
အနောက်ပိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့နယ်ရှိ မဲတောင်စခန်းကုန်း ထိုးစစ်တွင် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများနှင့် ရင်ဆိုင်ရလင့်ကစား အာရက္ခတပ်တော် (AA) က ထိုစခန်းကို ယနေ့ (အောက်တိုဘာ ၇) တွင် သိမ်းပိုက်လိုက်ပြီဟု သိရသည်။
အမ်းမြို့နှင့် ၆ မိုင်ကျော်အကွာရှိ ထိုစခန်းကို စက်တင်ဘာ ၂၆ ရက်နေ့ကတည်းက ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
ယမန်နေ့က တစ်နေ့လုံး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု အများအပြား ရှိခဲ့ကြောင်း၊ ယနေ့နံနက် ၇ နာရီအချိန်မှစ၍ ပစ်ခတ်သံများမကြားရတော့ကြောင်း အမ်းမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
“မဲတောင်ကို ရသွားပြီဆိုတော့ အခက်အခဲမရှိတော့ဘူး။ အမ်းကို အချိန်မရွေး ဝင်လို့ရပြီ။ တောဟိန်းတောင်ဗျူဟာကုန်းကို မသိမ်းခင်ကပင် (စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့) မဲတောင်မှာ စခန်းလုပ်တာ” ဟု အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
AA တပ် အမ်းကို တိုက်ရိုက်ချည်းကပ်နိုင်ခြင်း မရှိစေရန် စစ်ကောင်စီက မဲတောင်တွင် ခံစစ်ဆင်ခြင်း ဖြစ်နိုင်သည်ဟု သူက ဆိုသည်။
ရှေ့တန်းတပ်မ အထိုင်ဗျူဟာစခန်းကြီးဖြစ်သည့် “တောဟိန်းတောင် ဗျူဟာ” ကို ဇွန် ၂၃ ရက် နံနက် ၁၀ နာရီတွင် AA က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး ထိုဗျူဟာစခန်းကို ရက်ပေါင်း ၇၀ ကျော် (၂ လကျော်ကြာ) ထိုးစစ်ဆင်ခဲ့ရသည်။
“တကယ်တမ်း တောဟိန်းတောင်မှာအခြေအနေမကောင်းရင် မဲတောင်ကိုလာလို့ရအောင်ပေါ့။ တောဟိန်းတောင်မှာ အခြေအနေကောင်းရင် မဲတောင်ကလူတွေ လာလို့ရအောင်ပေါ့။ တောဟိန်းတောင်ဗျူဟာကို AA က တိုက်တဲ့အချိန်မှာမှ မဲတောင်မှာကင်းစခန်းတွေ ပေါ်လာတာ။ AA ကလည်း တောဟိန်းတောင်နဲ့မဲတောင်ကြားမှာ ထရံလို ကာပစ်တော့ ဘာမှလုပ်လို့မရခဲ့” ဟု ထိုသူက ပြောသည်။
တောဟိန်းတောင်ဗျူဟာသည် အမ်းမြို့နယ် စွေ့ချောင်းရွာနှင့် ကဇုကိုင်းရွာတို့ကို ဆက်သွယ်သော ကဇုကိုင်းဘေလီတံတားအနီးတွင် တည်ရှိသည်။ တံတားတစ်ဖက်ကမ်း စွေ့ချောင်းရွာတွင် အခြေစိုက် ထားသည့် စွေ့ချောင်းဗျူဟာကုန်းကို AA က သိမ်းပိုက်ပြီးဖြစ်သည်။

အမ်းမြို့နှင့် နပခ ဌာနချုပ်ကို ကာကွယ်ရန် လက်နက်ကိုင် အင်အားအများအပြားကို မဲတောင်သို့ ပို့ထားခြင်း ဖြစ််ရာ မဲတောင်ကို ယနေ့ လက်လွှတ်လိုက်ရပြီသောကြောင့် မဲတောင်မှ ၆ မိုင်အကွာရှိ အမ်းမြို့တွင် အခြေစိုက်သော နပခကို AA က အလွယ်တကူခြိမ်းခြောက်နိုင်ပြီဖြစ်သည်။
လက်ရှိတွင် AA သည် နပခ ဌာနချုပ်၊ ခြေမြန်တပ်ရင်း ၃၇၃၊ အမြောက်တပ်တို့ကို အဝေးမှ တိုက်ခိုက်နေသည်ဟု အထက်ပါသတင်းရင်းမြစ်က ဆက်ပြောသည်။
“မနေ့ကတော့ ည ၇ နာရီကပင် မိုးလင်းအာရုံ ၂ နာရီအထိတော့ AA က အမ်းမြို့မှာရှိတဲ့ အနောက်ပိုင်း စစ်ဌာနချုပ်နဲ့ စစ်အခြေစိုက်စခန်းတွေကို တောက်လျှောက် လက်နက်ကြီးနဲ့ ပစ်တာ ရှိပါတယ်။ မိုးလင်းလို့ ၇ နာရီအထိလည်းပစ်ခဲ့သေးတယ်။ အခုတော့ အမ်းမှာ လေယာဉ်တွေ ဘာတွေ ဝဲနေပြီ” ဟု ၎င်းက ဆိုသည်။
အမ်းမြို့နယ်တွင် ခမရ ၃၇၁ နှင့် ခမရ ၃၇၂ တို့လည်း ရှိသေးသည်။
အမ်းမြို့နယ်ရှိ စစ်စခန်းများကို AA က ယခုနှစ် မတ်လနောက်ဆုံးပတ်ကလည်း ထိုးစစ်ဆင်ခဲ့သေးသည်။ ထို့နောက် အခြားဒေသများတွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး စက်တင်ဘာနောက်ဆုံးပတ်တွင် အမ်းဒေသ၌ တစ်ကျော့ပြန်တိုက်ပွဲဖြစ်လာသည်။
ထိုစဉ်က အမ်းမြို့နယ်နှင့် ကပ်လျက် မကွေးတိုင်းကို ဆက်သွယ်ထားသော မိုင် ၆၀ ကျော် ရှည်လျား သည့် ကားလမ်းများတွင် စစ်တပ်က အင်အားတိုးချဲ့သည်၊ တပ်ပြောင်းနှင့် ထောက်ပို့လမ်းကြောင်း အဖြစ် အသုံးပြုနေသည်ဟု AA ဘက်က ပြောထားသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲ နေ့စဉ် ဖြစ်ပွားနေသော်လည်း ထိုဖြစ်ရပ်များနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းအမှောင်ချထားလေ့ရှိသည်။ ပြီးခဲ့သည့် ရက် ၃၀ အတွင်း စစ်တပ်၏ အင်တာနက်စာမျက်နှာ တွင် ရခိုင်ပြည်နယ်နှင့် သက်ဆိုင်သည့် သတင်း ၆ ပုဒ်တင်ထားရာ အားလုံးမှာ မီးတောင်တစ်လုံး ပေါက်ကွဲသည့်သတင်း၊ မိုးလေဝသသတင်းများ ဖြစ်သည်။
AA ကလည်း တိုက်ပွဲသတင်းများကို ယခင်က အဆက်မပြတ် ထုတ်ပြန်ခဲ့သော်လည်း ရခိုင်ဒေသ တိုက်ပွဲများ ရပ်တန့်ရေး ကြိုးစားနေကြောင်း တရုတ်က ပြောဆိုပြီး နောက်ပိုင်းတွင် သတင်းထုတ်ပြန်မှု နည်းပါးသွားသည်။ယနေ့ (အောက်တိုဘာ ၇) ရက်စွဲဖြင့် AA က သတင်းတစ်ပုဒ် ထုတ်ပြန်ထားရာ အောက်တိုဘာ ၆ ရက်နေ့က မောင်တောမြို့တွင် မော်တော်ယာဉ်တစ်စီး ခြုံခိုတိုက်ခိုက်ခံရသဖြင့် အောင်မင်္ဂလာကျေးရွာမှ အသက် ၃၈ နှစ်အရွယ် ဒေါ်ဆန်းဆန်းဦး ကျည်ထိမှန် သေဆုံးပြီး အခြား ခရိးသည် ၄ ဦး ဒဏ်ရာရသွားသည်ဟု သတင်းတွင် ဖော်ပြထားသည်။