့ပြောလို့ရပါတယ်။
မေး။ ။ NUG နဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုရှိလဲ။
ဖြေ ။ ။ ကျွန်တော်တို့ ပကဖတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေ ရှိတယ်။ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေ ရှိတယ်။ ကျွန်တော်တို့က NUG အပေါ်မှာ တော်လှန်ရေးအစိုးရတစ်ရပ် အနေနဲ့အသိအမှတ်ပြုတဲ့အဖွဲ့ ဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့နဲ့က ပြဿနာအများကြီး မရှိဘူး။ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကိုကလည်း စစ်အာဏာရှင်စနစ် ပြီးတာနဲ့ လက်နက် စနစ်တကျ ဖြုတ်သွားမဲ့အဖွဲ့ ဖြစ်တယ်။ ဒီကာလတစ်လျှောက် အခက်အခဲတွေရှိတယ်။ မြင်ပုံမြင်နည်းတွေ လူထုရဲ့ နားလည်ပုံတွေကလည်း အမြင်အမျိုးမျိုး ရှိကြတယ်။ စိုးရိမ်တာတွေလည်းရှိကြတယ်။
ကျွန်တော်တို့က တော်လှန်ရေးပြီးတာနဲ့ စနစ်တကျဖြုတ်သိမ်းသွားမဲ့အဖွဲ့ဖြစ်တယ်။ ဒါပေမဲ့ နိုင်ငံရေး ရပ်တည်ချက်ကိုတော့ အသိအမှတ်ပြုပေးဖို့ တောင်းဆိုချင်တာတော့ရှိတယ်။ တိုင်းပြည်မှာ ဆက်သွားမဲ့ပညာရေးနဲ့ကျန်းမာရေးစနစ်ကို ကောင်းမွန်သွားစေချင်တာမျိုးရှိတယ်။ အဲဒီအတွက် ပုံစံ တစ်မျိုးမျိုးနဲဲ့ ဆက်ရပ်တည်သွားမယ်ဆိုတာမျိုးလည်း ရှိတယ်။
မေး။ ။ PIA က ဒီဇင်ဘာလထဲ ၃ နှစ်ပြည့်မြောက်ပြီ။ အဲဒီအပေါ်မှာရော မှတ်ချက်ပေးပါဦး။
ဖြေ။ ။ တော်လှန်ရေးစကတည်းက ပုံစံအမျိုးမျိုးနဲ့ လုပ်ကြတယ်ပေါ့ ။ အာဏာသိမ်းပြီး လူထုက ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြကြတယ်။ နောက်တဆင့်အနေနဲ့ မြို့ပေါ်မှာ ဆန့်ကျင်ကြောင်း အမျိုးမျိုး လုပ်ကြတယ်။ အဲဒီကနေမှ လက်နက်ကိုင်ဖို့ ဖြစ်လာတာပေါ့။ ဖြစ်လာတော့လည်း ကျွန်တော်တို့ ရွေးချယ်တာက အဖွဲ့အစည်းတွေ အများကြီး မရှိတဲ့နေရာမှာ စရတာဆိုတော့ လူထုအနေနဲ့ ဒီလို နေရာမှာ ဒီလိုအဖွဲ့တွေ ရှိတယ်ဆိုတာကို မသိကြဘူး။ မသိကြတဲ့အတွက် အခုထက်ထိကို အခက်အခဲ တွေက ကျွန်တော်တို့ဆီကို လူထုရဲ့ ထောက်ပံ့မှု အင်မတန်မှ နည်းတယ်ပေါ့။ ကျွန်တော်တို့မှာ သိန်း ၁၀၀၊ ၂၀၀ အလွန်ဆုံးရဖို့ရာကို ကျွန်တော်တို့ ခြိုးခြံချွေတာပြီး ကြိုးစားရပ်တည်နေရတာပေါ့။ ကျွန်တော်တို့ပြောချင်တာက အဲဒီအပိုင်းမှာလည်း မျှော်လင့်တာက လူထုအနေနဲ့ ပိုပြီးတော့ ထောက်ပံ့ ကူညီပေးဖို့ကိုလည်း ကျွန်တော်တို့က မေတ္တာရပ်ခံချင်တယ်။ အဲဒီအတွက် ကျွန်တော်တို့က လူထု အကျိုးစီးပွားအတွက် ဘယ်တော့မှ မဖောက်ပြန်တဲ့အဖွဲ့အစည်းတစ်ခုအဖြစ် ဆက်လက် ရပ်တည်သွားမယ်ဆိုတာကိုတော့ ကတိကဝတ်ပြုတယ်ပေါ့။ ပြည်သူကို ဖောက်ပြန်သော အဖွဲ့အစည်း ၊ ပြည်သူ့အကျိုးစီးပွားကို ဖောက်ပြန်တဲ့အဖွဲ့အစည်း ဘယ်တော့မှ မဖြစ်စေရဘူးဆိုတာကို ကျွန်တော်တို့ ပါဝင်နေတဲ့လူငယ်တွေအားလုံးက ကတိကဝတ်ပြုတယ်ဆိုတာတော့ ကျွန်တော်တို့ ပြောပါရစေ။