သတင်း

စစ်ဘေး၊ ရေဘေးသင့်နေချိန် စစ်မှုထမ်းအပတ်စဉ်(၆)အတွက် အတင်းအကျပ် လူသစ်စုနေ

စစ်ကောင်စီအာဏာတည်မြဲရေးအတွက် ရေဘေး၊စစ်ဘေးတို့နှင့် ရင်ဆိုင်နေကြရသည့် ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိအားပေးကာ တပ်သားသစ်အဖြစ် စုဆောင်းနေသည်။

ပြည်သူအများ ရေဘေးသင့်၊ စစ်ဘေးရှောင်နေရချိန် စစ်ကောင်စီအာဏာတည်မြဲရန် စစ်မှုထမ်းဥပဒေကို အသုံးချကာ စစ်တပ်လက်အောက်ခံများက နည်းမျိုးစုံဖြင့် စစ်သားစုဆောင်းနေကြောင်း စုံစမ်းသိရသည်။

ညအချိန်အိမ်ပြင်ပ ရောက်နေသူများကို ပေါ်တာဆွဲခြင်း၊ ဧည့်စာရင်းအကြောင်းပြကာ ဖမ်းဆီးခြင်း၊ စစ်ဝတ်စုံနှင့် ထောက်ပံ့ကြေးပေးကာ ဆွဲဆောင်ခြင်း၊ မိသားစုဝင်လူငယ်များ ပြည်ပရောက်၊မရောက် သက်သေပြခိုင်းခြင်းစသည့် နည်းလမ်းမျိုးစုံသုံးကာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းရန် အကျပ်ကိုင်နေသည်ဟု Myanmar Now က စုံစမ်းခဲ့သည့် မိသားစုဝင်များက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိပတ်အတွင်း ရေဘေးကြုံခဲ့ပြီး လူသေဆုံးမှုများ ပေါ်ပေါက်ခဲ့သည့် စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်တွင်ပင် အောက်တိုဘာလအတွင်း ခေါ်ယူမည့် စစ်မှုထမ်းအပတ်စဉ် ၆အတွက် စစ်မှုထမ်းရန် မိသားစုဝင်အချို့ ဖိအားပေးခံနေရသည်ဟု ဇဗ္ဗူသီရိမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

“စစ်မှုထမ်းအတွက်ပါတယ် အကြောင်းကြားပြီး ခုရေကြီးနေတဲ့ ရက်မှာပဲ သင်တန်းတက်ဖို့ဆိုပြီး ဝတ်စုံနှစ်စုံနဲ့ ထောက်ပံ့စရိတ် ငါးသောင်းဆိုပြီး လာပေးသွားတယ်” ဟု အထက်ပါ နေပြည်တော် ဒေသခံက ပြောသည်။

ထို့ပြင် နိုင်ငံခြားထွက်အလုပ်လုပ်သည့် လူငယ်များလည်း စစ်မှုထမ်းစာရင်းတွင်ပါဝင်သည်ဆိုကာ စစ်သား၊ရဲအပါအဝင် အုပ်ချုပ်ရေးမှူးများက Video Callခေါ်ခိုင်းကာ သက်သေပြခိုင်းသည်ဟုလည်း ပျဉ်းမနားမြို့နယ်နေ ဒေသခံတစ်ဦးက ပြောသည်။

“စစ်မှုထမ်းဖို့ ဝတ်စုံလာပေးတော့ မရှိဘူး၊ နိုင်ငံခြားမှာလို့‌ ပြောတော့ Video Call ခေါ်ပေးဆိုလို့ ခေါ်ပေးတော့၊ ဘယ်တော့ပြန်လာမှာလဲ၊ စစ်မှုထမ်းပါနေပြီ၊ ပြန်လာရမှာ၊ အဲ့လိုတွေပြောတာ” ဟု ၎င်းက ဆိုသည်။

အထက်ပါဒေသခံ ညွှန်းဆိုသည့် ယင်း၏မိသားစုဝင်လူငယ်သည် နိုင်ငံခြားထွက်အလုပ်လုပ်နေသည်မှာ ၂၀၂၀ ခုနှစ်အာဏာမသိမ်းခင်ကတည်းကဖြစ်ပြီး လေးနှစ်ကျော်ကြာမြင့်နေပြီဖြစ်သည်။

ရေဘေးသင့်ဒဏ် အပြင်းအထန်ခံခဲ့ရသည့် ပဲခူးတိုင်း တောင်ငူမြို့နယ်တွင်လည်း စစ်မှုထမ်းစာရင်းပါသည့် အမျိုးသားများကို စစ်သင်တန်းတက်ရောက်မည့် နေ့ရက်များကို

အသိပေးပြီး အသင့်ပြင်ဆင်ထားရန် အုပ်ချုပ်ရေးမှူးများက ဖိအားပေးနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“အိမ်က အောက်ပိုင်းပဲရေမြုပ်တာ၊ ရေဘေးပြီးတော့ အခုအိမ်က သားကို စစ်မှုထမ်းဆိုပြိး လာပြောသွားတာ၊ ကံဆိုးတော့လည်း တောက်လျှောက်ချည်းပဲ“ ဟု ၎င်းက ဆိုသည်။

ကယား(ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း ရေကြီးမှုကြောင့် ရေးဘေးရှောင်ရသည့် ဒေသခံအချို့ကို စက်တင်ဘာ ၂၀ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ − EPA)

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်တွင်လည်း စစ်မှုမထမ်းလို၍ တိမ်းရှောင်နေသည့်တိုင် မိသားစုဝင်များကို ဖိအားပေးကာ ပြန်လည်ခေါ်ယူမှုများရှိနေသည်ဟု တိမ်းရှောင်နေသည့် ပုသိမ်မြို့ခံ လူငယ်တစ်ဦးက ပြောသည်။

“မျက်စိရှေ့မှာတင် မိန်းမနဲ့ ကလေးနှစ်ယောက်ရှိတဲ့သူတွေလည်း စစ်မှုထမ်းဖို့ ပါသွားတော့ အိမ်ကမိဘတွေက ဒီမှာမနေနဲ့တော့ဆိုလို့ နေရာပြောင်းလာတာ၊ ပြည်ပလည်းထွက်မရတော့ ကျွန်တော်က ပိတိမိနေပြီ၊ဘာဆက်လုပ်ရမယ်တော့ မသိဘူး ” ဟု အသက် ၂၈နှစ်အရွယ် အမျိုးသားက ဆိုသည်။

အလားတူ မန္တလေးမြို့တွင်လည်း စစ်မှုထမ်းရန် ဆင့်ခေါ်ရာတွင် နေအိမ်များသို့ အကြောင်းကြားဖိအားပေးခြင်းအပြင် ညအချိန် နေအိမ်ပြင်ပရောက်နေသူများကို ပေါ်တာဆွဲခြင်း၊ ဧည့်စာရင်းအကြောင်းပြဖမ်းဆီးကာ စစ်ထဲဝင်ရန် ဖိအားပေးမှုများရှိနေသည်ဟု မြို့ခံများက ဆိုသည်။

စက်တင်ဘာ၂၆ ရက် မနက်၈နာရီခန့်တွင် မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်၊ နေပူရွာရပ်ကွက်၊ ရှမ်းဝိုင်းရပ်ကွက်တို့မှ  အသက်၂၀အရွယ် လူငယ်ခြောက်ဦးနှင့် မဟာအောင်မြေမြို့နယ် မဟာမြိုင်ရပ်ကွက်မှ အသက်၃၀အရွယ် လူငယ်နှစ်ဦးတို့၏ နေအိမ်များသို့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီး စစ်မှုထမ်းရန်စာရင်းပါသည်ဆိုကာ ဖမ်းခေါ်သွားသည်ဟု ဒေသခံများက ပြောသည်။

“အကုန်လူငယ်တွေချည်းပဲ၊ မဟာအောင်မြေမြို့နယ် တစ်ခုတည်းမှာကိုက ကျွန်တော်သိသလောက် ရှစ်ဦးရှိပြီ အခြားမြို့နယ်တွေလည်းရှိတယ်”ဟု အသက် ၃၀အရွယ် ဒေသခံအမျိုးသားက ပြောသည်။

စက်တင်ဘာ ၂၅ရက် ညပိုင်းကလည်း ပြည်ကြီးတံခွန်မြို့နယ်အတွင်း အိမ်စီးကားများဖြင့် ကင်းလှည့်လာသည့် စစ်သားများက လူငယ်ကိုးဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများက ဆိုသည်။ ထိုလူငယ်များ စစ်မှုထမ်းရန် ပေါ်တာဆွဲခံရသည်ဟု ဒေသခံများကယူဆနေကြပြီး အသေးစိတ်အခြေနေများကို သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

ထိုနေ့ ည ၈နာရီခန့်တွင်လည်း အောင်မြေသာစံမြို့နယ် လွှတ်တော်ရုံးအနီး စစ်ဆေးရေးဂိတ်မှ စစ်သားနှင့်ရဲများက လမ်းသွားလမ်းလာ အသက် ၃၀ အရွယ် လူငယ်တစ်ဦးကို စစ်ဆေးပြီး၊ ထိုးကြိတ်ရိုက်နှက်ကာဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးကလည်းပြောသည်။

“ဆိုင်ကယ်စစ်ရာကနေ မသင်္ကာလို့ဆိုပြီး ဖမ်းထားလိုက်တယ် တစ်ညလုံးထိုးကြိတ်ထားပြီးတော့ ဘယ်ကို ပို့လိုက်သလမသိဘူး။ မနက်ကျတော့ မိသားစုကဆက်သွယ်တော့ အဆက်အသွယ်မရဘူး စစ်မှုထမ်းခေါ်သွားတယ် ပြန်လွတ်ချင်ရင်ငွေနဲ့ရွေးရမယ်ဆိုပြီးပြောတယ်” ဟု ၎င်းက ပြောသည်။

ထိုဖမ်းဆီးခံရသူသည် ဖုန်းဆိုင်တစ်ဆိုင်မှ ဝန်ထမ်းဖြစ်ပြီး မိသားစုမှာလည်း စီးပွားရေးမပြေလည်ကြောင်း၊ ယခုအခါ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း မသိရဘဲ အဆက်အသွယ်ပြတ်တောက်နေသည်ဟုလည်း အထက်ပါ မိသားစုနှင့် နီးစပ်သူက ပြောသည်။

ယခုစက်တင်ဘာလအတွင်း မန္တလေးမြို့၌အကြောင်းမျိုးစုံဖြင့် ဖမ်းဆီးခံရသူ ၅၀ကျော်ရှိပြီး ထိုအထဲမှ ၄၂ဦးသည် စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသည်ဟု စုံစမ်းသိရကြောင်း မန္တလေးမြို့ မြေပြင်အခြေအနေများကို ကင်းထောက်ကာ ဖော်ပြပေးနေသည့် Voice Of Mandalay (Vomdy)အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းတို့စုစည်းထားသည့် အဖမ်းအဆီးသတင်းများအရ စက်တင်ဘာ ၁ရက်နေ့မှ ၂၆အထိ မန္တလေးမြို့ခံ လူငယ် ၄၃ဦးဖမ်းဆီးခံရပြီး ၄၂ဦးမှာ လူငယ်အမျိုးသားများဖြစ်ပြီး အမျိုးသမီး တစ်ဦးပါသည်ဟု ဆိုသည်။

အဆိုပါဖမ်းဆီးခံရသူများသည် ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ပြည်ကြီးတံခွန်မြို့နယ်မြို့နယ်များမှ လူငယ်များဖြစ်သည်ဟု Voice Of Mandalay တာဝန်ရှိသူက ပြောသည်။

နေပြည်တော်တွင်လည်း စက်တင်ဘာ နောက်ဆုံးအပတ်မှစ၍ ကျေးရွာအချို့တွင် ညအချိန် ပေါ်တာဆွဲ ဖမ်းဆီးခံကြရပြီးပျဉ်းမနားနှင့် ဇဗ္ဗူသီရိမြို့နယ် နှစ်ခု၌ လူငယ် ငါးဦးထက်မနည်း ခေါ်ဆောင်ခံရသည်ဟု ယင်းဖြစ်စဉ်ကို သိရှိသူ နှစ်ဦးကဆိုသည်။

အခြားတစ်ဘက်တွင်လည်း စစ်ကောင်စီသည် ရေဘေးသင့်ပြည်များနှင့် အိုးအိမ်ပျက်စီသေဆုံးသူများအတွက် ပြန်လည်ထူထောင်ရေးအစား သန်းခေါင်စာရင်းကောက်ယူ၍ ရွေးကောက်ပွဲလုပ်ကာ စစ်ခေါင်းဆောင် အာဏာတည်မြဲရေးသာ ကြိုးပမ်းနေသည်။

ရာဇီတိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် မြို့နယ် ၅၄မြို့နယ်ရှိပြီး လူဦးရေ တစ်သိန်း ၄သောင်းကျော် ရေဘေးသင့်ခဲ့ပြီး ၄၁၉ဦး သေဆုံးခဲ့ကြောင်း စက်တင်ဘာ ၂၅ရက်က စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းက ပြောဆိုထားသည်။

သို့သော် မြေပြင်တွင် ရေဘေးသင့်နှင့် သေဆုံးသူ အရေအတွက် ယင်းပမာဏက ပိုမိုများပြားနိုင်ကြောင်း ကူညီကယ်ဆယ်သူများက သုံးသပ်သည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တွင် ဆန့်ကျင်သူများပေါ်ပေါက်လာရာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကယား(ကရင်နီ) ပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီကို တော်လှန်နေသည်။

ထိုဒေသများရှိ ရာနှင့်ချီသော စစ်ကောင်စီတပ်စခန်းများ၊ မြို့များကိုလည်း တော်လှန်ရေးအင်အားစုများက သိမ်ပိုင်းထားသည်။ အထင်ရှားဆုံးအဖြစ် ဩဂုတ် လဆန်းပိုင်းတွင် လားရှိုးမြို့ကို ကိုးကန့် MNDAA တပ်ဖွဲ့က သိမ်းပိုက်ထားသည်။ စစ်ကောင်စီတပ်ကလည်း လားရှိုးမြို့ကို လေကြောင်းမှ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေသည်။ နိုင်ငံအနှံ့ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူများလည်း သန်းနှင့်ချီရှိနေသည်။

Show More

Related Articles

Back to top button