သတင်း

မွန်ပြည်သစ်ပါတီထံမှ တပ်ရင်းတစ်ရင်းထပ်မံခွဲထွက်

အာဏာသိမ်းစစ်ကောင်စီနှင့် ပတ်သက်ပြီး သဘောထားကွဲခဲ့ကြပြီးနောက် ခွဲထွက်သည့် တပ်ရင်း ၂ ရင်း ရှိလာရာ မွန်ပြည်သစ်ပါတီသည် တပ်ရင်း ၅ ရင်းနှင့် ဆက်လက် ရပ်တည်နေသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့အနီး လှုပ်ရှားနေသည့် မွန်ပြည်သစ်ပါတီ (NMSP) ၏ အမှတ် (၅) တပ်ရင်းသည် အောက်တိုဘာလ ၆ ရက်တွင် ခွဲထွက်သွားသည်ဟု သိရသည်။ 

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD ပြောခွင့်ရ နိုင်ဗညားမွန်က အဆိုပါတပ်ရင်း ၎င်းတို့နှင့် လာရောက်ပူးပေါင်းခဲ့ကြောင်း အတည်ပြုသည်။

၁၉၅၈ ကတည်းကတည်ထောင်ခဲ့သည့် သက်တမ်းရင့်မွန်တော်လှန်ရေးတပ်ဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) တပ်ဖွဲ့ဝင်များအကြား အာဏာသိမ်းစစ်ကောင်စီနှင့် ပတ်သက်ပြီး အဖွဲ့အတွင်း အငြင်းပွားခဲ့ကြပြီးနောက် အဖွဲ့ကွဲများပေါ်လာခဲ့ခြင်းဖြစ်သည်။

ဥက္ကဋ္ဌ နိုင်ဟံသာအပါအဝင် မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်အချို့က  စစ်ကောင်စီနှင့်ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည့်အတွက် အင်အား ၂၀၀ ခန့်ရှိသည့်  မော်လမြိုင်ခရိုင် အမှတ် (၁) တပ်ရင်းသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ တွင် စတင် ခွဲထွက်ခဲ့သည်။

အဖွဲ့သစ်ကို ‘မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD’ ဟုအမည်ပေးခဲ့ပြီး ဒုစစ်ဦးစီးချုပ်၊ အထွေထွေအတွင်းရေးမှူးနှင့် ပါတီထိပ်ပိုင်းခေါင်းဆောင်တချို့က ဦးဆောင်နေသည်၊ တပ်ဖွဲ့သစ်သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့်မဟာမိတ်ဖွဲ့ရန် သဘောတူထားသည်။

မွန်ပြည်သစ်ပါတီခွဲထွက်အဖွဲ့ NUG နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

အမှတ် (၁) တပ်ရင်းနှင့် ဗဟိုကော်မတီဝင်များခွဲထွက်သွားပြီး ၇ လကျော်အကြာတွင် အမှတ် (၅) တပ်ရင်းသည်လည်း NMSP-AD နှင့် ပူးပေါင်းလာခြင်းဖြစ်သည်။ 

အမှတ် (၅) တပ်ရင်းတွင် အင်အား ၁၆၀ ခန့်ရှိနိုင်ကြောင်း ဒေသတွင်းစစ်ရေးအကဲခတ်များက ခန့်မှန်းထားရာ တပ်ဖွဲ့သစ် NMSP-AD သည် အင်အား ၃၆၀ ခန့်ရှိလာကြောင်း နားလည်ရသည်။

ဘက်ပြောင်းသွားသည့် တပ်ရင်းအမှတ်(၅)ကို ဒုတိယဗိုလ်မှူးကြီး နိုင်ဗွတ်မွန် ဦးဆောင်သည်။

တိုင်းရင်းသားအရေးလေ့လာသည့် မွန်လူမျိုးသုတေသီ တစ်ဦးက အမှတ် (၅) တပ်ရင်း လှုပ်ရှားနယ်မြေသည် အရေးပါသည့်  နယ်မြေ ဖြစ်သည်ဟု မှတ်ချက်ပုသည်။

“သူတို့တပ်ကိုပဲ AD ရှိတဲ့ဆီကို သွားပူးပေါင်းသလား။ ဒါမှမဟုတ်လည်း သူတို့လှုပ်ရှားတဲ့ နယ်မြေတစ်ခုလုံးကို ယူလိုက်ပြီးတော့ ပူးပေါင်းတာလား။ အကယ်၍ အဲဒီနယ်မြေကိုလည်း ယူလိုက်ပြီး AD နဲ့ပေါင်းတာဆိုရင် မွန်ပြည်သစ်ပါတီ ဗဟို အတွက်တော့ စဉ်းစားစရာပဲ။ ဘာဖြစ်လို့လဲဆိုတော့ (တပ်ရင်း ၅ရှိတဲ့ဒေသ) အဲဒါက မွန်ပြည်သစ်ပါတီဗဟိုရဲ့နယ်မြေဖြစ်နေလို့ပါ” ဟု ၎င်းက ဆိုသည်။

ခွဲထွက်အဖွဲ့တွင် အင်အားတိုးပွားလာပြီး အဖွဲ့ အတွက်လည်း စိတ်အားတက်စရာ ဖြစ်လာနိုင်ကြောင်း တိုင်းရင်းသားအရေးလေ့လာသည့် မွန်လူမျိုးသုတေသီ တစ်ဦးက မှတ်ချက်ပေးသည်။

မွန်ပြည်သစ်ပါတွင် တပ်ရင်း ၅ ရင်း ကျန်ရှိနေဆဲဖြစ်ရာ အင်အားအကြီးဆုံး မွန်လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ဆက်လက်ရပ်တည်နေသည်။

မွန်တွေ ခင်းတဲ့ စစ်တလင်းကပဲ မွန်တွေအတွက် ခံသာလေမလား

တအာင်းတပ် TNLA အပါအဝင် တော်လှန်ရေးတပ်များက စစ်ကောင်စီကိုမယုံကြည်ရန် သတိပေးထားသော်လည်း မွန်ပြည်သစ်ပါတီသည်  တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA လမ်းကြောင်းကို  ဆက်လက် ကိုင်စွဲထားပြီး နေပြည်တော်၏ဖိတ်ခေါ်မှုများကို လက်ခံဆွေးနွေးနေသည်။

မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက   ခွဲထွက်သွားသူများကို ပြန်လည်ပေါင်းစည်းရန် စည်းရုံးနေသည်ဟု မတ်လ ၂၉ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သတင်းထောက်များကို ပြောဖူးသည်။

Related Articles

Back to top button