ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတွင် ဆေးသင်တန်းတက်နေသည့် တော်လှန်ရေးရဲဘော် ၁၈ ဦး စက်တင်ဘာ ၁၁ ရက်နေ့ညက တောင်ကျချောင်းရေနှင့်အတူ မျောပါ သေဆုံးသွားကြောင်း ကရင်နီတပ်မတော် (KA) ထံမှ သိရသည်။
မြေနိမ့်ပိုင်းဖြစ်သောကြောင့် ရေဘေးဒဏ် ပြင်းပြင်းထန်ထန် ခံလိုက်ရသည်ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။
“သူတို့ဆေးသင်တန်း လေ့ကျင့်နေတယ်သိရတယ်။ သူတို့နေ နေတဲ့ နေရာက တောင်ကြားမှာ တောင်ကျရေ တဟုန်ထိုးကျရေစီးတော့ သူတို့နေတဲ့ နေရာကိုရော ရေပြည့်သွားတယ်လို့ သိရတယ်” ဟု စစ်ရေးချုပ်က ဆိုသည်။
သေဆုံးသွားသူများမှာ KA လက်အောက်မှ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲဘော်များ၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်များ ဖြစ်ကြောင်း ပြောသည်။
ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှ ကျေးရွာတစ်ရွာအနီးရေလျှံမှုကြောင့် တောင်ကျရေနှင့်အတူ မျောပါသွားခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ပျောက်ဆုံးသွားသော ရဲဘော် ၁၈ ဦး၏ ရုပ်အလောင်းများကို ယမန်နေ့ကတည်း ရရှိထားကြောင်း သိရသည်။
ကြားကာလကရင်နီပြည်အုပ်ချုပ်ရေးကောင်စီ (IEC) ၏ အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်ကလည်း တောင်ကျရေကြောင့် ရဲဘော် ၁၈ ဦးရေထဲမျောပါ ပျောက်ဆုံးသွားသည်မှာ မှန်ကန်ကြောင်း Myanmar Now ကို အတည်ပြုသည်။
အဆိုပါကိစ္စရပ်နှင့်ပတ်သက်ပြီး ယနေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် KNDF က သတင်းထုတ်ပြန်ခဲ့သည်။
KNDF ဆေးဌာနက ကြီးမှူးဖွင့်လှစ်သော ဆေးသင်တန်းမှ သင်တန်းသားများ စက်တင်ဘာ ၁၁ ရက် ညနေ တွင် ချောင်းတစ်ခုကိုဖြတ်ကျော်ရန် ကြိုးစားအားထုတ်စဉ် ၁၈ ဦး ရေထဲသို့မျောပါကာ ဆုံးရှုံးခဲ့ကြောင်း ပါရှိသည်။
မတော်တဆဖြစ်စဉ်ကို KNDF ဗဟိုအနေဖြင့် လိုအပ်သည့်စုံစမ်းစစ်ဆေးမှု များပြုလုပ်သွားမည်၊ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များနှင့် မိဘပြည်သူများကို ထုတ်ပြန်အသိပေးသွားမည် ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
Myanmar Now က စုံစမ်းထားသည့် အချက်အလက်များအရ သေဆုံးသွားသည့် ရဲဘော် ၁၈ ဦးအနက် KNDF ရဲဘော် ၈ ဦး ၊ PDF တပ်ရင်းများဖြစ်သော ရှမ်းတောင်တပ်ရင်းများဖြစ်သော အမှတ် (၁၀၀၈) မှ ၃ ဦး ၊ အမှတ် (၁၀၀၅) မှ ၁ ဦး ၊ အမှတ် (၁၀၀၉) မှ ရဲဘော် ၁ ဦး ၊ မြို့ပြတော်လှန်ရေးတပ်ဦး (URF) မှ ရဲဘော် ၁ ဦးတို့ပါဝင်ကြောင်း ကနဦး သိရသည်။
KNDF (ဗဟို) က ဦးဆောင်ပြုလုပ်သည့် အဆိုပါဆေးပညာသင်တန်းသည် ဇွန်လဆန်းက ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး သင်တန်းကာလ ၆ လနီးပါးဖြစ်ကာ ကရင်နီပြည်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့အသီးသီးမှ ရဲဘော် စုစုပေါင်း ၆၀ ခန့် သင်တန်းတက်ရောက်နေခြင်း ဖြစ်သည်။
အဆိုပါသင်တန်းသားများကို သင်တန်းတာဝန်ရှိသူများက စက်တင်ဘာ ၁၁ ရက် ည ၈ နာရီတွင် ညပိုင်း လေ့ကျင့်ရေးထွက်ခိုင်းခဲ့ကြောင်း သတင်းရင်းမြစ် ၂ ခုထက်မနည်းက Myanmar Now ကို ပြောထားသည်။
ထိုသို့ စေလွှတ်ရာ သင်တန်းသားရဲဘော်များ၏ ခါးတွင် သဲအိတ် ၅ အိတ်ချိတ်ဆွဲစေကာ ကို ဖြတ်ကူးခိုင်း ရာမှ တောင်ကျချောင်းရေစီးလာမှုနှင့်ကြုံပြီး ရဲဘော်များ မျောပါသွားခြင်းဖြစ်ကြောင်း Myanmar Now က စုံစမ်း။
သင်တန်းသားရဲဘော်များက တောင်ကျရေ အရှိန်အဟုန်ပြင်းစွာစီးနေသဖြင့် ရှေ့ဆက်မသွားဘဲ နောက်ပြန်လှည့်လိုကြောင်း သင်တန်းကြီးကြပ်သည့် တာဝန်ရှိသူများထံ သတင်းပို့သော်လည်း တာဝန်ရှိသူများက ရှေ့ဆက် တိုးခိုင်းခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် ချောင်းကို ပထမဆုံးဖြတ်ကူးသည့် ရဲဘော် ၁၈ ဦးသည် ရေစီးနှင့် အတူ မျောပါသွားခြင်းဖြစ်ကြောင်း Myanmar Now ၏ သတင်းရင်းမြစ်များက ပြောသည်။
ယနေ့ (စက်တင်ဘာ ၁၃ ရက်) တွင် ရုပ်အလောင်းပြန်ရသည့် ရဲဘော် ၁၈ ဦးကို သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များက သင်္ဂြိုလ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရပြီး ထိုကိစ္စအတွက် သက်ဆိုင်သူများက တာဝန်ယူ ၊ တာဝန်ခံမှုရှိစွာ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြသည်။
လက်ရှိတွင် နိုင်ငံအနှံ့အပြားတွင် မိုးကြီးပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကာ သေဆုံးသူ ရာဂဏန်းအထိ ရှိလာသည်။အလားတူ ယနေ့ (စက်တင်ဘာ ၁၃) တွင် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ရေတာရှည်မြို့ရှိ ရေဘေးသင့်ပြည်သူများကို ကယ်ထုတ်သည့် နေပြည်တော် PDF တပ်ရင်း (၉၀၁)မှ ရဲဘော် ၂ ဦး ရေမျောပါပြီး ပျောက်ဆုံးနေကြောင်း ထို PDF တပ်ရင်းက ထုတ်ပြန်ထားသည်။