သတင်း

မတ္တရာမြို့နယ်အရှေ့ခြမ်းတွင် စစ်တပ်နှင့် MDY-PDF တို့ တိုက်ပွဲဆက်နေ

မတ္တရာနှင့်မန္တလေးမြို့အကြား မြို့နယ်အရှေ့ပိုင်းကျေးရွာများတွင် တိုက်ပွဲများဆက်ဖြစ်နေပြီး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး အကူအညီရယူနေပြီး မန္တလေးမြို့အနီး ထီးတော်မိုးရွာရှိ အခြေစိုက်စစ်တပ်ကလည်း နေ့စဉ်ပစ်ကူနေသည်ဟု သိရသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့အနီးဝန်းကျင်တွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး (MDY-PDF) တို့ တိုက်ပွဲများ ဖြစ်နေပြီး စစ်ကောင်စီဘက်မှ လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ် နေသည်ဟု ဒေသခံများက ပြောကြသည်။ 

အောက်တိုဘာ ၈ ရက် ၊ ညနေ ၆ နာရီခန့်က မြို့နယ်အရှေ့ပိုင်း ဝသုန္ဒရကျေးရွာ၏မြောက်ဘက်၊ Alpha ဘိလပ်မြေ စက်ရုံသို့ သွားရာ လမ်းဆုံတွင် နာရီဝက်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညပိုင်းတွင် ထိုအနီးနားရှိ ကျောက်တံတား၊ သမင်တွင်း၊ ကံဖြူ စသည့်ကျေးရွာများတွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ ကြောင်း ဒေသခံအမျိုးသားတစ်ဦး က ပြောသည်။

“ မှောင်မှောင်ချင်းပဲ။ ထုကြပစ်ကြနဲ့။ တိုက်ပွဲကတော့ဖြစ်နေကြတာ။ ဘယ်လိုအခြေအနေလဲကတော့ ကိုယ်လည်း မမြင်ရတော့မသိရဘူး။ လက်နက်ကြီးရော လက်နက်ငယ်အသံတွေကတော့ အကျယ်ကြီး ကြားနေရတာ”ဟု ဒေသခံ အသက် ၆၀ အရွယ် ယင်းအမျိုးသားကပြောသည်။

မန္တလေးမြို့မြောက်ဘက် ၁၂ မိုင်ခန့်အကွာ ထီးတော်မိုးရွာအခြေစိုက် စစ်တပ် (အရပ်အခေါ် ထီးတော်မိုး စစ်တပ်) မှ မြောက်ဘက် မတ္တရာနယ် ထဲသို့ လက်နက်ကြီးများ နေ့စဉ် ပစ်ခတ်နေပြီး လူသေဆုံးမှုများ ရှိသည်ဟု ဆိုသည်။ 

“ထီးတော်မိုးစစ်တပ်က အမြဲတမ်းထုထုနေတာ။ လူမှန် သေတာတွေရှိတယ်…အရပ်သားတွေ ။ တချို့ (လက်နက်ကြီး) လည်း ဘေးကျတာတို့ရှိတယ်။ သွားလို့လာလို့မရတော့ ဘာမှ အသေးစိတ်မသိရတဲ့ အခြေအနေ ဖြစ်နေတယ် ”ဟု ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၉) ည ၇ နာရီခန့်ကလည်း အဆိုပါတပ်မှ ပစ်ခတ်သော လက်နက်ကြီးများ မန္တလေးမြောက်ဘက် ၁၈ မိုင်ခန့်အကွာတွင်ရှိသော ထန်းပင်ကုန်းရွာဖက် ပေါက်ကွဲသည်ဟု ယူဆရပြီး  ကျယ်လောင်သောအသံများ ကြားခဲ့ရကြောင်း ၎င်းက ပြောပြသည်။

ထိုရွာသည် မတ္တရာမြို့မှ ခုနှစ်မိုင်ကျော်အကွာ မန္တလေး-မြစ်ကြီးနားကားလမ်းဘေးတွင် တည်ရှိပြီး စစ်တပ် က ပြန်လည်နေရာယူထားကြောင်း စက်တင်ဘာ ၂၉ ရက်က စစ်တပ်ထောက်ခံသော တယ်လီဂရမ်များ တွင် ဖော်ပြထားသော ကျေးရွာဖြစ်သည်။

ထန်းပင်ကုန်းရွာတွင် နေရာယူထားသော စစ်ကောင်စီတပ်သားများ။

MDY-PDF အဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူ ကိုအော်စမွန်က မတ္တရာတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ ကြောင်း ယမန်နေ့က အတည်ပြုခဲ့ပြီး  အသေးစိတ်အခြေအနေကို ဖြေကြားရန် ငြင်းဆန်သည်။

မတ္တရာမြို့နယ် ကျောက်တံတား၊သမင်တွင်း၊ကံဖြူတို့တွင် အောက်တိုဘာ ၈ ရက်က တိုက်ပွဲပြင်းထန်နေ သည့် အခြေအနေတို့အား စစ်တပ် လော်ဘီစာမျက်နှာများက ဗီဒီယိုများနှင့်တကွ ဖော်ပြထားကြသည်။

လတ်တလောတွင် မတ္တရာမြို့အရှေ့တောင်ဘက် သုံးမိုင်ကျော်အကွာရှိ ဆီဒိုင်းကန်ရွာနှင့် သမင်တွင်းရွာကို MDY- PDF က သိမ်းလိုက်သည်ဟု သတင်းကြားရကြောင်း ပုသိမ်ကြီးမြို့နယ် ဒေသခံတစ်ဦးက ဆိုသည်။ 

“အဲ့ရွာတွေက ပျူရွာတွေ။ သိမ်းတယ်လို့တော့ပြောတယ်။ တစ်နေ့က ဆီဒိုင်းကန်ကို လေယာဉ်နဲ့ အတင်း ပစ်တယ်။ ဗုံးချတယ်။ လေယာဉ်နှစ်စီးနဲ့လည်းပစ်တယ်ဆိုတော့ အခြေအနေကို ထပ်မသိရသေးဘူး”ဟု ပြောသည်။

အထက်ပါ မတ္တရာဒေသခံ သက်ကြီးပိုင်းအမျိုးသားက “ ဆီဒိုင်းကန်ရွာကတော့ MDY PDFသိမ်းပြီးတော့ လေယာဉ် ဗုံးကြဲတာ တစ်ရွာလုံးပြာကျသွားတယ် ကြားတယ် ။ အဲဒါက ပျူရွာဆိုတော့ သိမ်းပြီးတာနဲ့ တပ်ဖွဲ့ဝင်တွေလည်း မရှိနိုင်ဘူး”  ဟု ဆိုသည်။ 

ဧရာဝတီမြစ်အရှေ့ဘက်ကမ်း၊ မတ္တရာနယ်၏ မြောက်ဘက်တွင် PDF များ သိမ်းထားသည့် စဉ့်ကူး၊ သပိတ်ကျင်းမြို့တို့ ရှိပြီး တောင်ဘက်တွင် မန္တလေးမြို့နှင့်ထိစပ်နေကာ အရှေ့ခြမ်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ အနောက်ခြမ်းတွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ်တို့နှင့်ထိစပ်နေသည်။

နန်းတွင်းရှိ စစ်တပ်ဌာနချုပ်ကို သိမ်းမည်ဟု ကြွေးကြော်ထားသော MDY-PDF ကလည်း မန္တလေးမြို့ မြောက်ဘက် မတ္တရာနယ်ဘက်မှ ထိုး ဖောက်ဝင်ရောက်နေရာ စစ်ရေးအခြေအနေများ ပြင်းထန်နေသည်။ 

အောက်တိုဘာ ၇ ရက် ၊ ည ၉ နာရီက မတ္တရာအရှေ့ခြမ်း ကြပ်ပြင်ကျေးရွာကို လေယာဉ်တစ်စီးဖြင့် လာရောက် ဗုံးကြဲ ခဲ့ပြီး ၊လူသေဆုံးမှု မရှိခဲ့ဟု မတ္တရာဒေသခံ သက်ကြီးပိုင်းအမျိုးသားက ဆိုသည်။

“အဘတို့ရွာကို ညကို ဂျက်ဖိုက်တာနဲ့ ၁၁ ခေါက်လောက် ပတ်တယ်။ ဝိုက်တယ်။ ပြီးတော့ ကင်းရွာဖက်ကို ဝိုက်နေ တယ်။ နောက် ထိုးဆင်းပြီး ကြပ်ပြင်ရွာကို ဗုံးချသွားတယ်” ဟု ပြောသည်။ 

ကျေးရွာ၌ ကလေး ရက် ၁၀၀ ပြည့် မွေးနေ့ပွဲပြုလုပ်နေခြင်းဖြစ်ပြီး ဗုံးကျသောနေရာလွဲသွား၍သာ အသေဆုံး ထိခိုက်မှုမရှိခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ 

“ကလေး ရက် ၁၀၀ ပြည့်မွေးနေ့လုပ်တဲ့ပွဲကို ဗုံးလာချတာ… (ပစ်မှတ်) မှားပြီးတော့။ ဒါပေမယ့် ကလေး မွေးနေ့လုပ်တဲ့နေရာနဲ့ ချတဲ့နေရာ သီသီလေးလွဲသွားလို့ ကံကောင်းသွားတာ။ အသေအဆုံးတော့ မရှိဘူး။ အဆောက်အဦ ထိခိုက်တာတွေတော့ ရှိတာပေါ့လေ”

ဧရာဝတီမြစ် အရှေ့ဘက်ကမ်း အဆိုပါရွာသည် မကြာသေးခင်က စစ်ကောင်စီက ကြည်းတပ်၊ လေတပ်၊ လက်နက်ကြီးပစ်ကူဖြင့် စီးနင်းခဲ့သော သုံးဆယ်ပေးကျေးရွာ နှင့်ကပ်လျက်ဖြစ်သည်။ 

မန္တလေးမြို့နှင့် ငါးမိုင်ခန့်အကွာတွင် ရှိသော မတ္တရာအနောက်ပိုင်း အဆိုပါမြစ်ကမ်းဘေး ကျေးရွာများ စီးနင်းခံရပြီး အနည်းဆုံး ဒေသခံ ခြောက်ဦး သေဆုံးသလို တော်လှန်ရေးအဖွဲ့အချို့လည်း စခန်းဆုတ်ခဲ့ရသည်။

တိုက်ခိုက်မှုဖြစ်ပွားရာ ကျေးရွာများပြမြေပုံ။ 

မန္တလေးအရှေ့ဘက် ဝင်ပေါက် (သို့မဟုတ်) ပုသိမ်ကြီးမြို့နယ် 

မန္တလေးမြို့အရှေ့ဘက် ပုသိမ်ကြီးမြို့နယ်တွင်လည်း လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေပြီး ထိုဒေသရှိ MDY-PDF သိမ်းထားသည့် ဖယောင်းတောင်ရွှေတွင်းကိုလည်း လေယာဉ်ဖြင့် မကြာခဏ တိုက်ခိုက်လေ့ရှိကြောင်း သိရသည်။

အောင်သပြေကျေးရွာအနီးရှိ Alphaဘိလပ်မြေစက်ရုံနှင့် ဖယောင်းတောင်ရွှေတွင်းတို့ကို စက်တင်ဘာ လကုန်တွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ဒေသခံအမျိုးသားက ပြောသည်။

“Alpha စက်ရုံကို ခုနောက်ပိုင်း သူတို့(စစ်ကောင်စီ) သိပ်မထိတော့ဘူး။ ဖယောင်းတောင်မှာတော့ ပြီးခဲ့တဲ့ လကုန်က လေကြောင်းအပြင်းအထန်တိုက်တာတွေရှိတယ်။ နှစ်ခုစလုံးကတော့ PDFလက်ထဲမှာပဲ သိမ်းထားဆဲပဲ။ နောက် ပန်းသလဲတောင်ကိုလည်းပဲ ဖယောင်းတောင်သိမ်းအပြီး ရက်ပိုင်းမှာပဲ PDF ထပ်သိမ်းထားတာလို့ ကြားတယ်။ အားလုံး PDFလက်ထဲမှာပဲ”

အဆိုပါနေရာများမှ  ကျေးရွာဒေသခံများသည်  စစ်ဘေးရှောင်ထွက်ပြေးနေရဆဲဖြစ်ပြီး လေကြောင်းရန် ကြောင့် နေရပ်သို့ပြန်နေထိုင်၍ မရသေးဘဲ လုံလောက်သောကူညီမှုမရကြောင်း ဆိုသည်။

“ရွာတွေအချို့လည်း ထွက်လို့မရတဲ့အတွက် တိုက်ပွဲကြားပိတ်မိနေတယ်။ စားရေးသောက်ရေးတွေလည်း ခက်ခဲ တယ်။ လုပ်ငန်းလုပ်လို့မရ၊သွားလို့လာလို့မရနဲ့။ စစ်ရှောင်ကူညီမှုတွေကလည်း ဒီဘက်ကို မရောက်ဘူး”

“တချို့လည်း စစ်ရှောင်တွေ ဒီမှာစားရေးသောက်တာအဆင်မပြေကြတော့ မြကန်သာတို့၊ သရက်ကိုင်း (ရွာ) တို့ဖက် ပြန်ကုန်ကြတယ်”

မကြာသေးမီလများက မြကန်သာ၊ သရက်ကိုင်း၊ တောင်ကန်၊ မြောင်းသစ်၊ ကင်းရွာစသည့်ရွာများမှ စစ်ဘေးရှောင်အများအပြား မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်အကြား ကျေးရွာများသို့ သွားရောက် ခိုလှုံခဲ့ကြပြီး တိုက်ပွဲ အခြေအနေနှင့် စားနပ်ရိက္ခာအဆင်မပြေမှုများကြောင့် တချို့ပြောင်းရွှေ့သွားသည် ဟု သိရသည်။

ယခုနှစ် ဇွန်၂၅ ရက်မှစတင်ကာ MDY-PDFနှင့်မဟာမိတ်တပ်များက ထိုဒေသတွင်း ထိုးစစ်ဆင်နေခြင်း ဖြစ်ပြီး မတ္တရာ မြို့နယ်မှ စခန်း၃၂ခု၊ ပုသိမ်ကြီးမြို့နယ်မှ Alphaဘိလပ်မြေစက်ရုံရှိ ကင်းစခန်း ၊ စစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီး ချုပ်ဟောင်းဦးမောင်ကို ပိုင်ဆိုင်သည့်ရွှေတွင်းတို့ အပါအဝင် စခန်း သုံးခု ရရှိထားပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။

ကျောက်တံတားရွာမှ စစ်ရှောင်များအပါအဝင် ဒေသခံများ တိမ်းရှောင်ခိုလှုံရာနေရာတစ်ခုကို စက်တင်ဘာလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ- မိုးဦး/Myanmar Now)

Show More

Related Articles

Back to top button