နိုင်ငံအလယ်ပိုင်း မန္တလေးမြို့မှ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦး ဖမ်းဆီးနှိပ်စက်ခံရပြီး သေဆုံး၊ အလောင်းဖျောက်ခံရသည်ကို မိသားစုက တစ်လကြာမှ သိရကြောင်း ဒေသခံများ၊ မိသားစုနှင့် နီးစပ်သူများက ပြောသည်။
ဆေးသုတ်လုပ်ငန်း လုပ်ကိုင်သော ကိုအောင်မြင့်မြတ်သည် ဇူလိုင် ၁၇ ရက်နေ့ ညနေက ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာမှ နေအိမ်တစ်လုံးသို့ သွားရောက်ဆေးသုတ်ပြီး နာရီဝက်ခန့်သာ မောင်းနှင်ရသည့် မန္တလေးမြို့သို့ ပြန်ခဲ့ရာ လမ်းတွင် ပျောက်ဆုံးသွားသည်ဟု သိရှိရသည်။
မိသားစုဝင်နှင့် မိတ်ဆွေများက စိတ်ပူပန်စွာဖြင့် စုံစမ်းကြရာ ကိုအောင်မြင့်မြတ်သည် ပုသိမ်ကြီးမြို့နယ်၊ ကျောက်မီးကျေးရွာရပ်ကွက်အုပ်ချုပ်ရေးရုံးတွင် ဖမ်းဆီးခံခဲ့ရကြောင်း ကနဦးသိရှိရာမှ ဆက်လက်စုံစမ်းရာ ယင်းညတွင်ပင် ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း အဆိုပါရုံးက ပြောသည်ဟု ကိုအောင်မြင့်မြတ်၏ မိတ်ဆွေတစ်ဦးက Myanmar Now ကို ပြောသည်။
“သူတို့ ဖမ်းပြီးစစ်ဆေးတာ မှန်တယ်။ ည ၁၁ ခွဲလောက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ လိမ်ပြောတယ်။ ဒါပေမယ့် အိမ်ကို လူက ပြန်ရောက်မလာခဲ့ဘူး” ဟု ထိုသူက ဆိုသည်။
ယင်းနောက် မိသားစုဝင်များနှင့် မိတ်ဆွေများက ဆက်လက် စုံစမ်းရာ ဖမ်းဆီးခံရသည့်နေ့ကတည်းက ရိုက်နှက်ဒဏ်ရာများစွာဖြင့် သေဆုံးသွားပြီဖြစ်ကြောင်း ဩဂုတ် ၁၄ ရက်နေ့တွင် သိရှိခဲ့ရသည်ဟု ပြောသည်။
ထိုရပ်ကွက်ရုံးရှေ့ စစ်တပ်စစ်ဆေးရေးဂိတ်တွင် ရှိသူများက သေဆုံးမှုကို အတည်ပြုခဲ့သည်ဟု သိရကြောင်း အသက် ၃၀ အရွယ် မိတ်ဆွေအမျိုးသားက ဆိုသည်။
“ခဏခဏ မေးနေတော့မှ ဝန်ခံလိုက်တယ်လို့ သိရတယ်။ ဟုတ်တယ်၊ သူတို့စစ်ဆေးရာကနေ အဲဒီညကတည်းက လက်လွန်သေဆုံးသွားတယ်ပေါ့။ ဒဏ်ရာတွေနဲ့ အလောင်းပုံကို ဓာတ်ပုံပဲ ပြတယ်လို့ ကြားတယ်။ ကျန်တဲ့အသေးစိတ်တော့ မသိဘူး” ဟု သူက ပြောသည်။
Myanmar Now က ရရှိခဲ့သည့် ကိုအောင်မြင့်မြတ် ရုပ်အလောင်းပုံတွင် လက်မောင်းနှစ်ဖက်၊ လည်ပင်း၊ ရင်ဘတ်တို့တွင် အညိုအမည်း သွေးစို့နေသည့်ဒဏ်ရာများ ရှိနေသည်ကို တွေ့ရသည်။
မိသားစုနှင့်နီးစပ်သူ နောက်တစ်ဦးက ကိုအောင်မြင့်မြတ်ကို အဆိုပါ ကျောက်မီးကျေးရွာရပ်ကွက်ရုံးရှိ လူများက သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရိုက်နှက်နေချိန်၌ ကိုအောင်မြင့်မြတ်က ၎င်း၏ ဇနီးမှာ ကိုယ်ဝန်အရင့်အမာဖြင့် ဆေးရုံတက်ရန် လိုအပ်နေ၍ ပြန်လွှတ်ပေးရန် မေတ္တာရပ်ခံခဲ့သည်ဟု သိရကြောင်း ဆိုသည်။
“ပြန်သိရတာတော့ သူက သူ့မိန်းမကလည်း ကိုယ်ဝန်အရင့်အမာကြီးနဲ့မို့ အသနားခံတယ်။ ပြီးတော့ သူ နိုင်ငံရေးနဲ့ မပတ်သက်ကြောင်းလည်း ပြောတယ်လို့ သိရတယ်” ဟု မိသားစုနီးစပ်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ဘာပဲဖြစ်ဖြစ်လေ ခုလို လမ်းသွားလမ်းလာပြည်သူတစ်ဦးကို ဥပဒေမဲ့ အကြောင်းမရှိ ဖမ်းဆီးပြီး ရိုက်နှက်တာက အတော်ဆိုးရွားတဲ့လုပ်ရပ်ပဲ။ စိတ်လည်းမကောင်းဘူး”
ပျောက်ဆုံးချိန်မှ ယနေ့အချိန်အထိ ကိုအောင်မြင့်မြတ်၏ ရုပ်အလောင်းကို ပြန်မရခဲ့ဘဲ ၎င်းတွင် ဇနီး မမေဇင်နှင့် လူမမည် သားတစ်ဦး၊ မွေးကင်းစ ကလေးတစ်ဦး ကျန်ရစ်ကြောင်း သိရသည်။
ရုပ်အလောင်းကို ပြန်မရရှိသော်လည်း မိသားစုဝင်များက ဩဂုတ် ၁၇ ရက်နေ့တွင် မန္တလေးမြို့ ဓမ္မဓရဝါဆိုကျောင်းတိုက်၌ တစ်လပြည့် ရက်လည်ဆွမ်းကပ်ခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်များက ဆိုသည်။
Myanmar Now က ဇနီးသည် မမေဇင်ကို ဆက်သွယ်မေးမြန်းရာ ၎င်း၏ခင်ပွန်းသည် သေဆုံးမှုနှင့် ပတ်သက်ပြီး ဖြေဆိုရန် ငြင်းဆန်သည်။
ပုသိမ်ကြီးမြို့နယ် ကျောက်မီးကျေးရွာအုပ်ချုပ်ရေးရုံးသည် မန္တလေးနှင့် ပြင်ဦးလွင်မြို့အကြားတွင် တည်ရှိပြီး လမ်းသွားလမ်းလာများကို စစ်ဆေးရာတွင် အကြမ်းဖက်ရိုက်နှက်သည်ဟု လူသိများသည်။
ယင်းရုံးရှေ့ ဂိတ်တွင် အသက်၂၀ အောက်အရွယ် စစ်ယူနီဖောင်းဝတ် လူငယ်များနှင့် ပျူစောထီး ခေါ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ စောင့်ကြပ်စစ်ဆေးကြပြီး လမ်းသွားလမ်းလာများကို ငွေညှစ်ကြသည်ဟု ဒေသခံများက ပြောကြသည်။
လွန်ခဲ့သည့် တစ်လခန့်ကလည်း အဆိုပါရပ်ကွက်ရုံးရှေ့ ဖြတ်သန်းမိသည့် ဆိုင်ကယ်စီးလူတစ်စုကို ရပ်တန့်စေရာ တစ်ဦး ထွက်ပြေးသဖြင့် ကျန်လူများကို လက်ထိတ်ခတ်ဖမ်းဆီးပြီး ငွေညှစ်ရာ ငွေကျပ် သိန်း ၃၀ ခြိမ်းခြောက်တောင်းခံပြီးနောက် ပြန်လွှတ်ပေးလိုက်ကြောင်း မန္တလေးဒေသခံတစ်ဦးက Myanmar Now ကို ထိုစဉ်က ပြောထားသည်။
စစ်တပ်က ငွေတောင်းယူသည်၊ နှိပ်စက် သတ်ဖြတ်သည်ဟူသော ပြောဆိုချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက်ရယူနိုင်ခြင်း မရှိသေးပေ။
စစ်မီးဝိုင်းနေသည့် မန္တလေးမြို့တွင် မြို့အတွင်းမြို့အပြင် စစ်ကောင်စီရပ်ကွက်ရုံးနှင့် စစ်ဆေးရေးဂိတ်များတွင် လမ်းသွားလမ်းလာ အရပ်သားပြည်သူများ အနိုင်ကျင့်ခံရသည့် သတင်းများ မကြာခဏ ထွက်ပေါ်နေသည်။
ဩဂုတ်၂၇ ရက် ညပိုင်းကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု (၁) (ဇ) ရပ်ကွက်တွင် အလုပ်မှ ပြန်လာသည့် အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်နှစ်ဦးကို ယင်းရပ်ကွက်ရုံးရှေ့ စစ်တပ်ဂိတ်က စစ်ဆေးရန် တားဆီးရာမှ ဆိုင်ကယ်ရပ်တန့်မပေးသဖြင့် ပစ်ခတ်ခဲ့ရာ နှစ်ဦးစလုံး ဦးခေါင်းထိပြီး သေဆုံးဖူးသည်။
စစ်ဆေးရေးဂိတ်များ အဓိက ဖမ်းဆီးသည်မှာ အာဏာသိမ်းမှု ဆန့်ကျင်သူ၊ စစ်ကောင်စီကို လက်နက်ကိုင် ခုခံသူဟု ယူဆရသူများ ဖြစ်သည်။
ယခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဘုံသာကျေးရွာ ဘုန်းကြီးကျောင်းရှိ သိမ်ကို ဆေးသုတ်နေသည့် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားသုံးဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ပြီး အလောင်းများ ပြန်မရခဲ့ပေ။
သတ်ဖြတ်ခံရသူများမှာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှ အသက် ၂၇ နှစ်အရွယ် ကိုဟိန်းမင်းနိုင်နှင့် ၃၀ ဝန်းကျင်အရွယ် အခြားလူငယ်နှစ်ဦးတို့ ဖြစ်ကြသည်။
ဖမ်းဆီးမှု၊ သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး လက်လှမ်းမီသမျှ စောင့်ကြည့် မှတ်တမ်းတင်နေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စက်တင်ဘာ ၁၃ ရက် ထုတ်ပြန်ချက်အရ စစ်ကောင်စီနှင့် ၎င်း၏နောက်လိုက်များကြောင့် သေဆုံးခဲ့ရသူ အရေအတွက် ၅၆၅၄ ဦး အနည်းဆုံးရှိသည်ဟု သိရသည်။
စစ်ကောင်စီကမူ ထိုအသင်းက ထုတ်ပြန်သည့် ကိန်းဂဏန်းများ မှန်ကန်မှုမရှိဟု ယခင်က တုံ့ပြန်ဖူးသည်။