သတင်း

နေပြည်တော် တပ်ကုန်းမြို့နယ်တွင် လူ ၁၀၀ ကျော် အစာအဆိပ်သင့်မှုဖြစ်

နေပြည်တော်တွင် ရေဘေးသင့်သူများအတွက် လှူဒါန်းထားသည့် အစားအသောက်ကြောင့် ဆေးရုံသို့ အရေးပေါ်သွားရောက်ပြီး ကုသမှုခံယူရသူ အများအပြား ရှိနေသည်။

ရေကြီးနစ်မြုပ်မှုဒဏ် ခံခဲ့ရသည့် နေပြည်တော် တပ်ကုန်းမြို့နယ်၊ ချောင်းခြားကျေးရွာတွင်  ယမန်နေ့ (စက်တင်ဘာ ၁၇) ညနေပိုင်းက ဒေသခံနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များအပါအဝင် လူ ၁၀၀ ကျော် အစာအ ဆိပ်သင့်မှု ဖြစ်ပွားခဲ့သည်။

လာရောက်လှူဒါန်းထားသော ဒံပေါက်နှင့် ဟင်းများကို စားသောက်ခဲ့သူ အများစု ညနေ ၄ နာရီခန့်တွင်  ပျို့အန်၊ ဝမ်းသွား၊ ခေါင်းမူးကြကြောင်း၊ ထိုအထဲတွင် သက်ကြီး ရွယ်အိုများနှင့်  ကလေးများလည်း ပါဝင်ကြောင်း သိရသည်။ 

တပ်ကုန်းမြို့နယ် ခုတင်(၁၀၀) ဆေးရုံ အပါအဝင် ဆေးရုံ ဆေးခန်းများတွင် ကုသမှု ခံယူခဲ့သည်ဟု  ဆေးရုံသို့ ကူညီပို့ဆောင်ခဲ့သူ အမျိုးသားတစ်ဦးလည်း ပြောသည်။

“ဒံပေါက်တွေစားပြီး ပျို့အန်ကုန်တာပေါ့၊ ညက ချက်ချင်း ကုတင် ၁၀၀ ကို ကားတွေနဲ့ သယ်ပြီးတော့ အခု ကောင်းသွားလို့ ပြန်ပို့နေပါပြီ” ဟု သူက ပြောသည်။

တပ်ကုန်းမြို့နယ် ခုတင်(၁၀၀) ဆေးရုံတွင် လူ ၆၀ ကျော် ၊ ကလေးရောဂါအထူးကုဆေးရုံကြီး (နေပြည် တော်)နှင့် ဘုန်းကြီးကျောင်းများရှိ ဆေးခန်းများတွင် ဦးရေ ၅၀ ကျော် စုစုပေါင်း ၁၀၀ ကျော်ကို ကုသရန် ပို့ဆောင်ပေးခဲ့ကြောင်း တပ်ကုန်းမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

“အစားစုံတာရယ်၊ ဒံပေါက်နဲ့ မတည့်တာတွေကို တွဲစားမိပြီး အစာမှားတာလို့တော့ သတ်မှတ်ထားတယ်၊ ဒံပေါက်ကို ဓာတ်ခွဲစစ်ပြီးမှ အဖြေအတိအကျ သိရမှာ” ဟု ၎င်းက ပြောသည်။

အစာအဆိပ်သင့်သည့် ရွာသည် တပ်ကုန်းမြို့နှင့် အလှမ်းဝေး၍ ညသန်းခေါင် ၁၂ နာရီထိ ကျန်းမာရေး ဝန်ထမ်းများက ကုသပေးခဲ့ရပြီး အသက်အန္တရာယ်ရှိသည့် အခြေနေတွင်ရှိမနေဘဲ အစားမှားခြင်း ဖြစ်ကြောင်း ဆေးရုံမှတာဝန်ရှိသူများက မှတ်ချက်ပေးသည်ဟု ၎င်းက  ဆက်ပြောသည်။

စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက အလှူရှင်များ လာရောက်လှူဒါန်းသော ဒံပေါက်၊ ကြက်သားအာလူး ဟင်း၊ ဘဲဥခရမ်းချဉ်သီးချက်များအား စားသောက်အပြီး ညနေပိုင်းတွင် ဝမ်းလျှောခြင်း၊ အော့အန်ခြင်း အစရှိသော အစာအဆိပ်သင့် ရောဂါလက္ခဏာများ ဖြစ်ပွားသဖြင့် ပြင်ပ လူနာ ၅၀ ဦး၊ အတွင်းလူနာ ၆၅ ဦးအား ကုသပေးခဲ့ကြောင်း ၊ လူနာများအခြေအနေ သက်သာကောင်းမွန်လျက်ရှိကြောင်း ယနေ့ ထုတ် ပြန်ထားသည်။

အစာအဆိပ်သင့်သူ တပ်ကုန်းဒေသခံများအား ဆေးကုသမှုပေးနေစဉ် ။ (ဓာတ်ပုံ- စစ်ကောင်စီ ပြန်ကြားရေး)

ရေကြီးမှုဒဏ် ခံခဲ့ရသည့် မြို့နယ်များတွင် တင်ကျန်နေသော နုန်းမြေများမရှင်းလင်းရသေးဘဲ သောက် သုံးရေ  အခက်အခဲများကြောင့် ဝမ်းရောဂါ  ဖြစ်ပွားလာနိုင်သည့်အတွက် ဆေးဝါးလိုအပ်ချက်များ ရှိနိုင်ကြောင်း တပ်ကုန်းမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

တပ်ကုန်းမြို့နယ်ရှိ အစာဆိပ်သင့်မှုကို နမူနာယူ၍ အခြားမြို့နယ်များတွင်လည်း မသန့်ရှင်းသည့် အစား သောက်များနှင့် ကြာရှည်မခံသည့် အစားသောက်များကို မလှူဒါန်းရန်  ပျဉ်းမနားမြို့နယ်တွင် ပရဟိတကူညီနေသူ အမျိုးသားတစ်ဦးကလည်း ပြောသည်။

“ရပ်ဝေးကနေ ချက်ပြုတ်ပြီး လာလှူတာ၊ ရက်ကြာပြီး မကောင်းတာမျိုးတွေရှိတော့ လှူတဲ့သူတွေလည်း သတိထားသင့်ပါတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

တပ်ကုန်းမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့်  ရုပ်အလောင်း ၄၅ လောင်း ရရှိထားပြီး ဖော်ထုတ်မရသေး သည့် ရုပ်အလောင်းများနှင့် ပျောက်ဆုံးသူများလည်းရှိနေသေးကြောင်း ကူညီနေသော၊ အချက်အလက် ပြုစုနေသော ဒေသခံတစ်ဦးက ပြောသည်။

“ရာဂီ” မုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာ ၉ ရက်မှ စတင်ပြီး မိုး ရွာသွန်းခဲ့၍ နိုင်ငံအနှံ့အပြားတွင် ရေကြီးနစ်မြှုပ်မှုများ ဖြစ်ပေါ်နေသည်။  စစ်ကောင်စီစာရင်းများအရ  ရက်သတ္တပတ်တစ်ပတ်အတွင်း သေဆုံးသူ ၂၂၆ ဦး၊ ပျောက်ဆုံးသူ ၇၇ ဦး၊ တိမ်းရှောင်ရသူ ၄ သိန်း ရှိသည်ဟု သိရသည်။

Show More

Related Articles

Back to top button