အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မိုးညှင်းမြို့ စားသောက်ဆိုင်တွင် ရှမ်းနီတပ် ရှိနေစဉ် ပစ်ခတ်မှုဖြစ်၊ ၁၀ ဦး သေဆုံး

ရှမ်းနီတပ် SNA နှင့် စစ်ကောင်စီ လက်နက်ကိုင်တို့ ပူးပေါင်းလှုပ်ရှားနေသော မိုးညှင်းမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ပစ်ခတ်မှု ဖြစ်ပွားရာ သေဆုံးသူ ၁၀ ဦးရှိသည်ဟု သိရသည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ မြို့ရှောင်လမ်းပေါ်ရှိ စားသောက်ဆိုင်တွင် ရှမ်းနီအမျိုးသားများ ကာကွယ်ရေးတပ်(SNA)နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တို့ နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းတွင် ပစ်ခတ်မှုဖြစ်ပြီး  သေဆုံးသူ ၁၀ ဦးရှိသည်ဟု သိရသည်။

ထန်းတစ်ပင်ရွာရှိ ကြည်နူးရိပ် စားသောက်ဆိုင် ပစ်ခတ်မှုတွင် SNA တပ်ဖွဲ့ဝင် ၆ ဦး၊  လုပ်ငန်းရှင်အမျိုးသားတစ်ဦး၊ ဆိုင်မန်နေဂျာ၊ နယ်ထိန်းရဲ တစ်ဦး၊  KPDF တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသည်ဟု   ဒေသခံအမျိုးသားက ပြောသည်။

“ရှမ်းနီးတွေ၊ ရဲနဲ့ လုပ်ငန်းရှင်တွေနေတဲ့ KTV ကို ဝင်ပစ်တာ၊ ဝင်ပစ်တဲ့အခါမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ကြတာ။ ပစ်ကြတာမှာ အဲဒီ SNA နဲ့ ရဲတွေနဲ့ လုပ်ငန်းရှင်တွေ စုစုပေါင်းက ၉ ယောက် သေတယ်၊ KPDF ဘက်ကတော့ တစ်ယောက် ကျတယ်” ဟု ၎င်းက ပြောသည်။

SNA တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရပြီး မိုးညှင်းဆေးရုံတွင်တင်ထားရသည်၊ တစ်ဦး ခြေထောက်ဖြတ်လိုက်ရသည် ဟုလည်း သိရသည်။

တိုက်ခိုက်မှုအပြီး မိုးညှင်းမြို့ရှိ စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းတပ်များက မြို့အဝင်အထွက်ကို တင်းတင်းကျပ်ကျပ်စစ်ဆေးခဲ့သည်ဟု သိရသည်။

“မိုးညှင်းက SNA တွေရော၊ စစ်သားတွေရော အများကြီးပဲ၊ ရှုပ်ယှက်ခတ်နေတာ၊ ဖမ်းတာတွေရော၊ စစ်တာတွေရော SNA တွေနဲ့ စစ်သားတွေနဲ့ ပေါင်းလုပ်နေတာ” ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။

တိုက်ခိုက်ရေးတပ်ရင်းအချို့နှင့်  အမြောက်တပ် အခြေစိုက်ထားသည့် မိုးညှင်းမြို့သည်  ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၏ တောင်ဘက် မိုင် ၁၀၀ ခန့်အကွာတွင်ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသနှင့် ဖားကန့်မြို့နယ်ကြားရှိ စစ်ကောင်စီတပ်နှင့်SNA တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် KPDF ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့သည်။

KPDF သည်  KIA နှင့် ပူးပေါင်း၍ ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်များကို တိုက်ထုတ်နေသည်။

SNA သည် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တောင်ပိုင်းတို့တွင် စစ်ရေးလှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် တည်ထောင်ခဲ့သည့် အဖွဲ့ဖြစ်သည်။

စစ်တပ်အာဏာသိမ်းအပြီး အစောပိုင်းကာလများတွင် လက်နက်ကိုင်ခုခံလိုသူ လူငယ်များကို SNA က စစ်သင်တန်းများပို့ချပေးခဲ့သော်လည်း လအတန်ကြာပြီးနောက် စစ်ကောင်စီ၏ မဟာမိတ် ဖြစ်သွားသည်။စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ဥရုမြစ်ဘေး ကျေးရွာများတွင်  PDF နှင့် SNA တို့ နယ်မြေစိုးမိုးနိုင်ရန် အပြိုင်ကြိုးစားနေကြပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

Related Articles

Back to top button