သတင်း

ကန့်ဘလူတွင် ဒရုန်းတိုက်ခိုက်မှုကြောင့် မိခင်နှင့် သမီးနှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့ရှိ ရွာများကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် နှစ်လဆက်တိုက် ဗုံးကြဲနေရာ ၁၀ နှစ်အောက် မိန်းကလေးများထိမှန် သေဆုံးပြီး အများအပြား ဒဏ်ရာရနေကြသည်။

အောက်တိုဘာလ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်၏  တိုက်ခိုက်မှုကြောင့် အင်းလယ်ကြီးရွာမှ ကလေးနှစ်ဦးနှင့် ယင်းတို့၏ မိခင် သေဆုံးသွားပြီး အများအပြား ဒဏ်ရာရသည်ဟု သိရသည်။

သေဆုံးသူတို့မှာ မသိမ့်သိမ့်ဖြူ( ၄ )နှစ်၊ မငြိမ်းအိစံ(၁၀)နှစ်၊  မဖြူဝင်း (၃၀)နှစ်တို့ ဖြစ်သည်၊ မြို့အရှေ့တောင်ဘက် ၃ မိုင်အကွာရှိ ငါတို့ရွာတွင် အခြေစိုက်ထားသည့် ပြည်သူ့စစ်များနှင့် စစ်ကောင်စီတပ်သားများက အနီးရှိ ကျေးရွာများကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ကန့်ဘလူမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

“ရွာဘက်ကနေ ရသလောက်ရှေ့ကို ပွိုင့်တိုးပြီးတော့ သူတို့ ဒရုန်းမီတဲ့နေရာကနေ ချတဲ့ပုံစံမျိုးဗျ။ ငါတို့ ထိပ်မှာ ရေပိုလွှဲနေရာရှိတယ်။ အဲဒီလောက်ကနေလာချတာ” ဟု သူက ဆိုသည်။

ငါတို့ရွာ အရှေ့တောင်ဘက်ငါးမိုင်ကျော်အကွာ စိုးမိုးထားသော အင်းလယ်ကြီးရွာသို့ ဒရုန်း နှစ်စင်း၊ ဗုံးသီးခြောက် လုံး အသုံးပြုခဲ့သည်ဟု သိရသည်။ 

တိုက်ပွဲ ဖြစ်ပွားမှုမရှိသည့် အချိန်တွင် အရပ်သားများ ရှိနေသည့် အင်းလယ်ကြီးရွာ ပစ်မှတ်ထား တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု   ကန့်ဘလူမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်က Myanmar Now ကိုပြောသည်။

တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသွားသူ ကိုးဦးအနက်  အမျိုးသားတစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း ကန့်ဘလူမြို့နယ်အတွင်းရှိ တိုက်ပွဲအခြေအနေများကို ဖော်ပြပေးနေသော ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ၏ Facebook စာမျက်နှာတွင် ရေးထားသည်။

နွားခြောက်ကောင်နှင့် နေအိမ်နှစ်လုံးလည်း ပျက်စီးသွားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုသည်။

ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်တပ် သတင်းထုတ်ပြန်ရေး ဝက်ဆိုက်တွင်လည်း ဖော်ပြထားခြင်း မတွေ့ရသေးပေ။ 

 ၅ နှစ်သမီး သေဆုံးမှု

စစ်ကောင်စီတပ်သည်   ဒလက် ၄ ခု ပါသည့် Multi copter ဒရုန်းများ၌ ၆၀ မမ ဗုံးသီးတပ်ကာ တိုက်ခိုက်လာနေကြောင်း ကန့်ဘလူမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

“ပြည်သူတွေနေတဲ့ ရွာတွေကို ဒရုန်းနဲ့တိုက်ခိုက်တာ အရင်က မရှိခဲ့ဘူး။ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေ အခြေချတဲ့နေရာကိုပဲ တိုက်ခိုက်တာများတယ်” ဟု သူက ဆိုသည်။

“အခုနောက်ပိုင်း ပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေရှိတယ်။ ပြည်သူတွေအနေနဲ့တော့ စစ်ကောင်စီ အထိုင်နဲ့ နီးတဲ့ရွာတွေဆိုရင် တောတိုက်တွေထဲမှာပဲ ရွှေ့ပြောင်းပြီးနေရတော့တာပဲ”

စက်တင်ဘာလ ၂၇ ရက်ကလည်း ကန့်ဘလူအရှေ့ဘက် ၁၃ မိုင်အကွာ စံပါယ်နံ့သာရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည်  ရွာနှစ်ရွာကို အလားတူ တိုက်ခိုက်ခဲ့သည်။ 

ရေရှင်ကြီးရွာအား ဒရုန်း ဖြင့် ဗုံးသီးသုံးလုံးချပြီး တိုက်ခိုက်စဉ်   ဦးခင်ဆွေအမည်ရှိ ခရီးသွား  တစ်ဦး သေဆုံး၊  ရေရှင်ကြီးရွာမှ အမျိုးသမီးသုံးဦး၊ အမျိုးသားလေးဦး ဒဏ်ရာရသွားသည်ဟု သိရသည်။

အောင်တိုင်းလယ်ကျေးရွာတွင်မူ အသက် ၅၀ ကျော်အရွယ် ဒေါ်ရွှေ ထိမှန်သေဆုံးခဲ့သည်။

စက်တင်ဘာလ ၂၈ ရက်တွင်  စံပါယ်နံ့သာရွာ စစ်ကောင်စီအထိုင်စခန်းနှင့် လေးမိုင်ခန့်သာဝေးသည့် မှန်နီပင်ရွာကို ဗုံးသီးနှစ်လုံးချခဲ့သည်ဟု ဆိုသည်။ 

ထိုတိုက်ခိုက်မှုတွင်  ၅ နှစ်အရွယ် မဖူးဝေ၊ ၃၅ နှစ်အရွယ် မအိအိခိုင်၊ ၂၅ နှစ်အရွယ် မအိအိနိုင်၊ အသက် ၅၀ အရွယ် ဒေါ်လှော်တို့ သေဆုံးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဖော်ပြထားသည်။

Related Articles

Back to top button