သတင်း

“ပြည်နယ်အစိုးရ တာဝန်တွေကို ၂၀၂၆ မှာ ပြည့်ပြည့်ဝဝ ထမ်းဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်” – အင်တာဗျူး

တိုက်ပွဲဖြစ်၊ ရေဘေးသင့်နေသော ကရင်နီပြည်နယ် (ကယားပြည်နယ်) အခြေအနေ အရပ်ရပ်ကိုကြားကာလ ကရင်နီပြည် အုပ်ချုပ်ရေးကောင်စီ (IEC) ဒုဥက္ကဋ္ဌ ခွန်းဘီထူးက ပြောပြထားသည်။

မိုးကြီး ရေလျှံနေသည့်  ကရင်နီပြည်နယ် (ကယားပြည်နယ်)တွင် တိုက်ပွဲများ ဖြစ်ပွားနေရာ  ဒေသခံတို့မှာ စစ်ဘေးရော၊ ရေဘေးပါ ပြိုင်တူခံနေကြရသည်။  

စစ်ကောင်စီသည် စက်တင်ဘာလ ပထမပတ်အတွင်း ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့ရှိ  စစ်ရှောင်စခန်း၊   နန်းမယ်ခုံမြို့ရှိ  ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ရုံးတို့ကို ဗုံးကြဲခဲ့သည်။

သဘာဝဘေးနှင့် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ရှိနေသော်လည်း ကြားကာလ ကရင်နီပြည် အုပ်ချုပ်ရေးကောင်စီ (IEC) သည် တရားဥပဒေစိုးမိုးရေးစီမံချက်ကို အကောင်အထည်ဖော်မည်ဟု စက်တင်ဘာ ၄ ရက်တွင် ကြေညာခဲ့သည်။

IEC ဖော်ဆောင်မည့် တရားဥပဒေစိုးမိုးရေး စီမံချက်၊ ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်၊   စစ်ရှောင်များ၏ အခြေအနေကို သိရှိနိုင်ရန် IEC ဒုတိယ ဥက္ကဋ္ဌ ခွန်းဘီထူးကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။

မေး –  လက်ရှိ ကရင်နီမှာ စစ်ဘေးရှောင်တွေရဲ့ အခြေအနေနဲ့ လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်ကရော ဘယ်လိုရှိပါသလဲ။ နိုင်ငံတကာရဲ့ အကူအညီတွေရော ဘယ်လောက်အထိ ရနေပြီလဲဆိုတာ ပြောပြပေးပါ။

ဖြေ –  ကရင်နီပြည်မှာက စက်တင်ဘာလ ပထမပတ်ထဲမှာပဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီးမော့ဆို၊ နန်းမယ်ခုံ တကြောမှာရှိတဲ့ ပြည်သူတွေ အလျင်အမြန်စစ်ရှောင်နေကြရတဲ့ အခြေအနေမျိုးရှိတယ်။ ပြီးရင်တော့ စက်တင်ဘာလ ဒုတိယပတ်ထဲမှာ မိုးကြီးတာတွေဖြစ်ပြီးတော့ ရှားတော၊ လွိုင်ကော်ဘက်အခြမ်းမှာ တံတားတွေ ရေမြှုပ်သွားသလို မယ်စဲ့ဘက်မှာလည်း သံလွင်မြစ်ကနေ ရေကြီးတဲ့အတွက် ရေမြှုပ်တာတွေ ကြုံရတယ်။ ဖယ်ခုံ၊ မိုးဗြဲဘက်မှာဆိုရင်လည်း ကြုံရတယ်။ အထူးသဖြင့် ဒီးမော့ဆို ချိုင့်ဝှမ်းမှာ စစ်ရှောင်ပြည်သူတွေ အများအပြားပေါ့၊ စစ်ရှောင်စခန်း ၈ ခုလောက်ရေလွှမ်းသွားတာတွေ ရှိတယ်။ စစ်ရှောင်အသေအပျောက်က လောလောဆယ်အထိ မရှိသေးပေမယ့် အထူးသဖြင့် ပြည်သူတွေ စစ်ရှောင်ရတဲ့အတွက် နေရာထိုင်ခင်း အခက်အခဲတွေ၊ သူတို့ရဲ့ စားနပ်ရိက္ခာတွေ ဆုံးရှုံးသွားသလို စိုက်ပျိုးထားတဲ့ သီးနှံတွေအများအပြား ထိခိုက်ပျက်စီးသွားတဲ့အခြေအနေမျိုးပေါ့၊ ကျွန်တော်တို့ကြုံရတယ်။

ဒီနေ့ ဒီအချိန်အထိ အရေးပေါ်ကယ်ဆယ်ရေးကိစ္စမှာ နိုင်ငံတကာအနေနဲ့ရော အလှူရှင်တွေဘက်ကရော တုံ့ပြန်မှုက နှောင့်နှေးနေဆဲပဲ ဖြစ်ပါတယ်။ နယ်စပ်ကနေ ဖြတ်ကျော်ပြီးတော့မှ အကူအညီပေးခွင့်ရနေတဲ့ အချိန်မျိုးမှာ တုံ့ပြန်မှုတွေက နှောင့်နှေးနေတုန်းပဲဖြစ်ပါတယ်။ ဒီနေ့ဒီအချိန်အထိ တပြည်နယ်လုံးအတွက် ပံ့ပိုးမှုတွေက အာမခံချက်မရှိတဲ့အတွက် ကျွန်တော်တို့ဘက်က လူထုတွေစားဝတ်နေရေးကို အားလုံးဝိုင်းဝန်းကူညီပေးဖို့ လိုအပ်တယ်။ အထူးသဖြင့် အရေးကြီးတဲ့ တော်လှန်ရေးကာလမှာ စစ်ကောင်စီဘက်က ဗုံးကြဲနေတဲ့အချိန်မှာ ကရင်နီပြည်က အကူအညီတွေလိုအပ်နေတယ်ဆိုတာကို ထပ်လောင်းပြီးမှ ဒီကနေလည်း ပြောလိုပါတယ်။ အကူအညီတွေ အမြန်ဆုံးပေးနိုင်ဖို့ကို ထပ်လောင်းပြီးတောင်းဆိုပါတယ်။


ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) နှင့် ကရင်နီပြည်ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ (IEC) ဖွဲ့စည်းပုံ။

မေး – စက်တင်ဘာ ၅ ရက်မှာ  ဖယ်ခုံမြို့နယ် လအိရွာကို ဗုံးကြဲလို့ အမျိုးသမီးနဲ့ ကလေး ၉ ဦးလောက်သေဆုံးခဲ့ရတယ်။ အဲဒီမတိုင်ခင်ကလည်း ဒီးမော့ဆိုအနောက်ခြမ်းမှာ ဗုံးကြဲသွားတာရှိတယ်။   ကရင်နီမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဘာကြောင့် ဖြစ်နေတယ်လို့ ထင်ပါသလဲ။

ဖြေ –  ဒီရက်ပိုင်းမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်သလို ကျွန်တော်တို့ ကရင်နီပြည်မှာဆိုရင်လည်း အရပ်သားတွေကို ဦးတည်တိုက်ခိုက်တဲ့ပုံစံက ပိုမိုပြီးမှ လုပ်ဆောင်လာတာဖြစ်ပါတယ်။ အရပ်သားပြည်သူတွေကို တိုက်ခိုက်တာက အရင်ကတည်းက ရှိတယ်။ ဒါပေမယ့် အခုလိုမျိုး မင်းအောင်လှိုင်ဘက်က နောက်ဆုံး မြေပြင်စစ်ဆင်ရေးမလုပ်နိုင်တဲ့အချိန်မှာ အရပ်သားတွေကိုလည်း တိုက်ခိုက်မယ်ဆိုတဲ့ ကြိမ်းဝါးသံပါတဲ့ သတင်းထုတ်ပြန်တာတွေ၊ မီဒီယာတွေအပေါ်မှာ ပြောဆိုတာတွေရှိတဲ့အတွက် ကျွန်တော်တို့ဘက်က ပိုပြီးတော့မှ စိုးရိမ်တယ်။ ကျွန်တော်တို့ဘက်က ကြုံခဲ့ရတာက စစ်ရှောင်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်တာတွေဖြစ်သလို ရဲစခန်းတွေကိုလည်း ဗုံးကြဲတိုက်ခိုက်တာမျိုးဖြစ်လာတဲ့အပေါ်မှာ ကျွန်တော်တို့ဘက်က (ကြေညာချက်တစ်စောင်) မဖြစ်မနေ ထုတ်ပြန်လိုက်ခြင်းဖြစ်တယ်။ အထူးသဖြင့် အရပ်သားပြည်သူတွေက ၈ ဦး၊ ၉ ဦးပေါ့။ ဒီရက်ပိုင်းမှာ သေဆုံးမှုဖြစ်တယ်။ 

အဲဒီလိုသေဆုံးမှုတွေ နောက်ထပ်တစ်ကြိမ်မဖြစ်ရအောင် လူထုတွေသတိရှိကြဖို့ရယ် ကတုတ်ကျင်းတွေ၊ ကာကွယ်နိုင်မယ့်နေရာတွေကို အမြန်ရှာဖွေလုပ်ဆောင်နိုင်ဖို့အတွက် သတိပေးလိုက်ခြင်းဖြစ်သလို စစ်ကောင်စီရဲ့ ယုတ်မာမှုတွေကိုလည်း မခန့်မှန်းနိုင်သေးတဲ့ အခြေအနေမျိုးမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးများသေဆုံးရခြင်းနဲ့ ပတ်သက်လို့ အခုလိုမျိုးသတိပေးထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။  

ဒါပေမယ့် ကျွန်တော်တို့ရဲ့တော်လှန်ရေးဆက်ပြီး အရှိန်နဲ့သွားနိုင်ဖို့ကို ကျွန်တော်တို့ဘက်က ဆက်ပြီးပြင်ဆင်နေတယ်။ စစ်ကောင်စီရဲ့ မြေပြင်တိုက်စစ်အားတွေ ဆုံးရှုံးတဲ့အချိန်မှာ ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေက ပိုပြီး အများအပြားဖြစ်လာနိုင်တဲ့အတွက် ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။

မေး –  လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ IEC က ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကို အချက် ၄ ချက်တောင်းဆိုထားတာတွေ့ရပါတယ်။ ဒီအချက်တွေက အရင်ကလည်း တော်လှန်ရေးအဖွဲ့တွေ တောင်းဆိုနေတဲ့အချက်တွေပါပဲ။  ဒီလိုတောင်းဆိုတဲ့အတွက် တိုးတက်မှုတစုံတရာ ရလိမ့်မယ်လို့ ထင်ပါသလား။

ဖြေ –  ကျွန်တော်တို့က Evidence (သက်သေအထောက်အထား) တစ်ခုရှိတိုင်းမှာ ထောက်ပြပြီးမှ နိုင်ငံတကာကို တောင်းဆိုဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာဘက်က လေယာဉ်ဆီတွေ စစ်ကောင်စီဘက်ကို ဆက်ပြီး ပံ့ပိုးကူညီနေတာ လုပ်နေသရွေ့ကတော့ အခုလိုမျိုး အရပ်သားပြည်သူတွေ စစ်ရှောင်ပြည်သူတွေ ဆက်ပြီးမှ သေဆုံးမှုတွေရှိဦးမယ်ဆိုတဲ့ အမြင်နဲ့ သက်သေနဲ့တကွထောက်ပြခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ တောင်းဆိုတဲ့အပေါ်မှာ အချို့သော နိုင်ငံတွေက စိတ်မကောင်းကြောင်းရယ်၊ ဒီထက်ပိုပြီးမှ တာဝန်ယူ၊ တာဝန်ခံမှုတွေ လုပ်ဆောင်သွားဖို့ အကြောင်းပြန်လာတာတွေရှိသလို အများစုက လစ်လျူရှုတဲ့အခြေအနေမျိုးရှိပါသေးတယ်။ ဒါကတော့ နိုင်ငံတကာဘက်က အခက်အခဲနဲ့ တုံ့ပြန်မှုတွေဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ နိုင်ငံတာကို သိရှိအောင်ထုတ်ပြန်ဖို့ တာဝန်ရှိသလို၊ ဖြစ်စဉ်တွေကို စနစ်တကျမှတ်တမ်းယူပြီးတော့မှ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို တရားစွဲဆိုနိုင်ဖို့အတွက် ခုနကပြောတဲ့ နိုင်ငံတကာ သိရှိနိုင်ဖို့အတွက် လုံလောက်တဲ့ ထုတ်ပြန်မှုတွေက လုပ်ရမယ့် တာဝန်ဖြစ်လို့ ကျွန်တော်တို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ နိုင်ငံတကာဘက်က ပျက်ကွက်နေသရွေ့ကတော့ ဒီလိုအမှုမျိုးတွေ ဆက်ပြီးတော့ ကြုံရမှာဖြစ်ပါတယ်။ နိုင်ငံတကာဘက်က ပိုပြီးတာဝန်ရှိတယ်ဆိုတာလည်း ထောက်ပြထားတာဖြစ်ပါတယ်။

မေး။  ။စစ်ကောင်စီဥက္ကဋ္ဌက စက်တင်ဘာ ၄ ရက်နေ့ လွိုင်ကော်လာတဲ့ခရီးစဉ်မှာ ကယားပြည်နယ်ကိုမူလအခြေအနေမျိုး တည်ငြိမ်အောင်လုပ်မယ်ပေါ့။ သန်းခေါင်စာရင်းကောက်နိုင်ဖို့နဲ့ တော်လှန်ရေးတပ်တွေ ဖျက်ဆီးသွားတဲ့အရာတွေကို ပြန်လည်ထူထောင်ရေး လုပ်မယ်ဆိုတာလည်း ပြောသွားပါတယ်။ ဒါကို ဘယ်လိုမြင်ပါသလဲ။ 

ဖြေ –  အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အကြီးအကဲ မင်းအောင်လှိုင် လာပြီးတော့မှ ပြောသွားတဲ့မိန့်ခွန်းပေါ့။ အဲဒါကို ကျွန်တော်တို့ဘက်က အထူးတလည်တုံ့ပြန်ဖို့ မရှိဘူး။ စစ်ကောင်စီရဲ့လေကြောင်းကနေ ဗုံးကြဲတဲ့ဟာတွေကြောင့်မို့လို့ပဲ မြို့တွေ ရွာတွေ ပျက်စီးသွားတယ်ဆိုတာ အားလုံးအသိပဲဖြစ်တယ်။ အခုလွိုင်ကော်မြို့ပတ်ချာလည်ကို စစ်ကောင်စီဘက်က ပြန်ပြီးထိန်းချုပ်တဲ့အနေအထားမှာ လွိုင်ကော်မြို့အဝင် အထွက်လမ်းတွေကိုလည်း ဘက်ဟိုးတွေနဲ့ မိုင်းတွေနဲ့ လုပ်နေတာကလည်း စစ်ကောင်စီပဲ ဖြစ်တယ်။ သူတို့လုပ်နေတဲ့ လုပ်ရပ်တွေအပေါ်မှာလည်း အထူးတလည်တော့ မှတ်ချက်မရှိဘူး။ ဒီကြားထဲမှာ စစ်ကောင်စီဘက်က သန်းခေါင်စာရင်းကောက်မယ်ဆိုတာကတော့ မဖြစ်နိုင်တဲ့ကိစ္စပဲပေါ့။ အထူးသဖြင့် လွိုင်ကော်မြို့ထဲမှာဆိုလည်း ရပ်ကွက် ၂ ခုစာလောက်ပဲပေါ့။ လူထုကနေထိုင်နေတာဖြစ်တယ်။ အဲဒီမှာပဲ သန်းခေါင်စာရင်းကောက်နိုင်မယ့်အနေအထားပေါ့။ 

စစ်ကောင်စီမှန်းထားတဲ့ လူဦးရေ လေးသိန်းကျော်ရှိတဲ့ တစ်ပြည်နယ်လုံးရဲ့ သန်းခေါင်စာရင်းတွေကတော့ စစ်ကောင်စီကောက်နိုင်ဖို့ လုံးဝမဖြစ်နိုင်ဘူးပေါ့။ စစ်ကောင်စီဘက်က ကြိုးစားပမ်းစား လွိုင်ကော်မြို့ကို လာပြီးတော့မှ သူ့ရဲ့တပ်တွေကို အားပေးတဲ့လုပ်ရပ်သာဖြစ်တယ်ပေါ့။ မက်လုံးပေးတဲ့ လုပ်ရပ်သာဖြစ်တယ်။ တကယ့်တကယ်ကလည်း အဲဒီရက်မှာ မင်းအောင်လှိုင်ရောက်လာတဲ့အတွက် လက်နက်ကြီးတွေနဲ့ လိုက်ပစ်လို့ သူ့ရဲ့သတ်မှတ်အချိန်ထက်စောပြီး ပြေးပြန်ရတဲ့ အခြေအနေမျိုး၊ မင်းအောင်လှိုင်ကိုယ်တိုင် ကြုံရတဲ့အခြေအနေမှာ ခုနက ပြောတဲ့မိန့်ခွန်းတွေ၊ မီဒီယာမှာပြောတဲ့ဟာတွေက ဖြစ်နိုင်ဖို့ လက်တွေ့နဲ့ အရမ်းဝေးကွာပါတယ်။ 

ကျွန်တော်တို့ပြည်နယ်ဘက်မှာတော့ စစ်ကောင်စီရဲ့လုပ်ငန်းစဉ်တွေ အောင်မြင်စရာ အထူးအထွေတော့မရှိဘူး။ လူထုတွေဘက်က တောင့်ခံပြီးမှ တော်လှန်ရေးအင်အားစုတွေရဲ့  လုပ်ငန်းစဉ်တွေကပဲ တဖြည်းဖြည်းနဲ့ပိုပြီးအောင်မြင်နေတယ်။ 

မေး –  လက်ရှိကရင်နီရဲ့ စစ်ရေးအခြေအနေဘယ်လိုဖြစ်နေတယ်ဆိုတာ ပြောပြပေးလို့ရမလားခင်ဗျာ။ 

ဖြေ –  တစ်နိုင်ငံလုံးမှာတော့ စစ်ကောင်စီဘက်က အသိမ်းခံရတဲ့  နယ်မြေတွေကို ပြန်ပြီးတော့မှ ထိန်းချုပ်ဖို့ပြင်ဆင်နေတယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေ တွေ့ရတယ်။ လက်ရှိအချိန်အထိဆိုရင် ပြီးခဲ့တဲ့နွေရာသီ လောက်ကတည်းက စစ်ကောင်စီစစ်ကြောင်းက လွိုင်ကော်မြို့တွင်းကနေ ဒီးမော့ဆိုကို ဆက်ပြီးထိုးနိုင်ဖို့ ကြိုးစားနေတုန်းဖြစ်တဲ့အတွက် စစ်ကောင်စီကြိမ်းဝါးထားတဲ့ အလုံးအရင်းနဲ့ စစ်ကြောင်းထိုးမယ်၊ အလုံးအရင်းနဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်မယ်ဆိုတာက ထင်သလောက်အရမ်းများတဲ့ အင်အားမဟုတ်ဘူး။ ဒီဟာကိုလည်း ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေဘက်က သတိထားပြီးစောင့်ကြည့်သင့်တယ်ပေါ့။ စစ်ကောင်စီဘက်က တပ်သားစုဆောင်းမှုအသစ်တွေလုပ်တဲ့အချိန်မှာ လက်နက်အင်အားတွေ ဘယ်လောက်တိုးလာသလဲဆိုတာ ကျွန်တော်တို့ ဘက်က စောင့်ကြည့်နေတယ်။ အခုအချိန်အထိကတော့ ထင်သာမြင်သာတဲ့ နယ်မြေထိန်းချုပ်မှုတွေနဲ့ ထိုးစစ်တွေ စစ်ကောင်စီဘက်က ကျွန်တော်တို့ပြည်နယ်မှာ လုပ်တာတော့ မတွေ့ရသေးပါဘူး။ 

မေး –  ကရင်နီတော်လှန်ရေးအင်အားစုတွေလုပ်တဲ့ ၁ လေးလုံးစစ်ဆင်ရေးက ပြီးသွားပြီလား။

ဖြေ –  လွိုင်ကော်မြို့ကနေပြီးတော့မှ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂ လလောက်ကနေ တပ်တွေပြန်ဆုတ်ခွာထားပြီးမှ မြို့ပြင် ဧရိယာတွေမှာ ပြန်ပြီးနေရာယူထားတယ်။ ပြည်နယ်ရဲ့မြို့တော်ကို အပိုင်သိမ်းယူဖို့အတွက် ကျွန်တော်တို့ စီမံချက်တွေ ပြန်ပြင်ဆင်ပြီးမှ လုပ်သွားဖို့ရှိပါတယ်။ ဒါကြောင့် ၁ လေးလုံးစစ်ဆင်ရေးက တစ်ပိုင်းရပ်သွားပြီးမှ စစ်ဆင်ရေးအသစ်တွေ ဆက်သွားမယ်။ အထူးသဖြင့် တစ်နိုင်ငံလုံးရဲ့ စစ်ဆင်ရေးနဲ့ ဟန်ချက်ညီညီပြန်လည်ပေါင်းစပ်နိုင်ဖို့ ကျွန်တော်တို့ ဆက်ပြီးကြိုးစားနေပါတယ်ဗျ။

၂၀၂၃ စက်တင်ဘာအတွင်းက တွေ့ရသော KNDF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-KNDF)

မေး –   IEC က စက်တင်ဘာ ၄ ရက်မှာ ကြေညာတဲ့ တရားဥပဒေစိုးမိုးရေး စီမံချက်က ဘာတွေပါဝင်ပါသလဲ။ ဘာလုပ်မှာလဲဆိုတာ ရှင်းပြပေးလို့ရမလားခင်ဗျ။

ဖြေ –  ကရင်နီပြည်မှာ ကျွန်တော်တို့ ထိန်းချုပ်တဲ့နေရာတွေက လူမှုရေး၊ စီးပွားရေးတွေ လည်ပတ်နေကြတယ်။ ဒီမိုကရေစီရဲ့ လွတ်လပ်ခွင့်အတိုင်း သင့်တော်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေကြတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း စစ်ကောင်စီကို တော်လှန်နေရတဲ့ ကာလဖြစ်တဲ့အတွက် လူမှုရေးအခက်အခဲတွေ၊ တခြားသော တရားဥပဒေစိုးမိုးရေးကိစ္စတွေက လိုအပ်နေဆဲပဲဖြစ်တယ်။ အဲဒီကြားထဲမှာ တချို့က လူတွေကြားမှာ မူးယစ်ဆေးဝါးဖြန့်ဖြူးတာ ရောင်းချတာတွေ ကြုံနေရတယ်။ ညမှာ မီးရောင်တွေနဲ့ ဆူညံပြီး KTV တွေ ဖြစ်ပေါ်ပြီးမှ အခြားသော လူမှုရေးအခက်အခဲတွေ၊ လူမှုရေးဖောက်ပြန်မှုတွေ တွေ့နေရတယ်။ နောက်ပြီးတော့ တော်လှန်ရေးကာလဖြစ်ပေမယ့် လက်နက်တွေက လူထုတိုင်းမှာ ဆောင်ထားပြီးတော့မှ မလိုအပ်ဘဲနဲ့ သေနတ်ဖောက်တာတွေ ကိုင်ဆောင်နေတာတွေ ရှိတယ်။ လက်နက်ပြပြီးတော့မှ တချို့အမှုတွေ တိုးလာတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ဘက်က တရားဥပဒေစိုးမိုးရေး စီမံချက်ဆိုပြီးတော့မှ ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။ 

ဒီထုတ်ပြန်မှုက ရဲအင်အားနဲ့ မလုံလောက်တဲ့အတွက် တပ်ဘက်က အထူးတပ်တွေပါဝင်ပြီးတော့မှ ထုတ်ပြန်ထားတဲ့ ပစ်မှတ်တွေကို ချေမှုန်းနိုင်ဖို့အတွက်ကို ရဲနဲ့ ကျွန်တော်တို့တပ်တွေ ပူးပေါင်းလုပ်ဆောင်သွားဖို့ ပြင်ဆင်ထားပါတယ်။ ထုတ်ပြန်ထားတဲ့ မူးယစ်ဆေးဝါးတွေ တရားမဝင်လက်နက်ကိုင်ဆောင်မှုတွေ၊ လူမှုရေးဖောက်ပြန်နေတဲ့ လုပ်ငန်းတွေကို ကျွန်တော်တို့ဘက်က အင်အားသုံးပြီး ဖြေရှင်းမှာဖြစ်ပြီးတော့ ဒီလုပ်ငန်းတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့ သတိပေးထုတ်ပြန်တာ လုပ်ခြင်းဖြစ်ပါတယ်။ မကြာခင်မှာ ကျွန်တော်တို့ဘက်က သင့်တော်တဲ့ အရေးယူမှုတွေလုပ်ဆောင်ပြီးတော့မှ တော်လှန်ရေးကာလမှာလည်း ကျွန်တော်တို့ ပြည်သူတွေက သင့်တော်တဲ့ စီးပွားရေးလုပ်ငန်းတွေပဲ လုပ်ကြဖို့ရယ်၊ တော်လှန်ရေးအောင်မြင်အောင် ဆက်လက်ပြီးမှ ဝိုင်းဝန်းပံ့ပိုးကြဖို့ တော်လှန်ရေးရဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ မူးယစ်ဆေးဝါးတွေ အကြမ်းဖက်မှုတွေ အခြားသော လူမှုရေးဖောက်ပြန်မှုတွေ လျှော့ချနိုင်ဖို့အတွက် လုပ်ငန်းစဉ်တွေ ချမှတ်လုပ်ဆောင်ခြင်းဖြစ်တယ်။ ကနဦးအနေနဲ့ ပြည်သူတွေကို အသိပေးထုတ်ပြန်ခြင်းဖြစ်ပါတယ်။

ကရင်နီပြည် ကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီ (Karenni State Interim Executive Council – IEC) အဖွဲ့ဝင်များ။ (ဝဲမှယာ) ဗညားခွန်အောင် (အတွင်းရေးမှူး ၂)၊ ခွန်းဘီထူး (ဒုဥက္ကဋ္ဌ)၊ ခူဦးရယ် (ဥက္ကဋ္ဌ)၊ ခူးပလုရယ် (အထွေထွေအတွင်းရေးမှူး)၊ ဇူးပဒုမ္မာ (အတွင်းရေးမှူး ၁)၊ မော်ဖိုးမြာ (ဘဏ္ဍာရေးမှူး)

မေး –   IEC ရဲ့ တားမြစ်ချက်ကို လိုက်နာခြင်းမရှိတဲ့သူတွေကို ဥပဒေနဲ့အညီ အရေးယူမယ်ဆိုတာ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ ကျူးလွန်သူတွေအတွက် အများဆုံးပေးနိုင်တဲ့ပြစ်ဒဏ်က ဘာဖြစ်မလဲ။ 

ဖြေ –  အဲဒါကတော့ တည်ဆဲဥပဒေတွေနဲ့ပဲ ကျွန်တော်တို့ တရားစွဲအရေးယူမှာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးဆိုရင် မူးယစ်ဆေးဝါးပုဒ်မတွေနဲ့ တရားစွဲအရေးယူမှာဖြစ်ပါတယ်။ တော်လှန်ရေးကို ထိခိုက်စေတဲ့ လူမှုရေးပြဿနာတွေ ဖြစ်စေတဲ့ဟာတွေဆိုရင်လည်း သတ်မှတ်ထားတဲ့ပုဒ်မတွေနဲ့ပဲ တရားစွဲဖို့ဖြစ်ပါတယ်။ အထူးအထွေတော့ ဥပဒေတစ်ရပ်ထုတ်ပြီး ပြဋ္ဌာန်းထားတာတော့ မရှိပါဘူး။ ဒါတွေကို လက်မခံနိုင်တဲ့အတွက် လူထုတွေဘက်က တောင်းဆိုလို့ အင်အားသုံးပြီးမှ ပြဿနာတွေဖြေရှင်းသွားဖို့ ထုတ်ပြန်တဲ့ အရာပဲဖြစ်ပါတယ်။

မေး –  IEC အနေနဲ့ တော်လှန်ရေးအပါအဝင် အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး ဘာတွေဆက်လုပ်သွားမလဲဆိုတာ ပြောပြပေးပါခင်ဗျ။

ဖြေ –  အရေးကြီးဆုံးကတော့ ကရင်နီမှာ တော်လှန်ရေးကို ဆက်ပြီးလုပ်ဆောင်နေတယ်။ သင့်တော်တဲ့ နယ်မြေထိန်းချုပ်မှုတွေ၊ သင့်တော်တဲ့ တော်လှန်ရေးအင်အားစုကြားက ညီညွတ်ရေး တည်ဆောက်တဲ့ကိစ္စတွေနဲ့ အာဏာရှင်စနစ် ဖြိုချတဲ့ကိစ္စတွေကို တစ်နိုင်ငံလုံးက တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပြီးတော့ ဆက်လက်ဆောင်ရွက်နေတယ်။ ဆက်လက်ပြီးမှလည်း ပူးပေါင်းဆောင်ရွက်ဖို့ရှိတယ်။ ဒီအခြေအနေမျိုးမှာ အခုဆိုရင်လည်း လူထုတွေစစ်ဘေးဒဏ်သင့်သလို ရေဘေးကြောင့် တစ်နိုင်ငံလုံးက လူထုတွေရော၊ ကရင်နီက လူထုတွေရော ကပ်ဘေးတွေရင်ဆိုင်နေရတယ်။ အဲဒီအတွက်ကို ကျွန်တော်တို့ အုပ်ချုပ်ရေးဘက်က အလျှင်အမြန်တုံ့ပြန်နိုင်ဖို့ ကြိုးစားနေတယ်။ စစ်ရှောင်ပြည်သူ ခန့်မှန်းခြေ သောင်းဂဏန်းလောက် ရေဘေးသင့်နေတဲ့ အတွက် အမြန်ဆုံးဖြေရှင်းပေးနိုင်အောင် ကြိုးစားနေပါတယ်။ ဒီဟာနဲ့အတူ ကျွန်တော်တို့က တည်ငြိမ်တဲ့ အုပ်ချုပ်ရေးတွေ လုပ်ဆောင်ရင်းနဲ့ တော်လှန်ရေးကို အရှိန်ကောင်းကောင်းနဲ့ ဆက်လည်ပတ်နိုင်ဖို့အတွက် ကြားကာလအုပ်ချုပ်ရေးကောင်စီက ကရင်နီပြည်အတိုင်ပင်ခံကောင်စီနဲ့ရော လွှတ်တော်တွေနဲ့ရော တိုင်ပင်ပြီးမှ ရည်မှန်းထားတဲ့အတိုင်း ဆက်လက်ပြီး လုပ်ဆောင်နေပါတယ်။ 

ဒီ့အပြင် ကြားကာလအုပ်ချုပ်ရေးကောင်စီဘက်ကနေ မကြာခင်မှာ ချေးငွေလုပ်ငန်းတွေ တိုးမြှင့်ပြီးမှ ပြည်သူတွေဆီကို ချေးငွေပေးနိုင်ဖို့အတွက် အတိုးအနည်းဆုံးနဲ့ အသင့်တော်ဆုံး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ဖို့အတွက် ချေးငွေတွေသော်လည်းကောင်း၊ စိုက်ပျိုးရေးနဲ့ စီးပွားရေးဘက်ကို ပိုပြီးမှ အားစိုက်လုပ်ဆောင်နေဖို့ ကြိုးစားနေတယ်။ ပြည်တွင်းကုန်သွယ်ရေးနဲ့ နယ်စပ်ကုန်သွယ်ရေးတွေကို အားဖြည့်ပြီးမှ လုပ်ဆောင်နေတယ်။ ဒါတွေအားလုံးက လူမှုစီးပွားရေးပြေလည်မှ တော်လှန်ရေးကို အရှိန်ကောင်းကောင်းနဲ့သွားနိုင်မှာ ဖြစ်သလို အုပ်ချုပ်ရေးရဲ့ တာဝန်တွေကို ပိုမိုကျေပွန်အောင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေအကုန်လုံးကို ၂၀၂၄ နဲ့ ၂၀၂၅ ထဲမှာ ဆက်လက်ပြီးမှ လုပ်ဆောင်နေတယ်။ လာမယ့် ၂၀၂၆၊ ၂၀၂၇ မှာ ကရင်နီပြည်ရဲ့ အုပ်ချုပ်ရေးက လူသော်လည်းကောင်း၊ တချို့သော အုပ်ချုပ်ရေးပုံစံတွေတိုးမြှင့်ပြီးမှ အုပ်ချုပ်ရေးကောင်စီ အခေါ်အဝေါ်နေရာကနေ တင်းပြည့်ကျပ်ပြည့် ပြည်နယ်အစိုးရပေါ့၊ ပြည်နယ်အစိုးရ တာဝန်တွေကို ၂၀၂၆ မှာ ပြည့်ပြည့်ဝဝ ထမ်းဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်။

Show More

Related Articles

Back to top button