သတင်း

KNU ထိန်းချုပ် ဖာပွန်မြို့ ဗုံးကြဲခံရ၊ ကလေး ၆ ဦးမိခင် သေဆုံး

စစ်ကောင်စီတပ်က ဆုတ်ခွာခဲ့ရသည့် နယ်မြေများကို လေကြောင်းမှ တိုက်ခိုက်နေရာ ထိုဒေသများထဲတွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့လည်း ပါဝင်ပြီး အရပ်သား အများအပြား ထိခိုက်နေသည်။

ကရင်ပြည်နယ်၊ မြောက်ပိုင်း ဖာပွန်မြို့နယ်ကို စစ်ကောင်စီ လေတပ်က  ယမန်နေ့(အောက်တိုဘာ ၂) မွန်းလွဲပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ရာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ထိုမြို့ကို ထိန်းချုပ်ထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ထံမှသိရသည်။

KNU တပ်မဟာ (၅)  ကလည်း လေယာဉ်နှစ်စီးက  ဖာပွန်မြို့ပေါ်ရှိ ရပ်ကွက် (၁) နှင့် ရပ်ကွက် (၂) ကို ဗုံးသီး ၁၀ လုံး ကြဲသွားကြောင်း ထိုနေ့မှာပင် သတင်းထုတ်ပြန်သည်။

အမျိုးသမီးတစ်ဦး လမ်းပေါ် ဘေးတိုက် လဲကျနေသည်ကို ထုတ်ပြန်ချက်နှင့်အတူ ပါရှိသည့် ဓာတ်ပုံတွင် တွေ့ရသည်။

ဖာပွန်က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့် အမျိုးသမီး။ (ဓာတ်ပုံ –   KNU-Mutraw News)

ကွယ်လွန်သွားသူမှာ ကလေးခြောက်ယောက် မိခင် နော်ဟဲခူဖြစ်ကြောင်း တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက Myanmar Now ကို ပြောသည်။

ဖာပွန်မြို့သည် တိုက်ပွဲ ကြီးကြီးမားမား မရှိဘဲ ဗုံးကြဲခံရခြင်းဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက ဆိုသည်။

ဗုံးကြဲမှုကြောင့် အရပ်သားသေဆုံးရသည့် ဖြစ်စဉ် ယခင်ကလည်း ရှိခဲ့သည်။

မတ်လ ၃၁ ရက်နေ့က   ဖာပွန်မြို့ရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရစဉ် ထိုနေရာတွင် ခိုလှုံနေသူ ၈ ဦး သေဆုံးခဲ့သည်။

KNU ဝိုင်းထားသည့် ဖာပွန်ဗျူဟာကုန်းစခန်း

တပ်မဟာ (၅) ဦးဆောင်သည့် ပူးပေါင်းတပ်များသည် ဖာပွန်မြို့ကို မတ်လ ၂၆ ရက်တွင် သိမ်းပိုက် ထိန်းချုပ်နိုင်သော်လည်း မြို့၏ တောင်ဘက်ရှိ  အခြေချစစ်ဗျူဟာကို မသိမ်းပိုက်နိုင်သေးပေ။

ထိုစခန်းကုန်းကို တပ်မဟာ (၅) ဦးဆောင်သည့် ပူးပေါင်းတပ်များက ဆက်လက်ဝိုင်းရံ ပိတ်ဆို့ထားသည်။

  “တစ်နေ့နဲ့တစ်နေ့ နှစ်ဘက် အကြား အသေးစားပစ်ခတ်မှု၊ ဒရုန်းနဲ့ပစ်ခတ်မှုပဲရှိတယ်။ နောက်ပြီး ဗျူဟာစခန်းနဲ့ တပ်ရင်းစခန်းအချို့ တော်လှန်ရေး ပူးပေါင်းတပ်ဘက်က ပိတ်ဆို့ထားမှုအပေါ် စကစတပ်ဘက်က ထိုးဖောက်ဖို့ ကြိုးပမ်းလာတဲ့အခါ ထိတွေ့ပစ်မှုရှိပါတယ်” ဟု  ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ဆိုသည်။

ပိတ်ဆို့ခံထားရသော်လည်း ထိုစခန်းသည် ဖာပွန်စစ်ပွဲစကတည်းက ရေတွက်ပါက ခြောက်လကျော်ကြာသည်အထိ လက်နက်မချဘဲ ထိုးစစ်ကို ခုခံနေခြင်းဖြစ်သည်။

ယခုကဲ့သို့ တောင့်ခံနေခြင်းသည် လေကြောင်းမှ ထောက်ပို့ အကူအညီ ရနေခြင်းကြောင့် ဖြစ်ကြောင်း တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက ရှင်းပြသည်။

“သူတို့အထက်က ခေါင်းဆောင်တွေ လုံးဝဆုတ်မိန့်မပေးဘူး။ သူတို့ကိုလည်း လေကြောင်းကနေ အမြဲပဲ ပစ်ကူလာပေးတယ်။ သူတို့အတွက် လက်နက်ခဲယမ်းနဲ့ အစားအစာတွေလည်း လေယာဉ်တွေနဲ့ အမြဲလာချပေးတယ်။ မိုးကလည်းတောက်လျှာက်ရွာနေတော့ သူတို့တောင့်ခံထားလို့ရတယ်” ဟု ၎င်းက ဆိုသည်။

လက်နက်ကြီးပစ်ခတ်မှုများ

စစ်ကောင်စီတပ်သည်  တပ်မဟာ (၆) ဒူးပလာယာ ခရိုင်၊ တပ်မဟာ (၁)  သထုံခရိုင်တို့တွင်လည်း စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းနှင့် လူနေအောက်အအုံများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု သိရသည်။

တပ်မဟာ (၆) စစ်ရေးလှုပ်ရှားရာ နယ်မြေတွင် အကျုံးဝင်သော မြဝတီမြို့တောင်ဘက် ၈ မိုင်ကျော်အကွာရှိ ဖလူးကြီးရွာကိုလည်း လေးကေကော်မြို့သစ်တောင်ဘက် စွယ်တော်ကုန်းစခန်းမှ စစ်ကောင်စီတပ်က အောက်တိုဘာ ၁ ရက်တွင် ၁၂၀ မမ စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့သည်။

ထိုပစ်ခတ်မှုကြောင့် KNU ထိန်းချုပ်ထားသော ဖလူကြီးရွာရှိ အခြေခံပညာ စာသင်ကျောင်းရှိ စာသင်ဆောင် နှစ်ဆောင်  ပျက်စီးခဲ့သည်။

ဖလူကြီးရွာ စာသင်ကျောင်းတာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများကို အချိန်စော၍ ကျောင်းဆင်းပေးထားချိန် ဖြစ်သောကြောင့် အရပ်သား ထိခိုက်မှုမရှိပေ။

KNU တပ်မဟာ ၁ နယ်မြေအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည်စ ထိမှန်သည့် အမျိုးသမီး။ (ဓာတ်ပုံ –   KNU တပ်မဟာ ၁)

စွယ်တော်ကုန်းမှ ပစ်သည့် လက်နက်ကြီးကျည်များသည် ဖလူးကြီးရွာအနီးရှိ ဖလူးလေးရွာသို့လည်း ကျရောက် ပေါက်ကွဲခဲ့ပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရထားကြောင်း တပ်မဟာ (၆) က သတင်းထုတ်ပြန်သည်။

KNU ၏ ထုတ်ပြန်၊ ပြောဆိုချက်များနှင့် ပတ်သက်ပြီး  Myanmar Now က စစ်ကောင်စီ၏ တုံ့ပြန်ချက် ရယူ၊ ဖော်ပြနိုင်ခြင်း မရှိသေးပေ။

 မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်တို့တွင်လည်း   လက်နက်ကြီးပစ်ခတ်မှုကြောင့် စက်တင်ဘာလ အတွင်း အရပ်သားထိခိုက်မှု ရှိကြောင်း  KNU သထုံခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောအေးနိုင်က Myanmar Now ကို ပြော သည်။

တပ်မ (၄၄) လက်အောက်ခံ ခမရ (၁)၊ အမှတ် (၃၁၀) အမြောက်တပ်ရင်းတို့က ပစ်ခတ်နေကြခြင်း ဖြစ်ကြောင်း၊ ဘီးလင်းမြို့နယ် အာလူးလေးရွာ ၊ သပြေနီရွာ ၊ ဖိုးဝါးသိမ်ရွာ၊ ကျိုက်ထိုမြို့နယ် ခရွဲရွာတို့မှ သက်ကြီးရွယ်အို အမျိုးသမီးအချို့အပါအဝင် အရပ်သား ၇ ဦး  ဒဏ်ရာရထားကြောင်း   ပဒိုစောအေးနိုင်က ဆိုသည်။

Show More

Related Articles

Back to top button