ရှမ်းပြည်နယ်တောင်ပိုင်း၏ အပန်းဖြေမြို့တော်အဖြစ် လူသိများသည့် ကလောမြို့တွင် စက်တင်ဘာ ဒုတိယပတ်က ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အရေးပေါ် ကယ်ဆယ်ရေးအကူအညီ လုံလုံလောက်လောက် မရသေးသလို နေအိမ်များ၌ ပြန်လည်နေထိုင်ရန် မဖြစ်နိုင်သေးကြောင်း ဒေသခံများက ပြောသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စက်တင်ဘာ ၁၀ ရက်နေ့ နံနက်တွင် ကလောချောင်း ရေလျှံစဉ် မြို့ထဲရှိ လူနေအိမ်၊ စာသင်ကျောင်းနှင့် စျေးဆိုင်များသို့ ရေဝင်လာပြီး မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။
စက်တင်ဘာ ၁၄ ရက်နောက်ပိုင်း ရေပြန်ကျသွားပြီဖြစ်သော်လည်း တစ်ပေခန့်မြင့်သည့် နုန်းနှင့်ရွှံနွှံ များ တင်ကျန်ရစ်ခဲ့သောကြောင့် အချိန်ယူ ရှင်းလင်းရေးလုပ်ရဦးမည်ဟု ဒေသခံတို့က ဆိုကြသည်။
“ ရွှံ့နွှံထုကို ဆေးချဖို့ ရေ ကလောမှာမရှိဘူး။ ရေစည်ကားတွေနဲ့သွားသယ်ပြီး ရှင်းမှရမယ်။ ရေတွင်း ကလည်း ၉ တွင်းပဲ ရှိတယ်။ ရေစည်ကားကလည်း ကလောမှာ ၂ စီး ၃ စီးပဲ ရှိတယ်” ဟု ရေဘေးသင့် သူများကို ကူညီနေသည့် ကလောမြို့ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ စည်ပင်ဌာနက မြို့တွင်းအဓိကလမ်းမကြီးနှင့်စာသင်ကျောင်းတချို့တွင် ရှင်းလင်းရေး လုပ်ခဲ့သည်၊ လူနေရပ်ကွက်တွင် အပျက်အစီးများနှင့် ရွှံနွှံများ ရှိနေဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် ဒေသခံများ ဘုန်းကြီးကျောင်းများတွင် အချိန်အတော်ကြာကြာ ခိုလှုံရနိုင်ကြောင်း ၊ ၎င်း နေအိမ်မှာလည်း မျောပါပျက်စီးသွားကြောင်း ပြောသည်။
“နေဖို့အိမ် မရှိတော့ဘူး။ ပစ္စည်းတွေလည်း အကုန်ပါသွားတော့ ရေဘေးရှောင်စခန်းတွေမှာ လနဲ့ ချီပြီး နေရနိုင်တယ်”
ရပ်ကွက် (၂) ၊ (၃)၊ (၄) တို့တွင် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်သည်၊ နေအိမ် ၇၀၀ ခန့် ထိခိုက် ပျက်စီးသည်၊ ထိုအထဲတွင် တောင်ကျချောင်းရေနှင့်မျောပါကာ ပျက်စီးဆုံးရှုံးသည့် နေအိမ်၂၅၅ လုံး ပါဝင်သည်ဟု ကလောမြို့တွင် ရေဘေးကူညီနေသူများထံမှ သိရသည်။
လတ်တလောစာရင်းများအရ ရေဘေးသင့် ကလောမြို့ခံ ၄၀၀၀ ခန့်ရှိပြီး ထိုအထဲမှ ၇၀၀ ခန့်သည် မြို့တွင်းရှိ ဘုန်းကြီးကျောင်း ၁၁ ကျောင်းတွင် ခိုလှုံနေထိုင်နေရသည်။
ကလောမြို့ခံအများစုမှာ ဆွေမျိုး၊ မိတ်ဆွေတို့၏နေအိမ်များနှင့် နီးစပ်ရာတွင် မိမိအစီအစဉ်ဖြင့် ရွှေ့ပြောင်းနေထိုင်ကြကြောင်း၊ ယနေ့အချိန်အထိ ရေဘေးအကူအညီများ ရောက်လာခြင်း မရှိကြောင်း သိရသည်။
အနီးရှိအောင်ပန်းမြို့ဒေသခံအမျိုးသမီးတစ်ဦးက ၎င်းတို့သူငယ်ချင်းများစုပေါင်းကာ ကလောသို့ ယမန်နေ့ က သွားရောက်လှူဒါန်းခဲ့သည်ဟု ဆိုသည်။
“(ပျက်စီးတာ) တစ်မြို့လုံးနီးပါးပါပဲ။ ရပ်ကွက် (၃) ဘက်လည်း ပျက်စီးတာ များတယ်။ ရပ်ကွက် (၃) ဆိုတာ ဘူတာတဝိုက်ပေမဲ့ အတွင်းကျတယ်။ မြို့ထဲဝင်တာနဲ့ အကုန် အပျက်တွေကြီးပဲ။ အနံ့အသက် တွေ မကောင်းဘူး။ သွားရလာရ လမ်းတွေဆိုးတယ်” ဟု ၎င်းက ပြောသည်။
မြို့ပေါ်တွင် အမှိုက်များ၊ ရွှံ့နွှံများတင်ကျန်နေကာ အမြင့်ပိုင်းရှိနေအိမ်များပါ ရေဘေးဒဏ်ခံစားရ ကြောင်း ၎င်းက ဆိုသည်။
ယမန်နေ့က မိုးရွာသွန်းနေဆဲဖြစ်သည်၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေသလို တယ်လီဖုန်းလိုင်း များ ပျက်နေကာ စာတို (SMS) သာ ပေးပို့၍ ရကြောင်း ပြောသည်။
“ မီးတွေ မရကြသေးဘူး…. အခုထက်ထိ။ ဖုန်းက MPT SMS ပဲ ရတယ်။ တစ်ချက် တစ်ချက် ဆက်လို့ရ လည်း မကြားရဘူး”
“(ကလောက) အများစုက စောင် တောင်းကြတယ်။ အခြေခံ အမျိုးသမီးသုံးပစ္စည်း ဂွမ်းထုပ်၊ တစ်ရှူး၊ စားစရာ ဖိနပ်၊ အဝတ်အထည်၊ ဖယောင်းတိုင်တွေ ဝေပေးခဲ့တယ်” ဟု ၎င်းက ဆိုသည်။
ကလောမြို့အရှေ့မြောက်ဘက် ၉ မိုင်ကျော်အကွာတွင်ရှိသော အောင်ပန်းမြို့သည် ရေဘေးသင့်မှု ဆိုး ဆိုးဝါးဝါး မဖြစ်ပွားခဲ့ပေ။ ထိုမြို့တွင် ကရင်နီဒေသနှင့် လားရှိုးဘက်မှ စစ်ရှောင်အများအပြား ခိုလှုံ ရောက်ရှိနေသည်။
လက်ရှိတွင် ရေဘေးသင့် မြို့ခံများအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါး လုံလောက်ဆဲဖြစ်သော်လည်း ရွှံနွှံများနှင့် အပျက်အစီးများကို ရှင်းလင်းရန် ရေစုပ်စက်များ၊ ဘူဒိုဇာများနှင့် လုပ်အားအကူအညီများ လိုအပ်နေသည်ဟု ကလောမြို့တွင် လာရောက်ကူညီပေးနေသည့် လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့က ပြော သည်။
“ရေစုပ်စက်တွေနဲ့ ထိုးချပြီးတော့ လုပ်ဖို့ နည်းလမ်းတစ်ခုပဲရှိမယ်။ အဲဒါက အိမ်တိုင်းမရဘူး။ ချောင်း ဘေးနားမှာရှိတဲ့အိမ်တွေပဲ လုပ်လို့ရမယ်။ တစ်မြို့လုံးဖြစ်တာမို့လို့ အလုပ်သမားလည်း မရှိဘူး” ဟု ထိုအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကလောမြို့တွင် ရေဘေးကြောင့် သေဆုံးသူ ၁၀၀ ကျော်နိုင်သည်ဟု ဒေသခံများက ပြောသော်လည်း မြို့နယ်အခြေစိုက် ကြက်ခြေနီအဖွဲ့က ၁၃ ဦးသာရှိကြောင်း Myanmar Now ကို ပြောသည်။
ကလောတွင် သေဆုံးသူများ ရှိမရှိ စစ်ကောင်စီက ဆက်လက်ရှာဖွေခြင်း မရှိကြောင်း ရေဘေးကူညီနေ သူ အထက်ပါ မြို့ခံက ဆိုသည်။
“စစ်ကောင်စီဘက်က ရှာဖွေရေးဆက်မလုပ်ဘူး။ လုပ်တယ်ဆိုတာကလည်း ဓာတ်ပုံလိုက်ရိုက်ပြီး ပြန်တာ။ မြို့လယ်လမ်းမကြီးပေါ်မှာ လုပ်တယ်ဆိုရင် ဓာတ်ပုံရိုက်တယ်။ တစ်နာရီ နှစ်နာရီလောက် နေရင် ပြန်သွားပြီ” ဟု မြို့ခံက ပြောသည်။
သေဆုံးသူ ၁၀၀ ကျော်ရှိသည်ဟု ကြားရကြောင်း အထက်ပါအောင်ပန်းဒေသခံနှင့် ကလောမြို့ခံတို့က အသီးသီး ဆိုကြသည်။
“ပိုများတာပေါ့၊ တစ်ရာကျော်တယ်။ ရုပ်အလောင်းမရတာတွေ၊ ပျောက်ဆုံးတာ ရေထဲ ပါသွားတာရော။ အခုက ရွှံနွှံတွေကို ရှင်းလင်းရင်းနဲ့ ရှာနေတုန်းပဲ” ဟု ကလောမြို့ခံအမျိုးသားက ပြောသည်။
ကလောမြို့ကို ခရီးသွားမြို့အဖြစ် လူသိများကာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀၀၀ ကျော် တွင် တည်ရှိပြီး မြို့အရှေ့ဘက်တွင် အောင်ပန်းမြို့၊ အနောက်ဘက်သည် မန္တလေးတိုင်းနှင့် နယ်မြေ ထိစပ်လျက် ရှိသည်။
ကလောမြို့တွင် ရေကျသွားပြီဖြစ်သော်လည်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ အင်းလေးကန် တွင် ကန်ရေမြင့်တက်မှုကြောင့် ကျေးရွာပေါင်းရာနှင့်ချီပြီး ရေဘေးနှင့်ကြုံတွေ့နေရသည်ဟု အဆိုပါ ကူညီပေးသူ ကလောမြို့ခံက ပြောသည်။
“အင်းလေးမှာ ရေက တရိပ်ရိပ်တက်လာပြီး လူတွေနေလို့မရေတော့ဘူး။ ၉၅ ရာခိုင်နှုန်းလောက်က ကိုယ့်အိမ်မှာနေလို့မရဘူး။ ပုံမှန်ရေမျက်နှာပြင်ထက် ၁၀ ပေလောက် ပိုတက်လာတယ်”
အင်းတိမ်၊ မင်းချောင်းနှင့် အနီးတဝိုက်ရှိရွာငယ်များတွင်လည်း ယမန်နေ့အထိ အဆက်အသွယ် ပြတ်တောက်လျက်ရှိသည်ဟု ဆိုသည်။
ဒေသခံအများစုမှာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေရပြီး အချို့မှာ အင်းလေးကန်အနောက်ဘက် တောင်ခြေရှိ ရေလွတ်ရာ ကုန်းမြင့်ပိုင်းတွင် တဲများထိုး၍ ရွှေ့ပြောင်းနေကြသည်ဟု သိရသည်။
ရေနစ်မြုပ်လျက်ရှိသည့် ရွာများတွင် စားနပ်ရိက္ခာအကူအညီများ အဓိကလိုအပ်နေပြီး တချို့ရွာများ တွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေသည်။
‘ရာဂီ’ မုန်တိုင်းအရှိန်ကြောင့် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် အပါအဝင် မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် စက်တင်ဘာ ၉ ရက်မှ စတင်၍ မကြုံစဖူး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။
စက်တင်ဘာ ၁၁ ရက်မှ စတင်ပြီး ရွာသွန်းသော မိုးကြောင့် နိုင်ငံအနှံ့အပြားတွင် ရေကြီးနစ်မြှုပ်မှုများ ဖြစ်ပေါ်နေသည်။ စစ်ကောင်စီစာရင်းများအရ ရက်သတ္တပတ်တစ်ပတ်အတွင်း သေဆုံးသူ ၂၂၆ ဦး၊ ပျောက်ဆုံးသူ ၇၇ ဦး၊ တိမ်းရှောင်ရသူ ၄ သိန်း ရှိသည်ဟု သိရသည်။
ရေဘေးသင့်ထားသော ကလောမြို့အခြေအနေအား စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ- ပေးပို့)