ဆောင်းပါး

KNDF တပ်ဖွဲ့ဝင် ပြောပြတဲ့ ရှမ်းမြောက်စစ်ပွဲအတွေ့အကြုံ

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သည် တစ်ချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ၏ တပ်များကို တိုက်ခိုက်ရာတွင် နာမည်ကျော်သော တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သော်လည်း စစ်ဌာနချုပ်သက်တမ်း ၇၅ နှစ်အကြာတွင် ပထမဆုံးအကြိမ် ကျရှုံးသွားသည်။

အနီရောင်နောက်ခံပေါ်တွင် အဝါရောင်နေဝန်းပုံပါသော စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အလံကို ကိုးကန့်တပ်ဟု လူသိများသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) ရဲဘော်များက ဩဂုတ်လ ၃ ရက်တွင် ဖြုတ်ချလိုက်သည်။

စစ်ကောင်စီအလံနေရာတွင် အဝါရောင်စက်ကွင်း ၇ ခုနှင့် ရွှေကြယ်တခုပါသော MNDAA အလံ အစားထိုးလွှင့်တင်လိုက်သည်။

အဆိုပါမြင်ကွင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ စစ်ကောင်စီ၏ နာမည်ကျော် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးသွားပြီဆိုသော သင်္ကေတလည်းဖြစ်သည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သည် တစ်ချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ၏ တပ်များကို တိုက်ခိုက်ရာတွင် နာမည်ကျော်သော တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သော်လည်း စစ်ဌာနချုပ်သက်တမ်း ၇၅ နှစ်အကြာတွင် ပထမဆုံးအကြိမ် ကျရှုံးသွားသည်။

ရမခ၌ စစ်ကောင်စီအလံပြုတ်ကျသွားခြင်းသည် မမေ့နိုင်သော ပျော်ရွှင်အားတက်ဖွယ် မြင်ကွင်းဖြစ်သည်ဟု ဆိုလာသူက လားရှိုးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သော ကို Freedom ဖြစ်သည်။ အသက် ၂၅ နှစ်အရွယ် ပအိုဝ်းနှင့် ကရင်နီသွေးပါသူထိုတော်လှန်ရေးတပ်သားက သူ၏အမည်အရင်းကို ယခုသတင်းဆောင်းပါးတွင် အသုံးမပြုရန်နှင့် ‘လွတ်လပ်မှု” ဟု မြန်မာလိုအနက်ထွက်သည့် ‘Freedom’ ဆိုသည့်အမည်ကို အစားထိုးအသုံးပြုရန် တောင်းဆိုခဲ့သည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ တပ်ဖွဲ့ဝင်တဦးဖြစ်ပြီး ၎င်းနေထိုင်ရာ ကရင်နီပြည်နှင့် မိုင်ပေါင်း ၃၀၀ ကျော်ဝေးသည့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးအထိ လာ၍တော်လှန်ရေး လုပ်နေသူလည်းဖြစ်သည်။

ကို Freedom သည် မိခင်တပ်ဖွဲ့ဖြစ်သော KNDF ၏ တာဝန်ပေးချက်အရ ရှမ်းမြောက်တွင် လာရောက်တာဝန် ထမ်းဆောင်နေသော ရာနှင့်ချီရှိသည့် KNDF တပ်ဖွဲ့ဝင်များထဲက တစ်ဦးဖြစ်သည်။

၎င်းက ရှမ်းမြောက်တိုက်ပွဲများတွင် ပါဝင်နေရခြင်းနှင့်ပတ်သက်သည့် သူ၏ ခံယူချက်ကို ယခုလိုပြောပြသည်။

“ရန်သူက ကိုယ့်ထက်မြေပြင် ၊ဝေဟင်၊ ခဲယမ်းမီးကျောက် အစစရာရာသာလွန်နေတဲ့အနေထားမှာ ကျွန်တော်တို့အနေနဲ့ စုပေါင်းအားနဲ့တွန်းလှန်မှသာ ရန်သူကိုအလဲထိုးနိုင်မှာ။ ဒါကြောင့်ပဲ မြန်မာ့တိုင်းရင်းသားညီအစ်ကို မဟာမိတ်တပ်ပေါင်းစုကြီးကိုဖွဲ့ပြီး ဒီတိုက်ပွဲထဲပါဝင်လာခဲ့ရတာ” ဟုဆိုသည်။

ဇူလိုင်လအစောပိုင်းက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝင်ပေါက်တွင် အောင်ပွဲခံနေသော ကိုးကန့်တပ်ဖွဲ့ဝင်များ (MNDAA)

စစ်တပ်အာဏာမသိမ်းခင်က သေနတ်မကိုင်ဖူးသူ

ကို Freedom သည် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုဖြစ်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မတိုင်မီက လူသတ်လက်နက်ဖြစ်သည့် သေနတ်ကို ထိတွေ့ဖူးသူမဟုတ်ပေ။

သူသည် ရန်ကုန်မြို့မှ လှိုင်မြစ်တစ်ဖက်ကမ်း ထန်းတပင်မြို့နယ်အတွင်းရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် အင်္ဂလိပ်စာ ဘာသာရပ်အထူးပြုဖြင့် အဝေးသင်တက်နေသည့် ကျောင်းသားတဦးသာဖြစ်သည်။ 

“အာဏာသိမ်းမှုမတိုင်ခင် တိုက်ပွဲအတွေ့ကြုံမရှိပါဘူး။ တစ်သက်နဲ့တစ်ကိုယ်လူသတ်လက်နက်မပြောနဲ့ ကြက်သတ်၊ ငှက်သတ်တောင်မ​လုပ်ခဲ့ဖူးပါဘူး” ဟု ၎င်းက Myanmar Now ကိုပြောသည်။

ကျောင်းတက်နေစဉ် ကိုဗစ်-၁၉ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါနှင့် ရင်ဆိုင်ရ၍ ကျောင်းများပိတ်ကုန်သည်။

ကို Freedom အတွက် ပညာရေးရပ်တန့်နေစဉ် စစ်တပ်အာဏာသိမ်းမှုကိုပါ ကြုံလိုက်ရသည်။ စစ်တပ်၏ ဆန္ဒပြသူများအပေါ် အကြမ်းဖက် ပစ်ခတ်ဖိနှိပ်မှုများကြောင့် လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်လာခဲ့ရကြောင်း ကို Freedom ကပြောသည်။

၎င်းက “ခေတ်အဆက်ဆက်တိုင်းပြည်ကိုချနင်း ပြည်သူကိုကျွေးကျွန်အစေခံသဖွယ် ဆက်ဆံနေတဲ့ ဒီစနစ်အစုတ်ပဲ့ကြီးကို ကျနော်တို့လူငယ်တွေလက်ထဲမှာပဲ အဆုံးသတ်ချင်တယ်။ စစ်တပ်နိုင်ငံရေးထဲကနေ လုံးဝဆုတ်ခွာသွားစေရမယ်” ဟု ကြုံးဝါးသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရောက် KNDF ရဲဘော်များ
Photo Credit – Freedom

ရှမ်းမြောက်တွင် တာဝန်ထမ်းရခြင်း

ကို Freedom အပါအဝင် KNDF ရဲဘော်များသည် မိခင်တပ်ဖွဲ့၏ တာဝန်ပေးမှုအရ ရှမ်းပြည်နယ်မြောက်ပိုင်းက တော်လှန်ရေးတိုက်ပွဲများတွင် ပါဝင်ရန် ၂၀၂၁ ခုနှစ် အောက်တိုဘာမှစ၍ အသုတ်လိုက်ခွဲကာ ကရင်နီပြည်မှ ထွက်ခွာခဲ့ကြသည်။

MNDAA က ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင် ဖွဲ့စည်းသည့် တပ်မဟာ (၆၁၁) တွင် ပါဝင်ကြသည်။

တပ်မဟာ ၆၁၁ တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA) နှင့် KNDF မှ ရဲဘော်များပါဝင်သည်။ 

တပ်မဟာ ၆၁၁ ကို ကိုးကန့်လူမျိုးမဟုတ်သည့် အခြားတိုင်းရင်းသားလူမျိုးများဖြင့် ဖွဲ့စည်းထားသဖြင့် တိုင်းရင်းသားတပ်မဟာဟုလည်း ခေါ်သည်။ စစ်ရေးလေ့လာသူအချို့က တပ်မဟာ ၆၁၁ လက်အောက်တွင် တပ်ရင်း ၆၀၁ မှ တပ်ရင်း ၆၁၀ အထိ တပ်ရင်း ၁၀ ရင်းရှိနိုင်ကြောင်း ခန့်မှန်းကြသည်။

တပ်ရင်းတစ်ရင်းလျှင် တပ်ဖွဲ့ဝင် အင်အား ၂၀၀ မှ ၂၅၀ အထိ ရှိကြောင်း တပ်မဟာ ၆၁၁ အကြောင်းသိသည့် သတင်းရင်းမြစ်အချို့ကဆိုသည်။

 တပ်မဟာ ၆၁၁ အကြောင်းသိသည့် သတင်းရင်းမြစ်တစ်ဦးက “တပ်ရင်းမှာအနည်းဆုံးက အင်အား ၂၂၀ ကနေ ၂၅၀ အနည်းဆုံးရှိရပါမယ်။ တစ်ချို့ကျ ဥပမာ KNDF တို့ AA တို့ကျလူအရမ်းများတော့ ၃၀၀ ကနေ ၃၅၀ အထိရှိပါတယ်။ သုံးစိပ်တစ်စု၊ သုံးစုကိုတစ်ခွဲ၊ သုံးခွဲတစ်ရင်း၊ သုံးရင်းတစ်ဗျူဟာ၊ သုံးဗျူဟာ တစ်တပ်မဟာ ပုံစံပါ ” ဟုဆိုသည်။

တပ်မဟာ ၆၁၁ ကို MNDAA က စစ်သင်တန်းပေးပြီး လက်နက်နှင့် MNDAA ယူနီဖောင်းများ ဆင်ပေးသည်။

တပ်မဟာ ၆၁၁ အား ပထမဆုံးအကြိမ် လက်နက်တပ်ဆင်သည့် အခမ်းအနားကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ၁ ရက်တွင် MNDAA က ၎င်းတို့ ထိန်းချုပ်ဒေသတွင် ပြုလုပ်ခဲ့ကြောင်း  MNDAA ၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါအခမ်းအနားတွင် တပ်ဖွဲ့ဝင်များကို Type-81 မောင်းပြန်ရိုင်ဖယ် ၊ ပခုံးထမ်းဗုံးပစ်လောင်ချာ (RPG) ၊ စက်သေနတ်နှင့် လက်ဖြောင့်ရိုင်ဖယ်များ တပ်ဆင်ပေးကြောင်း MNDAA ထုတ်ပြန်သည့် ဓာတ်ပုံအချို့အရတွေ့ရသည်။

မြောက်ပိုင်း ညီနောင်မဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ဖြစ်သော အာရက္ခတပ်တော် (AA) အပါအဝင် MNDAA နှင့် တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ် (TNLA) တို့က စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်သော ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့သည်။ 

အဆိုပါ စစ်ဆင်ရေးစသောအခါ MNDAA ၏ တပ်မဟာ ၆၁၁ သည် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာတွင် အဓိကပါဝင်ပြီး KNDF သည်လည်း တပ်မဟာ (၆၁၁) လက်အောက်တွင် တပ်ရင်းအလိုက်ပါဝင်တိုက်ခိုက်ကြောင်း သိရသည်။

ဇူလိုင်လအစောပိုင်းက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝင်ပေါက်တွင် အောင်ပွဲခံနေသော ကိုးကန့်တပ်ဖွဲ့ဝင်များ (MNDAA)

၁၀၂၇ စစ်ဆင်ရေးပထမပိုင်း 

ညီနောင်မဟာမိတ် ၃ ဖွဲ့ဦးဆောင်တိုက်သည့် ၁၀၂၇ စစ်ဆင်ရေးသည်။ ပထမပိုင်း နှင့် ဒုတိယပိုင်းဟူ၍ ခွဲပြောရမည့် အခြေအနေရှိသည်။ တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့အကြား အပစ်ရပ်သည့် ကာလသည် ၅ လကျော်ကြာပြီး အပစ်မရပ်ခင်ကာလကို စစ်ဆင်ရေးပထမပိုင်းဟု သတ်မှတ်ခေါ်ဝေါ်ကြသည်။

အပစ်ခတ်ရပ်စဲရေး ကျိုးပေါက်ပြီး တကျော့ပြန်စတင်သည့် တိုက်ပွဲများကိုမူ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများဟု ခေါ်ကြသည်။

စစ်ဆင်ရေး ပထမပိုင်းသည် ၂ လကျော်ကြာ အပြင်းအထန် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း တွေ့ရသည်။

၁၀၂၇ စစ်ဆင်ရေးပထမပိုင်းအတွင်း စစ်ကောင်စီသည် အမှတ် (၁၆) ခြေလျင်တပ်မဟာ (သိန္နီ)အပါအဝင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်)၊ တပ်ရင်းအဆင့် တပ်စခန်းပေါင်းများစွာနှင့် မြို့ပေါင်း ၁၈ မြို့ကို လက်လွှတ်လိုက်ရသည်။

ထို့အပြင် ရာထောင်ချီသည့် စစ်သားများနှင့် လက်နက်ခဲယမ်းပေါင်းများစွာကိုလည်း ဆုံးရှုံးခဲ့ရသည်။

၁၀၂၇ စစ်ဆင်ရေးသည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် လက်နက်ကိုင် ၃ ဖွဲ့အကြား တတိယအကြိမ်ဆွေးနွေးပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်၊ ညနေ ၉ နာရီတွင် အပစ်ရပ်ခဲ့ကြသည်။

ဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ ဟိုင်ဂင်ဧည့်ဂေဟာ တွင်ပြုလုပ်ပြီးနှစ် ဘက်အပစ်ရပ်ရန် သဘောတူညီနိုင်ခဲ့သဖြင့် ဆွေးနွေးပွဲသဘောတူညီချက်များကို ဟိုင်ဂင်သဘောတူညီချက်ဟုလည်း လူသိများသည်။ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်နှစ်  လကျော်အကြာတွင်မှ နှစ်ဘက်တပ်များ အပစ်ရပ်ကြခြင်းဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင်း KNDF သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွမ်းလုံ ၊ သိန္နီ နှင့် လောက်ကိုင် မြို့သိမ်းတိုက်ပွဲများတွင် မဟာမိတ်တော်လှန်ရေးတပ်များနှင့် အတူ ပါဝင်ခဲ့ကြောင်း ရှမ်းမြောက်တိုက်ပွဲများတွင် ပါဝင်သည့် KNDF ရဲဘော် Freedom ကပြောသည်။

စစ်ကောင်စီ၏ စစ်ဗျူဟာအခြေချ (စဗခ) အခြေစိုက်သည့် ကွမ်းလုံမြို့ကို KNDF သည် AA ၊ BPLA တို့နှင့်အတူ ပူးတွဲတိုက်ခိုက် အောင်မြင်ခဲ့သည်။

KNDF ဗျူဟာ ၇ စစ်သင်တန်းဆင်းပွဲတွင် တွေ့ရသည့် KNDF တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – KNDF)

ကွမ်းလုံတွင် ဗျူဟာမှူးတဦး ဦးစီးသည့် အခြေချစစ်ဗျူဟာ (စဗခ) ရှိပြီး ခြေလျင်တပ်ရင်း (ခလရ) ၁၂၇၊ ခြေမြန်တပ်ရင်း (ခမရ) ၃၁၂ နှင့် အမြောက်တပ်ရင်း (အမတ) ၃၄၈ စသည့် တပ်ရင်းများ ရှိသည်။

နိုဝင်ဘာ ၁ ရက်တွင် စတင်သည့် ကွမ်းလုံတိုက်ပွဲသည် ခုနှစ်ရက်ကြာပြီးနောက် တမြို့လုံးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KNDF တပ်ဖွဲ့ဝင် Freedom က ဆိုသည်။ တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ၏ ထိုးစစ်ကို ရက် ၄၀ ကြာခုခံနိုင်ခဲ့သည့် ကွမ်းလုံဗျူဟာသည်ခုနှစ် ရက်အကြာတွင် တော်လှန်ရေးတပ်များ၏ သိမ်းပိုက်ခံလိုက်ရသည်။

သိန္နီမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို KNDF နှင့် PLA တို့ ပူးတွဲ၍ ကိုးရက်ကြာ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင် ခြင်းဖြစ်သည်။ 

သိန္နီမြို့နယ် နမ့်စလပ်ရွာရှိ စစ်ကောင်စီတပ်ရင်း ၂ ရင်းကို KNDF နှင့် AA ပူးတွဲတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တရုတ်မြန်မာနယ်စပ် လောက်ကိုင်မြို့နယ်ရှိ တာရွှေထန်မြို့တိုက်ပွဲတွင်လည်း KNDF ပါဝင်ခဲ့ကြောင်း Freedom က ပြောသည်။

တာရွှေထန်မြို့ကို ၂ ရက်ကြာတိုက်ပြီးနောက် သိမ်းနိုင်ခဲ့ကြောင်း သိရသည်။ KNDF တပ်ဖွဲ့ဝင် Freedom က ရှမ်းမြောက်တိုက်ပွဲများအားလုံးသည် KNDF အပြင် မဟာမိတ်တော်လှန်ရေးတပ်များ အားလုံးနှင့် သက်ဆိုင်သည့် အောင်ပွဲဖြစ်ကြောင်း ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းစတင်ခြင်း

စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ ကြား ဟိုင်ဂင် သဘောတူညီချက်ဖြင့် အပစ်ရပ်ထားမှု သက်တမ်းသည် အချိန်ကာလအားဖြင့် သိပ်မကြာလိုက်ပေ။ အပစ်အခတ်ရပ်စဲမှု ၅ လကျော်အကြာတွင် သေနတ်မီးပြန်ပွင့်လာသည်။

စစ်ကောင်စီတပ်က ကျောက်မဲမြို့ရှိ TNLA တပ်စွဲထားသည့် ငြိမ်းချမ်းရေးကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သလို နောက်ပိုင်းကာလများတွင်လည်း သိန္နီ၊ ကွတ်ခိုင်၊ နောင်ချို၊ မိုးမိတ်၊ မိုးကုတ် စသည့် မြို့နယ်များတွင် လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ လုပ်လာသည်။

တိုက်ခိုက်မှုကြောင့် ဒေသခံများအပြင် TNLA ရဲဘော်တချို့ပါ သေဆုံးရပြီး ရှမ်းမြောက်တွင် စစ်ကောင်စီဘက်က စစ်ရေးပြင်ဆင်မှု သိသိသာသာ တွေ့လာရသည်။

ဇွန်လလယ်ခန့်တွင် လားရှိုး၊ ကျောက်မဲနှင့် သီပေါမြို့တို့ရှိ အဝင်အထွက်လမ်းများကို စစ်ကောင်စီတပ်က မြေတူးစက်များဖြင့် ဖျက်ဆီးလိုက်ပြီး အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) ရှိရာ လားရှိုးမြို့သို့လည်း အင်အား ၁၀၀ ခန့် ပို့ဆောင်ခဲ့ကြောင်း TNLA က ဆိုသည်။

ဇွန် ၂၄ ရက်နေ့တွင် TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော် ပြောသော ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရုပ်သံဖိုင်ကို TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ခဲ့သည်။

KNDF ဗျူဟာ ၇ မှ တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – KNDF)

အဆိုပါရုပ်သံဖိုင်တွင် ဗိုလ်ချုပ်တာဘုန်းကျော်က “ဟိုင်ဂင်သဘောတူညီချက်ကို ကျော်လွန်ပြီးမှ လေယာဉ်ဗုံးကြဲတာတွေ၊ လက်နက်ကြီးပစ်တာတွေ ဆက်တိုက်လုပ်လာမယ်၊ လူထုက ထိခိုက်နစ်နာမှုတွေ ပိုကြီးလာမယ်ဆိုရင်တော့ ကျွန်တော်တို့ ပြည်သူလူထုကို အကောင်းဆုံးခုခံကာကွယ်ပေးသွားဖို့ကတော့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်” ဟု ပြောဆိုခဲ့သည်။ 

ထိုသို့ ပြောဆိုပြီး နောက်တရက်တွင် ရှမ်းမြောက်ဒေသ ကျောက်မဲ၊ နောင်ချိုနှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့အားTNLA နှင့် ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်သည့် စစ်ဆင်ရေးစတင်လာခြင်းဖြစ် သည်။

ဤသို့ဖြင့် အပစ်ရပ်နေသည့် ၁၀၂၇ စစ်ဆင်ရေးသည် ပြန်လည်အသက်ဝင်လာပြီး ဒုတိယပိုင်း ဆက်ဖြစ်လာသည်။

စစ်ဆင်ရေးဒုတိယပိုင်းတွင် MNDAA သည် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးကို အဓိက ဦးတည်၍ တိုက်ခိုက်သိမ်းပိုက်ခြင်းဖြင့် ပါဝင်လာကြောင်းတွေ့ရသည်။

လားရှိုးမြို့သိမ်းတိုက်ပွဲ

MNDAA သည် လားရှိုးမြို့သိမ်းတိုက်ပွဲကို အဓိက ဦးဆောင်ပြီး MNDAA ကွပ်ကဲမှုအောက်၌ PLA ၊ BPLA ၊ KNDF နှင့် AA တို့ပါဝင်တိုက်ခိုက်ကြသည်။

MNDAA ၏ ကာကွယ်ရေးနယ်မြေအား စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာသည်ဟု MNDAA က ထုတ်ပြန်ပြီး ၄ ရက်အကြာတွင် လားရှိုးမြို့ပတ်လည်အထိ တိုက်ပွဲများရောက်လာခြင်းဖြစ် သည်။

ဇူလိုင်လ ၂ ရက်ညကတည်းက လားရှိုးတွင် လက်နက်ကြီး ပစ်ခတ်သံနှင့် ဒရုန်းမှ တဆင့် ဗုံးကြဲချမှုကြောင့် ပေါက်ကွဲသံများ ဆူညံနေကြောင်း ဒေသခံများကဆိုသည်။

လားရှိုးတိုက်ပွဲတွင် ပါဝင်ခဲ့သည့် KNDF ရဲဘော် Freedom ကလည်း လားရှိုးကို တော်လှန်ရေးပူးပေါင်းတပ်များက အင်အား ၅၀၀၀ သုံး၍ စစ်ဆင်ခဲ့ကြောင်း Myanmar Now ကိုပြောသည်။

စစ်ကြောင်းတကြောင်းလျှင် အင်အား ၁၀၀၀ သုံး၍ စစ်ဆင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

လားရှိုးမြို့သိမ်းတိုက်ပွဲဖြစ်ရသည့် အကြောင်းအရင်းသည် စစ်ကောင်စီဘက်က ဦးစွာထိုးစစ်ဆင်လာခြင်းကြောင့် ဖြစ်ကြောင်း KNDF ရဲဘော် Freedom ကရှင်းပြသည်။

၎င်းက “လားရှိူးအနောက်ဘက် ကုန်းညောင် ၊ ပိန်းခမ်းဘက်မှာရှိတဲ့ မဟာမိတ်တပ်တွေကို စကစကအရင် ထိုးစစ်စတယ်။ မဟာမိတ်ဘက်ကအထိခိုက် အဆုံးရှုံးရှိခဲ့တယ်။ အဲဒီကနေ အပစ်အခတ်ရပ်ဆဲရေးသဘောတူချက် ပျက်ပြီး ရမခထိုးစစ်ကနေ လားရှိုးကျဖို့အထိဖြစ်လာတယ်” ဟု ဆိုသည်။

MNDAA ဦးဆောင်သည့် မဟာမိတ်တပ်များသည် လားရှိုးမြောက်ဘက် သိန္နီမြို့မှ စစ်ကြောင်းတကြောင်း ၊ လားရှိုး အရှေ့မြောက်ဘက် မိုင်းယော်မှ စစ်ကြောင်းတကြောင်း ၊ လားရှိုးအနောက်ဘက်မှ စစ်ကြောင်းနှစ်ကြောင်းနှင့် မန္တလေး- လားရှိုး ပြည်ထောင်စုလမ်းမကြီးမှ စစ်ကြောင်းတကြောင်းဖြင့် နမခ သို့ဦးတည်ကာ တိုက်ခိုက်သိမ်းပိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

KNDF ရဲဘော် Freedom က “သက်ဆိုင်ရာ စကစ မြို့စောင့်တပ်ရင်း အသီးသီးနဲ့ ဌာနဆိုင်ရာအဆောက်အုံတွေကို ဖြတ်ကျော်ပြီး ရမခ ကိုဦးတည်ချဥ်းကပ်လာတဲ့ပုံစံပါ။ ရပ်ကွက်တွေကိုခြေကုပ်ယူ ဖြေးဖြေးချင်းကပ်ပြီး ရမခကို ထွက်ပေါက်မပေးဘဲ ပိတ်ဆို့သိမ်းယူတာ” ဟု ရှင်းပြသည်။

ရမခကို စစ်ကောင်စီ၏ စစ်ကူမရောက်စေရန် TNLA က လားရှိုးတောင်ဘက် နောင်ချိုမြို့ဘက်က လမ်းကြောင်းကို အဓိက ထားပိတ်ဆို့ပြီး MNDAA နောက်ချန်တပ်များက လားရှိုးအရှေ့တောင်ဘက် တန့်ယန်းမြို့နှင့် မိုင်းရယ်မြို့ဘက်က လမ်းကြောင်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရခမကို တိုက်ရာတွင် ဒရုန်းဖြင့် ဦးစွာ ဗုံးကြဲပြီးမှ မြေပြင်စစ်ဆင်ခြင်းဖြစ်ကြောင်း ပါဝင်သည့် ရဲဘော်အချို့က ဆိုသည်။ KNDF ရဲဘော် Freedom က “နားတွေဆို အူပြီး ရက်အနည်းငယ်လောက် ဘာမှမကြားရလို့ sign (သင်္ကေတ) ပြပြီးမြေပြင်မှာ အပြန်လှန်စကားပြောရတဲ့အထိဖြစ်ခဲ့တယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက KNDF သည် အရှေ့မြောက်တိုင်းစစ်ဌာချုပ်(ရမခ) ၊လားရှိုးဘူတာ၊ အကျဉ်းထောင်၊ ခလရ ၆၈၊ ခလရ ၄၁၊ ခမရ ၅၀၇၊ ဟိုပိတ်တိုးဂိတ်၊ အမှတ် ၉၁၂ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်း၊ အသံလွှင့်ဌာန နှင့် လေယာဉ်ကွင်းအား သိမ်းယူသည့် တိုက်ပွဲများ၌ မဟာမိတ်တပ်များနှင့်အတူ ပါဝင်ခဲ့ကြောင်း ဆိုသည်။

တစ်လနီးပါး အပြင်းအထန်တိုက်ပွဲဖြစ်ပြီးနောက် ဩဂုတ် ၃ ရက်နေ့တွင် ရမခ ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ကြောင်း လားရှိုးတိုက်ပွဲတွင် ပါဝင်သည့် KNDF ရဲဘော် Freedom က ပြောသည်။ လားရှိုးမြို့သိမ်းတိုက်ပွဲတွင် တော်လှန်ရေးတပ်များဘက်က ကျဆုံးမှုများရှိသော်လည်း လတ်တလောတွင် ထုတ်ပြောရန် မရှိသေးကြောင်း ၎င်းက ပြောသည်။

Freedom က “စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုလည်း ဖြစ်သွားနိုင်သလို ရန်သူကိုခွန်အားမြှင့်ပေးရာလည်း ရောက်စေမှာမို့ နားလည်ပေးပါ။ အားလုံးကိုစာရင်းနဲ့တကွ မှတ်တမ်းတင်ထားပါတယ်။ အဓိကကတော့ လေကြောင်းတိုက်ခိုက်မှုကနေ အများဆုံးထိခိုက်ရပါတယ်” ဟု Myanmar Now ကိုပြောသည်။

လားရှိုးမြို့သိမ်းတိုက်ပွဲပြီးသွားသော်လည်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းသည် မပြီးသေးဘဲ ဆက်တိုက်နေဆဲဖြစ်သည်။ 

TNLA သည် နောင်ချိုမြို့တောင်ဘက် တောင်ခမ်းရွာရှိ စစ်ကောင်စီ၏ အမှတ် (၉၀၂) အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ်အား သိမ်းနိုင်ရန် အပြင်းအထန်ထိုးစစ်ဆင်နေသည်။ လားရှိုးမြို့အားသိမ်းပိုက်ပြီးနောက် MNDAA ၏ စစ်ရေးလှုပ်ရှားမှုသတင်းများ ထပ်မကြားရဘဲ တိတ်ဆိတ်နေသည်။

လားရှိုးတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ထားသည့် KNDF ရဲဘော် Freedom က ရှမ်းမြောက်တွင် တွေ့ရသည့် စစ်ကောင်စီတပ်သည် တိုက်ရည်ခိုက်ရည်ပြည့်သော်လည်း လူထုထောက်ခံမှုမရှိသဖြင့် စိတ်ဓာတ်ရေးရာအရ တပန်းရှုံးနေကြောင်း ဆိုသည်။

၎င်းက “သူတို့က နှစ်၇၀ကျော်တပ်မတော်ပါ။ တိုက်ခိုက်ရေးအရည့်ပြည့်ဝပါတယ်။ မာမာထန်ထန်လဲစစ်တိုက်နိုင်တယ်။ သူတို့ကိုပြည်သူက မေတ္တာမရှိမှန်းသူတို့သိတယ်။ ပြည်သူ့မေတ္တာမရတဲ့ စစ်သားတွေဆိုတော့ စိတ်ဓာတ်ပိုင်းအရတစ်ပန်းရှူံးပါတယ်” ဟု ၎င်းက ဆိုသည်။

ရှမ်းမြောက်စစ်ပွဲတွင် ပါဝင်ရခြင်းအကျိုး

ရှမ်းမြောက်စစ်ပွဲတွင် ပါဝင်တိုက်ခိုက်သဖြင့် တော်လှန်ရေးတပ်များဘက်က အထိအခိုက်အကျအဆုံးရှိသော်လည်း တိုက်ပွဲတွင် အသက်မသေဘဲ ကျန်ခဲ့သည့် တော်လှန်ရေးရဲဘော်များတွက် တန်းဖိုးမဖြတ်နိုင်သည့် အကျိုးများလည်းရ ကြောင်း ရှမ်းမြောက်စစ်ပွဲတွင် ပါဝင်သည့် KNDF ရဲဘော် Freedom ကဆိုသည်။

၎င်းအတွက် အဓိက ရသည့် အကျိုးကျေးဇူးသုံး ခုမှာ စစ်သင်တန်းအမျိုးမျိုးတက်ရသည့် အတွေ့အကြုံအပါအဝင် မြို့သိမ်းတိုက်ပွဲအတွေ့အကြုံနှင့် မြန်မာပြည်အရပ်ရပ်က တော်လှန်ရေးမိတ်ဆွေများ ရခြင်းဖြစ်ကြောင်း ပြောသည်။

မြန်မာပြည်၏ အခြားဒေသများဖြစ်သည့် အညာဒေသနှင့် ရှမ်းမြောက်နယ်ခံ တိုင်းရင်းသားမိတ်ဆွေများအပြင် ရခိုင်လူမျိုးရဲဘော်များနှင့်လည်း မိတ်ဖွဲ့နိုင်ခဲ့ကြောင်း KNDF ရဲဘော် Freedom က ဆိုသည်။

ထိုသို့မိတ်ဖွဲ့နိုင်သဖြင့် စစ်ကောင်စီကိုတိုက်ခိုက်ရာတွင် အတူပူးပေါင်းလုပ်နိုင်ခြင်း သတင်းအချက်အလက် ဖလှယ်ခြင်းစသည့် ကိစ္စများ ပိုမိုထိရောက်စွာဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း Freedom က ရှင်းပြသည်။

ဇူလိုင်လကုန်က လားရှိုးမြို့ပေါ်တွင် တွေ့ရသော အထူးအုပ်ချုပ်ရေးဒေသ (၁) မှ MNDAA ရဲတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-The Kokang)

“စစ်တိုက်ရင်းခင်သွားတဲ့မိတ်ဆွေနဲ့ သာမာန်မိတ်ဆွေက ဘာကွာလဲဆိုတော့ အများကြီးကွာတယ်။ ခံယူချက်ပြင်းထန်ပြီး အများမလုပ်နိုင်တဲ့အလုပ် အများမစွန့်လွတ်နိုင်တာကို စွန့်လွတ်ပေးဆပ်ကြသူတွေ မြင့်မြတ်တဲ့စိတ်ထားနဲ့ သူတွေ ။ ဒါဟာသာမာန်မိတ်ဆွေမဟုတ်ဘူး။ ဒုတိယမိသားစုလို့​တောင်ပြောလို့ရတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

ရှမ်းမြောက်စစ်ပွဲတွင် ပါဝင်သည့် တော်လှန်ရေးရဲဘော်တယောက်၏ တနေ့တာသည် အထက်အမိန့်ကို စောင့်ကာ စစ်တိုက်ခြင်းပင်ဖြစ်သည်ဟု KNDF တပ်ဖွဲ့ဝင် Freedom ကပြောပြသည်။

၎င်းက “ယူနီဖောင်းဝတ်ထားရင် အမိန့်နာခံရမယ်။ အဲဒီတော့ စစ်မိန့်စောင့်တယ်။ မဟာမိတ်တပ်ရင်းတွေနဲ့ ပုံမှန်ချိတ်ဆက်တယ်။ မြေပြင်ခြေနေကိုလေ့လာတယ် ။သုံးသပ်တယ် ။ အထက်ကိုတင်ပြတယ်။ အမိန့်သစ်စောင့်တယ် အမိန့်တိုင်းအတိကျလိုက်နာတိုက်ခိုက်တယ်။ ဒါပါပဲ” ဟု ဆိုသည်။

ရှမ်းမြောက်ရှိ MNDAA ထိန်းချုပ်နယ်မြေသို့ စရောက်စဉ်က ဘာသာစကားနှင့် နေထိုင်စားသောက်ပုံ မတူသဖြင့် အသားမကျခဲ့သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်းအသားကျလာကြောင်း KNDF တပ်ဖွဲ့ဝင် Freedom က ဆိုသည်။

၎င်းအနေနှင့် ရှမ်းမြောက်တိုက်ပွဲတွင် တိုက်ခိုက်ခဲ့ရသည့် အတွေ့အကြုံများကို တော်လှန်ရေးရဲဘော်များအား ဆက်လက်မျှဝေပေးသွားရန် စဉ်းစားထားသည်ဟုလည်း ပြောသည်။

Freedom က “လက်နက်ကြီးပစ်ခတ်နည်း သင်တန်းတွေ ၊ Drone တိုက်ခိုက်ရေး ၊ စစ်မြေပုံဘာသာရပ်တွေပေါ့။ ဒါတွေကို ဘဝတူညီကိုတွေဆီ အချိန်ပေးရင် ပေးသလိုမျှဝေသွားမယ်။ အာဏာရှင်စနစ်ပြိုပျက် ချုပ်ငြိမ်းသွားသည် အထိ ကျွန်တော်တို့ မြေပြင်မှာမဟာမိတ်တွေနဲ့အတူအလုပ်တွေလုပ်နေမှာပါ” ဟုဆိုသည်။

Show More

Related Articles

Back to top button