
စက်တင်ဘာလ ညဘက်လေ့ကျင့်ရေးအစီအစဉ်တစ်ခုအတွင်း ဆေးသင်တန်းသား ၁၈ ဦး တောင်ကျရေနှင့်မျောပါ သေဆုံးခဲ့ရမှုတွင် သင်တန်းကျောင်းအုပ်နှင့် လေ့ကျင့်ရေးမှူးတို့ တာဝန်ရှိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ယနေ့ (အောက်တိုဘာ ၂) ရက်စွဲဖြင့် ထုတ်ပြန်သည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။
KNDF ရဲဘော်များ၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်များ ချောင်းကူး လေ့ကျင့်စဉ် ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ချောင်းအတွင်း မျောပါသေဆုံးသွားခြင်းဖြစ်သည်။
၎င်းတို့သည် KNDF က ဒုတိယအကြိမ်ဖွင့်သည့် Front Line/Combat Medic သင်တန်းတက်ရောက်နေသူများ ဖြစ်သည်။
လူ ၁၀၂ ဦးတက်သည့် ထိုသင်တန်းကို ကျောင်းအုပ်တစ်ဦး၊ ကာယလေ့ကျင့်ရေးမှူး ၂ ဦး၊ အကူဆရာ ၁ ဦး၊ ဆရာမ ၂ ဦး ပါဝင်သော အဖွဲ့က အုပ်ချုပ်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးတာဝန်ယူကြကြောင်း စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကဆိုသည်။
စက်တင်ဘာ ၁၁ တွင် ညဘက်လေ့ကျင့်ရေး ပြုလုပ်ရန် ဆွေးနွေးကြရာ ကျောင်းအုပ်နှင့် ကာယလေ့ကျင့်ရေးမှူးတစ်ဦးက လေ့ကျင့်ရန် သဘောတူသော်လည်း ကာယလေ့ကျင့်ရေးမှူးတစ်ဦး နှင့် သင်တန်းအကူဆရာက သဘောမတူကြဟု ဆိုသည်။
သို့သော်လည်း သင်တန်းကျောင်းအုပ်၏ ဆုံးဖြတ်ချက်ကို ကျန်သင်တန်းဆရာ (၃) ဦး က လိုက်နာခဲ့သဖြင့် Happy (ပျော်ရွှင်ခြင်း) ဟု အမည်ပေးထားသည့် ညလေ့ကျင့်ရေး အစီအစဉ်ကို လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။
ရေဖြတ်ကူးလေ့ကျင့်ရသည့် အစီအစဉ်သည် စစ်ဘက်ဆိုင်ရာသင်တန်းအတွက် လိုအပ်သည်ဟုလည်း KNDF စုံစမ်းစစ်ဆေးရေးအဖွဲ့ က ဆိုသည်။
ထိုအစီအစဉ်အတွက် သင်တန်းသားအမျိုးသားများသည် မြေကြီး သို့မဟုတ် ကျောက်ခဲ ၅ ပိဿာကို ကျောပိုးအိတ် (သို့မဟုတ်) ဆာလာအိတ်တွင်ထည့်၍ ချောင်းဖြတ်ကူးရသည်။ အမျိုးသမီးများကလည်း ၃ ပိဿာခန့်စီ သယ်ပိုးခဲ့ရသည်။
နှစ်ယောက်တစ်တွဲအနေအထားဖြင့် ည ၈ နာရီခွဲတွင် ချောင်းဖြတ်ကူးစဉ် ဖုန်းမီး သို့မဟုတ် ဓာတ်မီးများ ယူဆောင်ခွင့် တားမြစ်ခံထားရသည်။
ချောင်းထဲသို့ ရောက်ကြသောအခါ ရေစိုမှုကြောင့် ၅ ပိဿာအိတ်သည် ၁၁ ပိဿာခန့် လေးလံသွားပြီး (၃) ပိဿာ အိတ်များသည် ၆ ပိဿာခန့် ဖြစ်သွားကြောင်း KNDF ၏ အစီရင်ခံတွင် ပါရှိသည်။
သင်တန်းသားများ ချောင်းဖြတ်ကူးချိန်တွင် ချောင်းရေသည် ရေတက်မြန်နေပြီး လူတစ်ဦး၏ ရင်စို့အထိ ရေတက်နေသည်။
သင်တန်းသား ရေနစ်သွားစဉ် ၃ ဦးကိုသာ ကယ်ဆယ်နိုင်ကြောင်း၊ ရေနစ်သူများကို ဆင်းကယ်သည့် သင်တန်းသားများပါ ရေထဲမျောပါသွားခြင်းဖြစ်ကြောင်း KNDF စုံစမ်းစစ်ဆေးရေးအဖွဲ့က ဆိုသည်။
KNDF ၏ အဓိက တွေ့ရှိချက်များ
သင်တန်းသားများ ရေနစ်သေဆုံးရမှုနှင့် ပတ်သက်၍ အဓိက အချက် (၅) ရှိသည်ဟု အစီရင်ခံစာတွင်ဖော်ပြသည်။
ပထမအချက်မှာ လေ့ကျင့်ရေး အစီအစဉ် မပြုလုပ်မီ ကျောင်းအုပ်နှင့် သင်တန်းဆရာ (၃) ဦးတို့သည် ဒေသနှင့် ဒေသဓလေ့ ထုံးတမ်းများကို သိရှိသော ရွာဥက္ကဋ္ဌ၊ ရွာခံများ၊ ဘာသာရေးအကြီးအကဲများနှင့် ကြိုတင်တိုင်ပင်ရန် ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။
ဒုတိယအချက်မှာ သင်တန်းကျောင်းအုပ်သည် သဘာဝဘေးအန္တရာယ် ကျရောက်နေမှုကို ညလေ့ကျင့်ခန်း ပြုလုပ်မည့် ဆုံးဖြတ်ချက်မချမီ အင်တာနက်အွန်လိုင်းမှတစ်ဆင့် သတိပြုမိထားပြီးဖြစ်သည်။
တတိယအချက်မှာ လေ့ကျင့်ရေးပြုလုပ်နေစဉ်တွင် သဘာဝဘေးဆိုင်ရာနှင့် ရေကြောင်းလမ်းဆိုင်ရာ မစ်ရှင်အတွက် အသက်အန္တရာယ် ထိခိုက်မှုအနည်းဆုံး ဖြစ်စေနိုင်မည့် နည်းနာ (သို့မဟုတ်) ဆန်းစစ်ချက်၊ ရေကြောင်းလမ်းဆိုင်ရာ လေ့ကျင့်ရေးအတွက် လိုအပ်သည့် အထောက်အကူ၊ ကျန်းမာရေး အရေးပေါ်ဆိုင်ရာ ကူညီစောင့်ရှောက်မှု၊ ကုသမှုပေးနိုင်သည့် ကျန်းမာရေးလုပ်သား၊ ကယ်ဆယ်ရေး လုပ်သားများ လုံးဝ ပြင်ဆင်ထားမှု မရှိခြင်းဖြစ်သည်။
စတုတ္ထအချက်မှာ သင်တန်းကျောင်းအုပ်အပါအဝင် သင်တန်းဆရာ ၂ ဦးသည် ညမစ်ရှင်ထွက်ရန် ဆုံးဖြတ်ချက်မချမီ အရက်၊ ဘီယာသောက်ထားခြင်းဖြစ်ပြီး ညမစ်ရှင်ကို သင်တန်းဆရာများ၏ တစ်သီးပုဂ္ဂလဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည် ဆိုသော အချက်ဖြစ်သည်။
ပဉ္စမ အချက်မှာ အမိန့်ပေးသူ သင်တန်းကျောင်းအုပ်နှင့် သင်တန်းဆရာသည် သင်တန်းသားများကို သေစေလိုသည့် ဆန္ဒမရှိသော်လည်း မစ်ရှင်အတွက် ကြိုတင်ပြင်ဆင်မှု လုံးဝမရှိခြင်း၊ ဖြစ်လာနိုင်ချေရှိသည့် ဘေးအန္တရာယ်နှင့် ပတ်သက်ပြီး တွက်ချက်မှု ပေါ့ဆခြင်း၊ စီမံခန့်ခွဲမှု ပေါ့လျော့ခြင်းနှင့် ဆုံးဖြတ်ချက်မှားယွင်းမှုများ ရှိနေခြင်းဖြစ်သည်။
အဆိုပါအချက်များကြောင့် ရလဒ်အဖြစ် သင်တန်းသား ရဲဘော်၊ ရဲမေ ၁၈ ဦးသေဆုံးရခြင်းဖြစ်ကြောင်း KNDF ဖြစ်စဉ်စုံစမ်းစစ်ဆေးရေးအဖွဲ့က ဆိုသည်။
ထိုဖြစ်စဉ်အတွက် တာဝန်ရှိသူများကို မည်ကဲ့သို့ ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း KNDF ဘက်က ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။
KNDF ဗဟိုပြန်ကြားရေးတာဝန်ခံ တာအယ်စိုးကမူ အရေးယူနိုင်ရန်အတွက် ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း Myanmar Now ကို ပြောသည်။