
အာရက္ခတပ်တော်(AA) ထိန်းသိမ်းထားသည့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသခံ အမျိုးသား ၁၄ ဦးကို ပြန်လွှတ်ပေးရန် ခူမီးချင်းအရပ်ဘက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း (GKO) က တောင်းဆိုလိုက်သည်။
စက်တင်ဘာ ၁၇ နှင့် ၂၆ တွင် ကျေးရွာ ၄ ခုမှ ဒေသခံများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း GKO အဖွဲ့၏ တာဝန်ရှိသူအမျိုးသားတစ်ဦးက ပြောသည်။
၎င်းတို့ကို AA နှင့် စစ်ရေး၊နိုင်ငံရေးအားပြိုင်နေသည့် ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့ (CDF-ပလက်ဝ) နှင့် ဆက်စပ်မှု သံသယဖြင့် ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့ကယူဆကြသည်။
ငရှားရွာမှ ၅ ဦး၊ အောက်ဘလိုင်ရွာမှ ၄ ဦး၊ ချမ်းသာရွာမှ ၃ ဦးနှင့် ချင်းဒေါက် ရွာမှ ၂ ဦး ဖြစ်သည်၊ အဆိုပါ ခူမီးချင်းတိုင်းရင်းသားများသည် CDF-ပလက်ဝကို ထောက်ပံ့သည်ဟု စွပ်စွဲခံထားရပြီး အချို့မှာ မီးဇာကျေးရွာတွင် ထိန်းသိမ်းခံထားရကြောင်း ၎င်းက ဆိုသည်။
“AA အနေနဲ့ တော်လှန်ရေးအဖွဲ့အစည်းဖြစ်တဲ့အတွက် ပလက်ဝဒေသခံတွေ၊ အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမယ့် အချိန် အရပ်သားတွေ အထိတ်တလန့် ဖြစ်စေမယ့်ဖမ်းဆီးမှုတွေ၊ စစ်ဆေးမှုတွေကို မလုပ်သင့်ဘူး” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ဆက်သွယ်ရေးအရ အရေးပါသည့် ပလက်ဝမြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီစခန်းကုန်းများကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် AA က စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ဒုတိယပတ်တွင် မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
စစ်ကောင်စီ အုပ်ချုပ်ရေး မရှိတော့သည့် ပလက်ဝမြို့နယ်တွင် AA က အုပ်ချုပ်ရေးယန္တယား လည်ပတ်ရန် စီစဉ်နေပြီး အခြားတစ်ဖက်တွင်လည်း ချင်းအမျိုးသားတပ်ဦး(CNF) ဦးဆောင်ဖွဲ့စည်းသည့် ချင်းပြည်ကောင်စီ၊ CDF-ပလက်ဝ တို့ကလည်း ထိုဒေသတွင် အုပ်ချုပ်ရေးလည်ပတ်ရန် စီစဉ်နေသည်။
ပလက်ဝကို AA ထိန်းချုပ်ပြီးနောက် AA နှင့်မဟာမိတ်ဆက်ဆံရေးရှိသည့် ချင်းတော်လှန်ရေးတပ်နှင့် ၎င်းတို့ကိုထောက်ခံသည့် ဒေသခံများရှိနေသလို ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်ဖွဲ့စည်းသည့် ချင်းပြည်ကောင်စီကို ထောက်ခံမှုများလည်းရှိသည်။ ထိုအင်အားစုနှစ်ခုကြားတွင် ပွတ်တိုက်မှုများလည်း ရှိနေသည်။
ပလက်ဝ CDF နှင့် နိုင်ငံရေး၊ အုပ်ချုပ်ရေးအရဆက်နွယ်နေသူများ အဖမ်းခံရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ပလက်ဝဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“အုပ်ချုပ်ရေးပိုင်းမှာ ယခင်က ပလက်ဝ CDF နှင့် ပလက်ဝမြို့နယ်မှာ တော်လှန်ရေးပြုလုပ်နေတဲ့ အင်အားစုတွေနဲ့ အချိတ်ဆက်ရှိတယ်ဆိုတဲ့ဟာမျိုးနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်ထင်တယ်လို့တော့ မှတ်ချက်ပြုလို့ရတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီကင်းစင်နယ်မြေဖြစ်နေသည့် ပလက်ဝတွင် လွတ်လပ်စွာသွားလာခွင့်ရှိသင့်သော်လည်း ဒေသခံများကို တော်လှန်ရေးအင်အားစုက ပြန်လည်ဖမ်းဆီးခြင်းမှာ စိတ်မကောင်းဖွယ်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဖမ်းဆီးမှုနှင့်ပတ်သက်၍ အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို Myanmar Now က ဆက်သွယ်မေးမြန်းထားသော်လည်း တုံ့ပြန်ဖြေဆိုခြင်းမရှိသေးပေ။
လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်တွင် တော်လှန်ရေးအင်အားစု နယ်မြေ ထိန်းချုပ်မှု ပိုမိုကျယ်ပြန့်လာချိန်တွင် အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရန် ချင်းတော်လှန်ရေးအင် အားစုအတွင်း အပြိုင်အဆိုင်ကြိုးစားနေသည်။
ပလက်ဝမြို့နယ်ကို AA တိုက်ခိုက်သိမ်းပိုက်ထားသော်လည်း ဒေသအုပ်ချုပ်ရေးနှင့် ပတ်သက်၍ ချင်းပြည်ကောင်စီနှင့် အငြင်းပွားမှုများရှိနေသည်။