သတင်း

မန္တလေးပစ်ခတ်မှုတွင် ဒဏ်ရာပြင်းထန်သူနောက်တစ်ဦး သေဆုံး

လူ နှစ်ဦး သေဆုံးခဲ့သည့် မန္တလေးကမ်းနားလမ်းဆန္ဒပြသူလူအုပ်အား ပစ်ခတ်ဖြိုခွင်းမှုဖြစ်စဉ်တွင် ဒဏ်ရာပြင်းထန်သူနောက်တစ်ဦး သေဆုံးခဲ့သည်။ 

သေဆုံးသူ အသက် ၂၆ နှစ်အရွယ် ကိုရာဇာအောင်သည် မန္တလေးမြို့၊ အရှေ့ပတ္တာရပ်ကွက်တွင် နေထိုင်ခဲ့သူ ဖြစ်သည်။ 

“ညနေ လေးနာရီက မိသားစုလေးယောက်ပဲ လာရမယ်ဆိုပြီး ကြာနီကန်မှာ သင်္ဂြိုဟ်လိုက်တယ်။ အလောင်းကို အဝေးကပဲကြည့်ရတယ်။ ကိုဗစ်ကြောင့်သေတယ်လို့ ပြောတယ်။ ကျွန်မတို့က အလောင်းထုတ်ယူမယ်ဆိုတော့ မပေးဘူး။ ကိုဗစ်ကြောင့် ချက်ချင်းသင်္ဂြိုဟ်ရမယ်ပြောတယ်” ဟု သေဆုံးသူ၏ ဇနီးမဖြူဖြူဝင်းက ပြောသည်။ 

ဆက်လက်ပြီး “ကျွန်မတို့ သွားတဲ့မိသားစုလေးယောက်ကိုလည်း နှာခေါင်းတွေ ထိုးခံရတယ်၊ စစ်ဆေးတာ။ (ကိုဗစ်နဲ့သေတာကို) မယုံကြည်ဘူး။ သူတို့ ရိုက်တာ၊ နှက်တာ ဒဏ်ရာတွေနဲ့သေတာ။ ဒူးခေါင်းအထက်က သေနတ်မှန်တဲ့ဒဏ်ရာ ရှိတယ်။ ကျွန်မယောက်ျားက ဖမ်းခံရတုန်းကလည်း ဘာကိုဗစ်မှ မရှိဘူး။ မကျေနပ်ဘူး။ မကျေနပ်ဘူးပဲ ပြောချင်တယ်”ဟု သေဆုံးသူ၏ အမျိုးသမီးက ပြောသည်။ 

ဒဏ်ရာများ

ကိုရာဇာအောင်သည် ခြေထောက် ကျည်ထိမှန်သောဒဏ်ရာကြောင့် စစ်ဆေးရုံသို့ ပို့ဆောင်ကုသထားစဉ် ယနေ့ နံနက် ၁၀ နာရီခန့်က ဆုံးပါးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေလူနာတစ်ဦး၏ ဇနီးဖြစ်သူက ပြောသည်။

“သေဆုံးတာ မှန်ပါတယ်ရှင့်၊ ကျွန်မပဲ မိသားစုကို ဆက်သွယ်ပေးလိုက်တာ၊ အလောင်းကို စစ်သားတွေ၊ ရဲတွေ ဝိုင်းစစ်နေကြတယ်။ ပတ်တီးစည်းထားတာတော့ မမြင်ရဘူး။ သူက ခြေထောက်သေနတ်မှန်

ပေမဲ့ ရိုက်ခံရတဲ့ဒဏ်ရာတွေရော ရှိတယ်”ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ထိုပြောဆိုချက်နှင့် ပတ်သက်ပြီး တပ်ဆေးရုံထံမှ အတည်ပြုချက် မရသေးပေ။

မန္တလေးကမ်းနားလမ်းဖြစ်စဉ်တွင် အခင်းဖြစ်နေ့က ဖမ်းဆီးခံရသူ ၈၃ ဦးအထိ ရှိပြီး ဒဏ်ရာပြင်းထန်သူများလည်း ပါဝင်ကာ သုံးဦးကို စစ်ဆေးရုံတွင် အရေးပေါ်တင်ပို့ထားခြင်း ဖြစ်သည်။

“သေတာကို မပြောဖို့ သူတို့ ကျွန်မကို ပိတ်တယ်။ စစ်သားတွေနဲ့ အမှတ် (၇) က ရဲတွေ စောင့်နေတာ”ဟု အဆိုပါ အမျိုးသမီးက ဆိုသည်။

လတ်တလောတွင် ၎င်း၏အမျိုးသားမှာလည်း လက်သေနတ်မှန်ပြီး လက်ပွင့်ဒဏ်ရာဖြင့် အရေးပေါ် ခွဲစိတ်ရန် လိုအပ်နေပြီး စစ်ဆေးရုံတွင် ဆေးမရှိဆိုကာ ဆေးဝယ်ခိုင်းနေသည်ဟု ၎င်းက ပြောသည်။ 

“ဆေးမရရင် ဖြတ်ပစ်ရမယ်လို့ ပြောတယ်။ အခု ပရဟိတဓါရီအသင်း အကူအညီနဲ့ ဆေးဝယ်နေပါတယ်၊ သူ (ခင်ပွန်း) ကတော့ စကားကောင်းကောင်း မပြောဘူး။ ကြောက်တယ်ပဲပြောနေတယ်”ဟု ခင်ပွန်းဖြစ်သူ၏ အခြေအနေကို ပြောသည်။

ဖမ်းဆီးအမှုဖွင့်ခြင်း

ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက သင်္ဘောများကို ထွက်ခွာရန် အမိန့်ပေးစဉ် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်သော သင်္ဘောကျင်းဝန်ထမ်းများက လက်မခံခဲ့ကြပေ။ ဒေသခံများ သင်္ဘောကျင်းသို့ စုရုံးရောက်ရှိစဉ် စစ်တပ်နှင့် ရဲက မျက်ရည်ယိုဗုံးများ၊ သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြသည်။ 

ယင်းဖြစ်စဉ်တွင် လူ နှစ်ဦး သေဆုံးကာ ဒဏ်ရာရသူ ၃၀ ဦးထက်မနည်း ရှိ၍ လူ ၈၀ ကျော် အဖမ်းခံရသည်။ 

ဆန္ဒပြနေသူများအား စစ်တပ်မှ ပစ်ခတ်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now) 

အဆိုပါ ဖမ်းဆီးခံရသူများထဲတွင် စိုးရိမ်ဒဏ်ရာရရှိသူများ ပါဝင်နေပြီး ၎င်းတို့၏အခြေအနေက မိသားစုက သိခွင့်မရဟု အမှုလိုက်ပါကူညီဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးဝင်းဇော်ဦးက ပြောသည်။

“အဲဒီနေ့က ခေါင်းကွဲတဲ့သူတွေ၊ ပစ်ခံရသူတွေကို ဆရာဝန်တွေ၊ ပရဟိတသမားတွေက ချုပ်ဖို့၊ ဆေးကုဖို့ တောင်းဆိုကြတာ။ အတင်းကားပေါ်ပစ်တင်သွားတာ။ တစ်ယောက်ဆို လက်ကြီးပွင့်ထွက်သွားတာတောင် ဆေးကုခွင့် မပေးဘူး”ဟု ၎င်းက ပြောသည်။

အဆိုပါနေ့က ဖမ်းဆီးခံရသူ ၈၃ ဦးအနက် ၇၀ ဦးကို တပ်မတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) အပါအဝင်၊ ပုဒ်မ ၁၄၃ (ဥပဒေနှင့်မညီသော အစုအဝေးတွင်ပါဝင်မှု)၊ ပုဒ်မ ၁၄၈ (သေစေလောက်သောလက်နက်ကို စွဲကိုင်၍ ရုန်းရင်းဆန်ခတ်ပြုမှု) ၊ ပုဒ်မ ၁၅၂ တို့ဖြင့် တရားစွဲဆိုရမန်ယူထားသည်။

“ပုဒ်မ လေးခုနဲ့ ရမန်ယူသွားတယ်လို့ပဲ နောက်နေ့မှ တရားရုံးက သိခဲ့ရတယ်။ နောက်လ (မတ်) ၅ ရက်နေ့ တရားစွဲတင်မှာ ”ဟု ရှေ့နေက ဆက်ပြောသည်။

အခင်းဖြစ်ပွားသည့်နေ့က ဖြစ်စဉ်တွင် ကယ်ဆယ်ရေးဆောင်ရွက်နေသည့် အသင်းတစ်ခုမှ တာဝန်ရှိသူက “အဲဒီနေ့က ဒဏ်ရာရလူနာတွေကို (စစ်တပ်နဲ့ ရဲက) ကောက်တင်သွားတယ်။ (ဒဏ်ရာ) ပြင်းထန်သူ သုံးဦးကိုတော့ စစ်ဆေးရုံကို ပို့တယ်” ဟု ၎င်းက ပြောသည်။

“အဲဒီနေ့က ပစ်ပစ်ကယ်ကယ်ပဲ။ အသင်းကားတွေလည်း အပစ်ခံရတယ်။ ကျွန်တော်တို့လည်း ကျည်ဆန်တွေကြားက ထိတ်ထိတ်လန့်လန့်နဲ့ ကယ်ရတယ်”ဟု ၎င်းက ဆက်ပြောသည်။

လမ်းပေါ်ထွက် ကန့်ကွက်ဆန့်ကျင်သူတို့၏ ရန်ပြုမှုကြောင့် ရဲတပ်ဖွဲ့က ပစ်ခတ်ရခြင်းဖြစ်သည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မကြာသေးမီက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။

ပစ်ခတ်မှုဖြစ်သောနေ့က သေဆုံးသွားသော မန္တလေး စိန်ပန်းရပ်ကွက်မှ  ၃၆ နှစ်အရွယ် ကိုသက်နိုင်ဝင်း (ခ) ကိုမင်းမင်းနှင့် ၁၆ နှစ်သား မောင်ဝေယံထွန်းတို့၏ နာရေးကို ယနေ့ မန္တလေးမြို့နှင့် မြစ်သားမြို့တို့တွင် ပြုလုပ်ခဲ့သည်။ 

ယင်းနေ့က ထိခိုက်ဒဏ်ရာရသူများအနက်  ၅ ဦးမှာ ပြင်းထန်သဖြင့် ၎င်းတို့ကို မန္တလေးပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနနှင့် ခွဲစိတ်ခန်းတို့တွင် မြို့ခံ ခွဲစိတ်ဆရာဝန်များ၊ အရိုးဆရာဝန်များက အရေးပေါ် ခွဲစိတ်ကုသခဲ့ရသည်။ 

Show More

Related Articles

Back to top button